၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Thursday 23 August 2018

||< တမန်တော် (၁၂) ပါး >||

(၁) ပေတရု (မ ၁၀း၂၊ ယော ၁း၄၂) ယောန၏သားဖြစ်သည်။ အနြေ္ဒ၏ အစ်ကိုလည်းဖြစ်သည်။ တံငါ သည်ဖြစ်၍ အိမ်ထောင်သည် တစ်ဦးဖြစ်သည်။ ဂါလိလဲပြည်၊ ကပေရနောင်မြို့၌ နေထိုင်သည်။ ရှိမုန်ပေတရု (သို့) ကေဖ ဟု အမည်ရသည်။ ကေဖ၏ အ ဓိပ္ပာယ်မှာ ကျောက် ဖြစ်သည်။ တမန်တော်တို့၏ ခေါင်းဆောင်ဖြစ်သည်။ နာဇရက်မြို့သား ယေရှုသည် အဘယ်သူဖြစ်သည်ကို ပထမဦးဆုံး သိမြင်သူဖြစ်သည်။ အဂြိပ္ပမင်း ၏ မောင်းမလေးဦးနှင့် 
ဧကရာဇ်ဘုရာင် အယ်ဘိန မြတ်နိုးသော မိဖုရား ဇန်သစ်ပီသည် ပြောင်းလဲ၍ ခရစ်ယာန်ဖြစ်လာသည်။ ထိုကြောင့် ပေတရုကို သတ်ရန် ဆုံးဖြတ် ကြသည်။ ထိုကြောင့် ရောမမြို့မှ ထွက်ခွာ တိမ်ရှောင်ရန် လာစဉ် သခင်ယေရှု ရောမမြို့ထဲ ဝင်လာသည်ကို ရူပါရုံဖြစ်သောကြောင့် သူတိမ်ရှောင်သော ကားတိုင်ကို ထမ်းရွက်ရန် ပြန်လာခဲ့သည်။ သူ၏ ဇနီးအား သူ့ရှေ့တွင် ကွက်မျက် ခဲ့သည်။ မိမိ၏ အရှင်သခင်ကဲ့သို့ လက်ဝါးကပ်တိုင်၌ ရိုက်ခြင်းငှာ မထိုက်တန်သောကြောင့် ဇောက်ထိုးထား၍ ကွပ်မျက်ရန် တောင်းဆိုလေသည်။
(၂) အနြေ္ဒ (မ ၁၀း၂၊ ယော ၁း၄၀) ပေတရု၏ ညီဖြစ်သည်။ 
အစဦး၌ အနြေ္ဒသည် နှစ်ခြင်းဆရာယောဟန်၏ တပည့်ဖြစ်သည်။ သူ၏ အစ်ကိုနှင့်အတူ နေထိုင်ပြီး ပေတရုအား သခင်ယေရှုထံ ပို့ဆောင်ပေးပြန်သည်။ (ယော ၁း၄၀-၄၂)။ ထို့အပြင် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင် ပါသောကလေးငယ် (ယော ၆း၈-၉) ဟေလသလူ (ယော ၂း၂၀-၂၂) အချို့တို့ကို ယေရှုထံသို့ ပို့ဆောင်ပေးသောသူ ဖြစ်သည်။ အနြေ္ဒသည် အေဂျီရ၏ ဇနီး မက်စီမီလာ ၏
 ရောဂါ ပျောက်စေခဲ့သည်။ ထို့ပြင် အေဂျီးရ၏ညီ စတာရတိုခဲ၏ အစေအပါး၏ ရောဂို ပျောက်စေခဲ့သည်။ ထိုကြောင့် အေဂျီရဇနီးနှင့် ညီတို့သည် ခရစ်ယာန်ဖြစ်လာသည်။ ထိုကြောင့် အနြေ္ဒကို ကွပ်မျက်လိုက်ရန် အမိန့်ချသည်။ လက်ဝါးကပ်တိုင်၌ သံမှိုမစွဲဘဲ ကြိုးဖြစ်သာတုပ်နှောင်ပြီး အစာငတ်၊ ရေငတ်၊ လေထဲ၊ မိုးထဲ၌ ပစ်ထားစေသည်။ သူ၏ အရှင်သခင်ကဲ့သို့ လက်ဝါးကပ်တိုင်၌ အသေ သတ်ခြင်း ကို မခံဘဲ အမြှောက်လက္ခဏာ ကြက်ခြေခတ်သဏ္ဍာန်ရှိ ကားတိုင်တွင် သတ်ပါဟု တောင်းဆိုခဲ့သည်။
(၃) ယာကုပ် (မ ၃း၁၇၊ လုကာ ၈း၅၁)  
 ဇေဗေဒဲ၏သား ယောဟန်၏အစ်ကို ဖြစ်သည်။ တံငါသည်ဖြစ်၍ 
အတော်အသင့် ကြွယ်ဝသည်။ ထင်ပေါ်ကျော်ကြားလိုစိတ် ရှိသည်။ ဟေရုဒ် မင်းကြီးသည် သင်းဝင်သူအချို့တို့ကို ညှင်းဆဲသောအခါ ယာကုပ်ကို 
ဓားဖြင့် ကွပ်မျက် ခဲ့သည်။ (တ ၁၂း၁-၂)။ တမန်တော်များထဲတွင် 
မာတုရသရဖူကို ပထမဆုံး ရရှိသူ ဖြစ်သည်။ 
(၄) ယောဟန် (မ ၃း၁၇၊ ယော ၂၁း၂၀) ယောဟန်သည် ဇေဗေဒဲ၏သား ယာကုပ်၏ညီ ဖြစ်သည်။ ဗတ္တိဇံဆရာ ယောဟန်၏ တပည့် ဖြစ်သည်။ သခင်ယေရှုနှင့် အနီးကပ်ဆုံး ဆက်ဆံသူ တပည့်ဖြစ်သည်။ 
အလွန် ဒေါသကြီး သူ ဖြစ်သည်။ စိတ်ခက်ထန်သော ပုဂ္ဂိုလ် 
တစ်ဦးဖြစ်သည်။ သခင်ယေရှု၏ လက်တော်အောက် ၌ မေတ္တာရှင်တစ်ပါး
 ဖြစ်လာ သည်။ မယ်တော်မာရိကို ကြည့်ရှုစောင့်ထိန်းရန် သခင် ယေရှု၏ မှာကြားခြင်း ခံရသည်။ မယ်တော်မာရိ သေဆုံးသည်အထိ သားအရင်း
အချာကဲ့သို့ စောင့် ရှောက် ခဲ့သည်။ မယ်တော် မာရိ သေဆုံးပြီးနောက်
 ရောမမြို့သို့ သွား ရောက်ကာ အမှုဆောင်သည်။ 
ဧဖက်မြို့၌ အိုမင်းသည်အထိ အမှုဆောင် ခဲ့သည်။ ယောဟန်
 သေဆုံးသောအခါ မြေမြှပ်သဂြိုလ်ကြသည်။ ယောဟန်သည်
င်္သချိုင်း မှာပင် အသက်ရှင်လျက် ရှိသည်ဟု ပြောစမှတ်ရှိသည်။ 
 (၅) ဖိလိပ္ပု (မ ၁၀း၃၊ ယော ၆း၅) သခင်ယေရှု၏ ပထမဆုံး အခေါ်ခံရသော ပုဂ္ဂိုလ်ဖြစ်သည်။ ဗက်ဇဲဒမြို့သားဖြစ်ပြီး၊ တံငါသည် ဖြစ်သည်။ 
ဖိလိပ္ပုက “မဖြစ်နိုင်ဘူးဟူသောစိတ်ဓာတ်” က ပိုမိုအားအားကြီးစွာ 
ခိုအောင်းလျက် ရှိသည်။ မြွေကြီးတစ်ကောင်ကို ကိုးကွယ်သော 
“ဟေရပေါလိ” ၌ ဧဝံဂေလိတရားတော် ကို ဟောပြောသောကြောင့် 
မြို့ဝန်သည် အမျက်ထွက်၍ ဖိလိပ္ပု၏ အဝတ်အထည်များကို ချွတ်၍ခြေမျက်စိ
 နှင့် ပေါင်များကို သံချွန်ဖြင့် ထိုးဖောက်ပြီး ဇောက်ထိုးဆွဲချိတ်ကာ နှိပ်စက်ညှင်းပန်း ခဲ့သည်။ ဖိလိပ္ပုသည် မခံနိုင်သောကြောင့်မြေကြီးကို အမိန့်ပေးသဖြင့် မြို့သူမြို့သား လူပေါင်း ခုနှစ်ထောင် ကို မြေမျိုလေသည်။ ထိုအခါ သခင်ယေရှုပေါ်လာပြီး ဖိလိပ္ပုကို ဆုံးမပြီး မြေမျိုသူများ ကို ပြန်လည် အသက်ရှင်စေခဲ့သည်။ သူမှားကြောင်း ဝန်ခံပြီး သူသေဆုံးသောအခါ 
လူ၏ အလောင်းကို ပိတ်ထည်နှင့် မရစ်ဘဲ ကျူပင်မှ ပြုလုပ်သော စက္ကုဖြင့် ရစ်ပတ်ပြီး သဂြိုလ်ရန် မှာကြားသည်။ သူမှာကြားသည့်အတိုင်း 
သူ့ကို မြှပ်နှံကြသောအခါ ဖိလိပ္ပု အသက်သရဖူကိုရပြီ ဟု
 ကောင်းကင်မှ ကြွေးကြော်သံ ကြားရသည်။
 (၆) ဗာသောလမဲ သို့မဟုတ် နာသနေလ (မ ၁၀း၃၊ ယော ၂၁း၂)
တမန်တော် ၁၂ပါးမှ တစ်ပါးဖြစ်သည်မှ လွဲ၍ မှတ်တမ်းတင်ထားခြင်း မရှိပါ။ ဖိလိပ္ပုနှင့် တွဲ၍ ဖော်ပြခြင်း ခံရသည်။ ဗာသောလမဲသည် မျိုးရိုးအမည်
 ဖြစ်ပြီး (ဗာ= ၏သား)၊ နာသနေလသည် ကိုယ်ပိုင် အမည်ဖြစ်သည်။ 
(၇) သောမအမြွာပူး (ဒိဒုမု) (မ ၁၀း၃၊ ယော ၂၁း၂) သောမသည် အမြွာညီအစ်ကို နှစ်ဦးမှ တစ်ဦးဖြစ်ဟန်တူသည်။ သောမနှင့် ဒိဒုမု
ဟူသော အမည်မှာ အာရမိနှင့် ဂရိဘာသာစကား၌ “အမြွာ” ဟူသော 
စကားလုံးမှ လာသည့်အမည် ဖြစ်သည်။ သောမသည် ခံစားချက်များကို 
ပွင့်လင်းစွာ ဖော်ပြ တတ်သူဖြစ်သည်။ ယုဒလူများ သတ်မည့်ဘေးမှ လွတ်မြောက်ရန် ယုဒပြည်မှ ထွက်ခွာပြီးမှ ပြန်လည်သွားရောက်ရန် ယေရှုဆုံးဖြတ်စဉ် ယေရှုနှင့်အတူ သူုတို့အားလုံး အသေခံကြရန် သောမ
အဆိုပြု ခဲ့သည်။ ယေရှုသွားရမည့် ခရီးကို မသိကြောင်း ပြောဆို သည်။
 နောက် ဆုံး ယေရှုရှင်ပြန်ထမြောက်ကြောင်းကို မယုံခဲ့ပေ။ ယေရှုနှင့်
 တွေ့ဆုံပြီးမှ ယုံကြည်ခဲ့သည်။ ဧဝံဂေလိတရားတော် ကို အိန္ဒိယပြည်၌
 ဟောစဉ် ထိုအရပ်၌ နေသော သူတို့က မနာ လိုသောကြောင့် ကျောက်ခဲနှင့် ပစ်သတ်ရန် လှုပ်ဆော်ခဲ့သည်။ နောက်ဆုံး လှံရှည်ဖြင့် ထိုးသတ် လေသည်။
(၈) မဿဲ သို့မဟုတ် လေဝိ (မ ၁၀း၃၊ လု ၅း၂၇)  
လူတိုင်း စက်ဆုပ်ရွံရှာခြင်း ခံရသောသူဖြစ်သည်။ အခွန်ခံဖြစ်သောကြောင့် ဖြစ်သည်။ ယေရှုကို စတင်တွေ့ရှိချိန်က ဂါလိလဲအိုင်နားရှိ ကပေရနောင်မြို့တွင် မဿဲ ထိုင်နေသည်။ ဝင်ငွေကောင်းခဲ့ပြီး အိမ်ကြီး တစ်ဆောင် ကိုလည်းပိုင်ဆိုင်သည်။ ယေရှုနှင့် တွေ့ခဲ့ပြီး မိမိပိုင်ဆိုင်သမျှကို
 စွန့်ကာ ယေရှုနောက် သို့လိုက် ခဲ့သည်။ ယေရှုရှင်ပြန်ထမြောက်ပြီးနောက် အသင်းတော် တည်ဆောက်ရာတွင် ပါဝင်လှုပ်ရှား ခဲ့သည်။ 
ရှင်မဿဲ ခရစ်ဝင်ကျမ်းကိုလည်း ရေးသားခဲ့သည်။
(၉) ယာကုပ် (မ ၁၀း၃၊ တ ၁း၁၃) သမ္မာကျမ်းစာ၌ အာလဖဲ၏သား 
ယာကုပ်ဟူ၍ ပါရှိသည် သူ့အကြောင်းကို ဘာမျှ ဖော်ပြခြင်း မရှိချေ။ 
 (၁၀) သဒ္ဒဲ (မ ၁၀း၃၊ လု ၁၆း၆) သဒ္ဒဲမှာ ယာကုပ်၏သားဖြစ်ပြီး၊ 
ယုဒမှာ အခြားအမည်သာဖြစ်သည်။ ထိုအပြင် လေဗဲဟူ၍လည်း ခေါ်သည်။ 
 (၁၁) ရှိမုန် ဇေလုတ် (မ ၁၀း၎၊ လု ၆း၁၅) ရှိမုန်ဇေလုတ်၏ အခြား
အမည်များမှာ အာရမစ် ဘာသာစကားအရ “ကာနနိတ်လူ” ၊ ဂရိ ဘာသာစကားအရာ “ဇေလုတ်” ဟူ၍ လည်းကောင်း သိကြသည်။ သူ၏ 
အမည်မှာ စိတ်အားထက်သန် သည့်ဘဝကို ဖော်ပြသည်။ ရောမအစိုးရကို ဆန့်ကျင်သည့် ဇေလုတ်အဖွဲ့ဝင် ဖြစ်သည်။ ရှိမုန်သည် ရောမ လူမျိုး၊ 
ထိုသူတို့နှင့် ပတ်သက်သူများကိ လိုက်သတ်နေသူ ဖြစ်သည်။နောက်ဆုံး ပါရှားပြည်၌ မှော် ဆရာ နှစ်ဦးကြောင့် အလွန်ကြီးမားသော ကျောင်းဆောင်ပြိုကျပြီး ကွယ်လွန်သွားခဲ့သည်။ အစဦး၌ မုန်းစိတ်ထားသော
 ပုဂ္ဂိုလ်သည် မေတ္တာစိတ်နှင့် အဆုံးသတ်သွားသည်။
 (၁၂) ယုဒရှကာရုတ် (မ ၁၀း၎၊ လု ၂၂း၄၈) ကိုယ်တော်ကို အပ်နှံသူဖြစ်သည်။ ဘဏ္ဍာထိန်းဖြစ်ပြီး ဆင်းရဲသူများအတွက် လှူ ဒန်းသည့် ငွေများကို တာဝန်ယူရသည်။ ထိုငွေထဲမှ အချို့ကို မိမိကိုယ်ကျိုးအတွက် ခိုးယူခဲ့သည်။ ယေရှုအား မာရိက ဆီဖြင့် လိမ်းကျံခြင်းကို ကဲ့ရဲ့အပြစ်တင်သည်။ 
မိမိအမှားကို ပြင်ရန်မကြိုးစားဘဲ သတ်သေခဲ့သည်။ ယုဒသည် လယ်တောထဲသို့သွားကာ မိမိကိုယ်ကို ဆွဲကြိုးချသည်။ ဝမ်းဗိုက်ပေါက်ပွဲပြီး သေဆုံးသွားသည်ဟု ထင်၏။ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိသောအခါ ယုဒပြန်ပေးသည့်ငွေဖြင့် အိုးထိန်းသမား၏ မြေကွက် တစ်ကွက်ကို 
ဝယ်ပြီး သဂြိုလ်သည်။ ထိုမြေကို သွေးမြေဟု ခေါ်ပြီး တစ်ပါး
အမျိုးသားတို့အတွက် သုသာန် ဖြစ်လာသည်။

||< ခရစ်ယာန်အသက်တာအစ ဆယ်ဖို့တစ်ဖို့က >||

ခရစ်ယာန်တို့၏ အသက်တာတွင် ပေးလှူ ခြင်းပုံစံ အမျိုးမျိုး ရှိသည့် အနက် ဆယ်ဖို့ တစ်ဖို့ ပေးလှူ ခြင်းနှင့် စပ်လျဉ်း၍ အယူအဆ ကွဲပြား နေတတ်ပါသည်။ စာရေးသူအနေဖြင့် မိမိအတွေ့အကြုံ နှင့် လေ့လာမိသရွေ့ ဝေမျှတင်ပြ လိုပါသည်။ စာရေးသူအနေဖြင့် ဆယ်ဖို့တစ်ဖို့ (T I T H E S) ကို အောက်ပါအတိုင်း အနက် ဖွင့်ဆို ဖော်ပြ လိုပါသည်။ 
T. Thanks offering to God recognizing that the Lord
 God is most high. ဆယ်ဖို့တစ်ဖို့ ပေးလှူ ခြင်းဆိုသည်မှာ
 ဘုရားသခင်သည် အမြင့်ဆုံးသောဘုရား ဟု သိရှိလျက် ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်အတူ ၎င်းတို့ ခံစားရသော ကောင်းချီးများမှ ဆယ်ဖို့တစ်ဖို့ကို ပေး လှူ ခြင်းဖြစ်သည်။ ဤပေးလှူ ခြင်းသည် ဣသရေလမျိုး နွယ်ထံသို့ ဘုရားသခင်ထံမှ ပညတ်တစ်ရပ် အနေဖြင့် မရောက်ရှိမီကပင် ပေးလှူ ခြင်းဖြစ်သည်။ အာဗြံသည် သူ၏တူလောတကို ဖမ်းဆီးခေါ်ဆောင် သွားသော ခေဒေါရလောမာမင်းနှင့် အပေါင်းအပါကို တိုက်ခိုက် အောင်မြင်၍ ပြန်လာရာလမ်း၌ ရှာလင်မင်းကြီး မေလခိဇေဒက်ကို ပေးလှူ ခဲ့သည်။ ဤမင်းကြီးသည် အာဗြံအတွက် ဘုရားသခင်ထံမှ ကောင်း ချီး တောင်းခံလျက် ကောင်းချီးပေးခြင်းနှင့်အတူ အမြင့်ဆုံးသောဘုရားသခင်ကို ချီးမွမ်းမြွက်ဆို သောကြောင့် အာဗြံသည် ရှာလင်မင်းကြီးကို တိုက်ပွဲမှ သိမ်းယူ ရရှိသောပစ္စည်းများမှ ဆယ်ဖို့တစ်ဖို့ကို
 ပေးလှူ ခဲ့သည်။ (ကမ္ဘာ ၁၄း၁၇-၂၀)။ ရှာလင်မင်းကြီး မေလခိဇေဒက် ဆယ်ဖို့တစ်ဖို့ ခံယူသောအချိန်၌ ဣသရေလမျိုးနွယ် တို့ထံမှ ဆယ်ဖို့တစ်ဖို့ ခံယူသော ယဇ်ပရောဟိတ်အရာကို ခံယူသော လေ၀ိသားတို့ 
မမွေးဖွားသေးပါ။ (ဟေဗြဲ ၇း၁၀) ။ 
 I.Tithing Law came to the Israelite from God under the Law of Moses. ဘုရားသခင်သည် ဣသရေလမျိုးနွယ်တို့အား ဆယ်ဖို့တစ်ဖို့ ပေးလှူရန် မောရှေမှ တစ်ဆင့် မိန်မြွက်ခဲ့သည်။ ဘုရားသခင်သည် ဣသရေလမျိုးနွယ်ကို ဆယ်ဖို့တစ်ဖို့ပေးလှူ ခြင်း အမှုဆောင်ရွက်ရန် တိကျ ပြတ်သားသော ရည်ရွယ် ချက်များဖြင့် မိန့်မြွက်ခဲ့သည်။ ယဇ်ပရောဟိတ်အရာ ခံသော လေ၀ိအမျိုး အနွယ်တို့သည် ဣသရေလအမျိုးသားတို့၏ နေရာပြည်၌ အမွေခံရာမြေ မရှိဘဲ ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ရသည်။ ထိုကြောင့် လေ၀ိ မျိုးနွယ်တို့သည် သက်မွေးဝမ်းကြောင်းအတွက် ကိုယ်ပိုင်နှင့် လယ်ယာလုပ်ငန်း လုပ်ကိုင်ရန် အချိန်မရှိပါ။ သို့ဖြစ်ရာ ဣသရေလအမျိုးအနွယ်တို့ သည် လေ၀ိအမျိုး သားတို့အား သူတို့၏ကောင်းချီးများမှ ဆယ်ဖို့တစ်ဖို့ ပေးလှူ ရသည်။ လေ၀ိသားတို့ သည်လည်း ဆယ်ဖို့တစ်ဖို့ ခံယူသောအခါ ထိုအဖို့ကို ပြန်၍တစ်ဖို့ကို ယဇ်ပရောဟိတ်ကို လှူ ရသည်။ (တော ၁၈း၂၀)။ ထိုအပြင် အပိုစုဆောင်းသော ဆယ်ဖို့တစ်ဖို့ (additional tithes) စနစ်ကိုလည်း တစ်ပါးအမျိုးသား၊ မိဘမရှိသော သူငယ်၊ မုဆိုးမတို့အတွက်လည်း ဥပုသ်နှစ်များအလိုက် (Sabbatical Cycle) ပေးလှူရန် မိန့်မြွက်ခဲ့သည်။ (တရား ၁၄း၂၈-၂၉) 
H. Having received blessings from God by obeying His Command. အချိန်ကြာညောင်းသည်နှင့်အမျှ ဣသရေလမျိုးနွယ်တို့သည် ဆယ်ဖို့ တစ်ဖို့ ပေးလှူခြင်းအမှု၌ လိုက်နာမှု လျော့ရဲလာသည်။ ပရောဖက်မာလခိ ပေါ်ထွန်း သောအချိန် အချို့သော လေ၀ိသားတို့သည် လယ်ယာများသို့ သွားရောက်လုပ်ကိုင် အသက်မွေးဝမ်းကျောင်း ပြုခဲ့ကြရသည်။ ထိုကြောင့် ဘုရားသခင် သည် ပရောဖက် မာလခိမှတစ်ဆင့် မိန့်ဆိုသည်မှာ “ဤပညတ်ချက်ကို မလိုက်နာသောသူကို ကျိန်ခြင်း အမင်္ဂလာ ရောက်ရှိမည်။ လိုက်နာသောသူများ အပေါ်၌ ကောင်းချီး မိုးရွာမည်။ မြေ၊ အသီးအနှံ တို့ကိုလည်း ပိုးမွှားဘေးမှ ကာကွယ်မည်။ သူတို့၏ စပျစ်သည်လည်း အသီးမသီးဘဲ မနေ” ဟူသော ကတိတော်များ နှင့် အတူ မိန့်ဆိုခဲ့သည်။ (မာလခိ ၃း၉-၁၁) အထူးသတိပြု သင့်သည်မှာ အကြွေစေ့၌ ခေါင်းနှင့်ပန်း မျက်နှာစာနှစ်ခု ဒွန်တွဲပါရှိ သကဲ့သို့ ပညတ်ချက်အောက်တွင် ဆယ်ဖို့တစ်ဖို့ ပေးလှူ ခြင်းအမှု၌ “ကောင်းချီးမင်္ဂလာ” နှင့် “ကျိန်ခြင်းအမင်္ဂလာ” ဒွန်တွဲလျက်နေသည်ကို အထူး သတိပြု သင့်သည်။ (မာလခိ ၃း၉) 
E. Explanation of "curse" and "blessing" “ကျိန်ခြင်း” နှင့် “ကောင်းချီးမင်္ဂလာ” ၏ အနက်အဓိပ္ပာယ်ကို ဆက်လက် လေ့ လာကြပါစို့။ Word Bible Dictionary အရ “ကျိန်ခြင်း” ဆိုသည်မှာ ဘုရား သခင်၏ ပညတ် ချက်များကို မလိုက်နာသောကြောင့် ရရှိသော အပြစ်ပေးခြင်း ပင်ဖြစ်သည်။ 
“ကောင်းချီးမင်္ဂလာ” ဆိုသည်မှာ ဘုရားသခင်၏ ပညတ်ချက်များကို နာခံဆောင်ရွက်သောကြောင့် ရရှိသောဆုလာဘ်ဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ S. Should Christian give tithes? လေ၀ိမျိုးနွယ် ယဇ်ပရောဟိတ်တို့သည် ယေရုရှလင်မြို့ ဖျက်ဆီး ခံခဲ့ရသည့် အေဒီ ၇၀နှစ် အထိ အပ်နှံခဲ့ကြသော်လည်း အေဒီ ၃၃ မှစ၍ နောက်ပိုင်း ခရစ်ယာန်များတွင် အသစ်သော ၀ိညာဉ်တန်ခိုး အာနုဘော်ရှိသော ယဇ်ပရောဟိတ် သည် ဆယ်ဖို့တစ်ဖို့ ခံယူခြင်း အားဖြင့် မဟုတ်၊ ထာဝရအသက်၏ တန်ခိုး အာနုဘော် အတိုင်း ခန့်ထားလျက်ရှိသည်။
 (ဟေဗြဲ ၇း၁၄-၁၇) ဆယ်ဖို့တစ်ဖို့ဟု တိကျစွာပေးလှူ ထားခြင်း မရှိခဲ့လျှင် ဓမ္မဆရာတို့ အသက်မွေးစေခြင်း၊ ဆင်းရဲသော တပည့်တော်တို့ကို မစခြင်းစသော အသင်း တော်အမှု ဆောင်ရန် အခက်တွေ့နိုင်သည်။ ထိုကြောင့် တမန်တော် ရှင်ပေါလုသည် (၁ကော ၁၆း၂) ၌ မည်သို့လှူ ဒန်းရမည်ကို လမ်းပြခဲ့သည်။ “ရက်သတ္တပတ် တစ်ပတ်အတွင်း အသီးသီးကောင်းစားသည့် အတိုင်း 
မိမိတို့ ဥစ္စာတစ်ဖို့ကို ထုတ်စုထား ကြလော့။” ဟု သွန်သင်ခဲ့သည်။ 
ဤနေရာ၌ မိမိဥစ္စာတစ်ဖို့ဟု ဆိုရာတွင် ဆယ်ဖို့တစ်ဖို့ လည်း ဖြစ်နိုင်သည်။ နှစ်ဆယ်ဖို့တစ်ဖို့ လည်း ဖြစ်နိုင်သည်။ ငါးဖို့တစ်ဖို့လည်း ဖြစ်နိုင်သည်။ ယနေ့ခေတ်၌ လည်း အသင်းတော်တို့ ၀န်ခံကြသော ပဋိညာဉ် ဆယ်ပါးတွင် (၇)ချက်မြောက် ၌ ဓမ္မဆရာတို့ အသက်မွေးစေခြင်း၊ ဆင်းရဲသော တပည့်တော်တို့ကို မစခြင်း အစရှိသော အသင်းတော် အမှုဆောင်ရန် 
(၁) အသီးသီး ကောင်းစားသည့်အတိုင်း (၂) စေတနာစိတ်ရှိသော အလှူကို
 ပေးလှူ ပါမည် ဟု ကတိထားကြသည်။ ကတိထားသည့်အတိုင်း ပေးလှူ နေကြသည်မှာ ၀မ်းမြောက်ဖွယ်ဖြစ် သော်လည်း အချို့သည် အသင်းတော်တို့ ၀န်ခံသော ပဋိညာဉ်ဆယ်ပါး၌ အပိုဒ်(၇)ကို ဆယ်ဖို့တစ်ဖို့ ပေးလှူ ခြင်းဟု 
လွဲမှားစွာ သိမှတ်လျက် ပေးလှူ နေကြသည်။ အသင်းတော်များ ဘက်မှလည်း မိမိတို့ အသင်းသူ၊ အသင်းသားများ နိုင်ငံရပ်ခြား (သို့) တစ်နယ်တစ်ကျေးသို့ တာဝန်ထမ်းဆောင်ခြင်း ဖြင့်လည်းကောင်း၊ စီးပွားရှာခြင်း ဖြင့်လည်းကောင်း 
အဝေး ရောက်ရှိ သဖြင့် ဆယ်ဖို့တစ်ဖို့မ၀င်၍ သာသနာ့အမှု ဆောင်ရန် အားနည်းသည် ဟူသောအတွေးများ တွေးနေကြသည်မှာ ၀မ်းနည်းဖွယ်
 ဖြစ် ပေသည်။ ဆယ်ဖို့တစ်ဖို့သည် မိခင်အသင်းတော်နှင့်သာ သက်ဆိုင်သည်ဟု ခံယူလျက် ပေးလှူ သော အဝေးရောက် အသင်းသူ၊ အသင်းသားများနှင့် ဆယ်ဖို့တစ်ဖို့ကို ခံယူလျက်ရှိသော အသင်း တော်များသည် ထိုကဲ့သို့ မခံယူသင့်ပေ။ ဆယ်ဖို့တစ်ဖို့သည် ဘုရားသခင်၏ ဘဏ္ဍာဖြစ်သည်ဟု (မာလခိ ၃း၈) ၌
ဆို သောကြောင့် ဘုရားသခင်ထံ ပေးလှူ ရမည် ဟူသော သန့်ရှင်းသူတို့အတွေး (godly thought) ဖြင့် ပေးလှူ သူများလည်း ရှိပါသည်။ မပေးလှူ ပါက ကျိန်ခြင်း ခံရမည်။ (မာလခိ ၃း၉) ဟူသော ကြောက်ရွံစိတ်ဖြင့် လည်းကောင်း၊ ကောင်းကင်ပြတင်းဖွင့်၍ ကောင်းချီး မိုးရွာမည် (မာလခိ ၃း၁၀) ဟူသော ကတိတော်ကို မျှော်ကိုး သောစိတ်ဖြင့် လည်းကောင်း၊ ဘုရားသခင်၏ ကွယ်ကာစောင့်ရှောက်မှု ရသည် (မာလခိ ၃း၁၁) ဟူသော ကိုးစားသောစိတ်ဖြင့် လည်းကောင်း၊ ဆယ်ဖို့တစ်ဖို့ကို အသီးသီး ပေးလှူ တတ်ကြသည်။ 
သို့ရာတွင် ဆယ်ဖို့တစ်ဖို့ ပေးလှူ ရာ၌ စိတ်သဘောထား မှန်ကန်ဖြောင့်မတ်ရန် လိုသည်။ စိတ်သဘောထား မမှန်ကန်သော ဆယ်ဖို့တစ်ဖို့ ပေးလှူ ခြင်းကိုလည်း ဘုရားသခင် နှစ်သက်မည် မဟုတ်ပါ။ စာရေးသူ ကိုယ်တိုင်လည်း (မာလခိ ၃း၁၁) ကို ကိုးစားလျက် ကာကွယ် စောင့်ရှောက်မှု ရရန် ဆယ်ဖို့တစ်ဖို့ ကို ဥပုသ်နေ့တစ်ရက်၌ ဘုရားရှိခိုးကျောင်းတွင် လှူ ခဲ့သည်။ မသိစိတ်ထဲတွင် 
ကိုးစားမှု အစွန်းရောက်သွားကြောင်း စာရေးသူ ကိုယ်တိုင်မသိလိုက် သော်လည်း ဘုရားသခင် သိမြင်တော်မူ သည်။ နောက် တစ်နေ့တွင် စာရေးသူ လှူ ခဲ့သောဆယ်ဖို့တစ်ဖို့ထက် နှစ်ဆကျော် တန်ဖိုးရှိ သော မျက်မှန် ကျပျောက်ခဲ့သည်။ အကာအကွယ်ရမည်ဟု ကတိတော်ရှိလျက် ဆယ်ဖို့ တစ်ဖို့ကို လှူ ခါမှ (၂)ဆကျော် အိတ်ထဲက ပြန်ထွက်သွားသည်။ ထိုည၌ ဘုရားသခင် သွန်သင်လိုသော အချက်ကို သိရှိခွင့်ရရန် ဆုတောင်းသည်။ ဆယ်ဖို့တစ်ဖို့ ပေးလှူ ချိန်၌ ထားရှိ သင့်သော စိတ်သဘောထားကို သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားက သွန်သင်ဖွင့်ပြ ခဲ့ပါသည်။ ကျမ်းစာထဲမှာ ဆယ်ဖို့တစ်ဖို့ ပေးလှူ ခဲ့သော ယာကုပ်နှင့် အာဗြံတို့ ဆယ်ဖို့တစ်ဖို့ ပေးလှူ စဉ် ထားရှိသော စိတ်သဘောထားများကို ပြန်လည် ခွန်အား ယူကြည့် ကြပါစို့။ ရှေ့တွင် ဖော်ပြထားသကဲ့သို့ပင် ယာကုပ်သည် ဘုရားသခင်နှင့် ကတိသစ္စာပြု လျက် ပေးလှူ ခဲ့သည်။ ဆယ်ဖို့တစ်ဖို့ကို ဘုရားသခင်အား သစ္စာပြု၍ ပေးလှူ ခြင်းအားဖြင့် သိရှိနိုင် ပါသည်။ ကတိတော် ထားတော်မူသောသူသည် ကတိတော်အတိုင်း တတ်နိုင်တော်မူသဖြင့် ဘုရား သခင်ဖက်မှ ကတိပြည့်စုံစေ သကဲ့သို့ လူတို့ဖက်မှလည်း ကတိတော်ခံစား ရရှိသည့်အခါ ကတိတည်ခြင်းအားဖြင့် သစ္စာဝတ်ကို ဖြေရပါ မည်။ (တမန် ၅း၁-၁၁) တွင် အာနနိနှင့် ရှဖိရေ လင်မယား နှစ်ယောက်သည် ကတိထားပြီးမှ ဖျက်သောကြောင့် အသက်ဆုံးရှုံး ခဲ့သည်။ (တမန် ၅း၎) ၌ ပေတရုက “ထိုမြေရှိစဉ်တွင် ကိုယ်ပိုင်သည် မဟုတ်လော။ ရောင်း၍ရသော အဘို့သည် ကိုယ်ဥစ္စာမဟုတ်လော။ အဘယ်ကြောင့် ဤသို့ (မြေရောင်း၍ ရသော အဖိုးအခကို လှူ မည်ဟု ကတိထားပြီးမှ အဖို့တစ်ဖို့ကို ထိန်ဝှက်) ပြု သနည်း။ လူကိုသာ မုသာ ပြောပြီမဟုတ်၊ ဘုရားကိုလည်း မုသာပြောပြီ” ဟုဆိုသည်။ ထိုကြောင့် ဘုရားသခင်အား ပေးလှူ ရန် ကတိ ထားလျှင် ကတိဝတ်ကို ဖြေရမည်။ ကတိထားသည့်အတိုင်း ပေးလှူ ခြင်းကို ပြု ရမည်။ သက်သေ ခံခြင်း ပြုရမည်။ အာဗြံ၏ ဆယ်ဖို့တစ်ဖို့ ပေးလှူ ခြင်းသည် စာရေးသူကို သန့်ရှင်းသော ၀ိညာဉ်တော် ဖွင့်လှစ် သွန်သင်သော အချက်ဖြစ်သည်။ အာဗြံသည် အမြင့် ဆုံးသောဘုရား ဖြစ်ကြောင်း သိရှိ လျက် ဆယ်ဖို့တစ်ဖို့ ပေးလှူ ခဲ့သည်။ ကမ္ဘာ (၁၄း၁၇-၂၀) ။ စာရေးသူသည် ဆယ်ဖို့တစ်ဖို့ ပေးလှူသည့် အခါတိုင်း ၌ မနေ့၊ ယနေ့၊ နောင်ကာလ ထာဝရငါတို့နှင့်အတူ ရှိသောဘုရားဟု စိတ်စွဲမှတ် ပေးလှူ ခဲ့သည်မှာ သက္ကရာဇ် ၂၀၀၀ ၀န်းကျင်မှ စခဲ့ပါသည်။ လူ့လောက၏ အခက် အခဲ များကြောင့် လည်းကောင်း၊ အခြားသော အကြောင်းအချက် များကြောင့် လည်းကောင်း
 ပေးလှူ ချိန်၌ အစွန်းရောက်သဘောထားကို သန့်ရှင်းသော ၀ိညာဉ်တော်မှ တစ်ဖန်ပြန်လည် သွန်သင်ခြင်း ခံခဲ့ရပါသည်။ ဘုရားသခင်ကို အပြစ် ၀န်ချလျက် ကျေးဇူးတော်ကို ချီးမွမ်းပြီး မျက်မှန်ပျောက်သောည၌ အိပ်ပျော်ခဲ့ပါသည်။ နောက်တစ်နေ့ တွင် မျက်မှန်ကောက်ရသူ ထံမှ ဖုန်းဝင်လာ၍ မျက်မှန်ပြန်လည် ရရှိခဲ့သည်။ စာရေးသူသည် ဤမျက်မှန်လေးအားဖြင့် စက္ခုအမြင်ကို မြင်စေ ရုံမျှမက ၀ိညာဉ်အလင်းကို ရရှိစေပါသည်။ ကျမ်းဟောင်း ပညတ်ချက် အောက်တွင် အသက်ရှင်ခဲ့သော သူများပင်လျှင် ဆယ်ဖို့တစ်ဖို့အား ပေးလှူခဲ့လျှင် သခင် ယေရှု အားဖြင့် ကျိန်ခြင်း အမင်္ဂလာမှ လွတ်၍ ကျေးဇူးတော်ခံစား ရသော ကျွန်ုပ်တို့ ခရစ်ယာန်အသက်တာ၌ သခင့်ကျေးဇူးတော်ကို သိမှတ် ၀န်ခံလျက် သာ၍ ပေးလှူ အပ်နှံ သောအသက်တာ၌ ကျင်လည်သင့်သည် မဟုတ်ပါလား။ သို့ဖြစ်၍ ဆယ်ဖို့တစ်ဖို့ ပေးလှူ ရာ၌ ဘုရားသခင်သည် အမြင့်ဆုံးသောဘုရားဟု ယုံကြည် ကိုးစားလျက် ပေးလှူသူများ၊ ဆယ်ဖို့တစ်ဖို့သည် ဘုရားသခင်ပိုင်ဆိုင်သော ဘဏ္ဍာဟု သိမှတ် လျက် ခံယူသူများ ဖြစ်နိုင်ရန် စက္ခုအမြင် ၀ိညာဉ်အလင်းကို မျှဝေ လိုက်ရပါသည်။( ဂျူဂျူးလေး )

ကျမ်းမာသော အသင်းတော်ဂုဏ်အဂ်ါ (၈)ပါး

 (Eight Essential Characteristics of Healthy Church) အမေရိကန်ပြည်မှ ကမ္ဘာကျော် စာရေးဆရာနှင့် ခရစ်ယာန် 
အသင်းတော် ခေါင်းဆောင်တစ်ဦးဖြစ်သူ (Rick Warren) သည်
သူ၏ “ရည်ရွယ်ချက်က စေ့ဆောင်သော အသင်းတော်” 
(The Purpose Driving Church) စာအုပ်တွင် “၂၀ရာစု၌
ခရစ်ယာန်များသည် တိုးတက်သောအသင်းတော် 
(growing Church) ဖြစ်ဖို့ကြိုးပမ်းကြသည်။ ၂၁ရာစုတွင်မူကား 
တိုးတက်သော အသင်းတော်ဖြစ်ခြင်းထက် ကျန်းမာ သန်စွမ်းသော 
အသင်းတော် (healthy Church) ဖြစ်ဖို့ရန်ပိုမို ကြိုးပမ်းကြလိမ့်မည်” ဟု ဆိုခဲ့သည်။ အကြောင်းမှာတိုးတက်ခြင်းသည် ယုံကြည်သူ အသင်းသူ၊ အသင်းသားများအား လှည့်ဖြားတတ်ပါသည်။ အသင်းသူအသင်းသားများပြားခြင်း အဆောက်အဦ များပြားခြင်း၊ အလှူငွေများစွာရရှိခြင်း အစရှိသော များပြားခြင်း အဖြာဖြာတို့သည် အသင်းသူ၊အသင်းသားများကို ကျေနပ်စေသည်။ ၀င့်ကြွားစေတတ်သည်။ မာန်မာနထောင်လွှားစေတတ်သည်။ ထိုသို့များပြားသော အသင်းတော်တွင် 
၌ကား ကျမ်းစာကညွှန်ပြသော အသင်းတော်ဂုဏ် အင်္ဂါရပ် များမရှိဘဲ အားနည်းတတ်ပါသည်။ အသင်းတော်ကျန်းမာသန်စွမ်းပါက အထက် ဖော်ပြသောများပြားမှုများ တမဟုတ်ချင်းမရှိသော်ငြားလည်း တဖြည်းဖြည်း တစတစနှင့် တိုးတက် လာကာ ဧကန်မုချတိုးတက်လာပါလိမ့်မည်။ သို့ဖြစ်ရာ ဤဆောင်းပါးတွင်ထိုကဲ့သို့သော ကျန်းမာသန်စွမ်းသော အသင်းတော်ရှိရမည့် ဂုဏ်အင်္ဂါရပ်ရှစ်ပါးကို အကျဉ်းချုပ်တင်ပြသွားပါမည်။ 
 ၁။ သူတပါးအားတန်ဆာဆင်ပေးသောခေါင်းဆောင်မှုရှိခြင်း 
(Empowering Leadership) ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံရသော အမေရိကန်သူဌေးကြီး ဘီ(လ်)ဂိတ်က ၂၁ရာစုတွင် ထိရောက်သော ခေါင်းဆောင်မှု သည် သူတပါးအားတန်ဆာဆင်ပေးနိုင်ခြင်း (Leadership is empowering others) ဖြစ်သည်ဟုဆိုသည်။ 
အသင်းတော်ရှိ သင်းအုပ်ဆရာ၊ဆရာမနှင့် အမှုတော်ဆောင် များတို့သည် သူတို့၏ခေါင်းဆောင်မှုနှင့်သာ မကျေနပ်၊မတင်းတိမ်ဘဲလျက်၊ 
အသင်းတော် အတွင်းရှိအသင်းသူအသင်းသားတို့အား တန်ဆာ
ဆင်ပေးနိုင်ရမည်။ သူတပါးကိုတန်ဆာဆင်ပေးနိုင်ခြင်း 
(empowering) သည်ကောင်းသော ခေါင်း ဆောင်မှုနှင့် စစ်မှန်သောခေါင်းဆောင်မှု၏ အမှတ်အသားသင်္ကေတဖြစ် လေသည်။ 
၂။ ဆုကျေးဇူးကိုအခြေခံသောအမှုတော်ဆောင်ခြင်း (Gift oriented ministry) ဘုရားသခင်သည် ယုံကြည်သူတစ်ဦးစီတို့အား ၀ိညာဉ်တော်ဆုကျေးဇူး 
(Spiritual Gift) တစ်မျိုးစီပေးကြောင်း၊ ကျမ်းစာကအတိ အလင်း ဖော်ပြသည်။
(ဧ ၄း၁၁-၁၃၊၁ကော ၁၂)။ ထိုဝိညာဉ် ဆုကျေးဇူးတို့သည် ရရှိခံစားသူတို့၏ကိုယ်ကျိုးအတွက်မဟုတ်ပါ။ ထင်ပေါ်ကျော်ကြားဖို့နှင့် 
ဂုဏ်ပကာ သန အတွက်လည်း မဟုတ်ချေ။ ခရစ်တော်၏ ကိုယ်ခန္ဓာ
တည်းဟူသော အသင်းတော်၏ ရှင်သန်ကြီးထွားဖို့နှင့် တိုးတက်ရင့်ကျက်ဖို့အတွက်သာ ဖြစ်သည်။ သို့ဖြစ်ရာ ယုံကြည်သူတိုင်း၏ ခံစားရသောဆုကျေးဇူးအားလုံး ကို အသင်းတော်၏ ဦးဆောင်မှု၊ အသင်းတော်၏အစီအစဉ်အဖြစ် အသင်းတော်အတွင်း၌ အသုံးပြုကာ 
ထိုမှတဆင့် လိုအပ်သလို ကမ္ဘာလောကို အကျိုးဆောင်အစေခံရန်ဖြစ်သည်။ အသင်းတော်တွင် တာဝန်မဲ့သော ပွဲကြည့်ပရိသတ်မရှိရပါ။ တစ်ဦးစီတို့သည် မိမိရရှိသော အရည်အချင်း ဆုကျေးဇူးတို့ကို အသင်းတော်၌ အသုံးပြုရပါမည်။ ထိုကဲ့သို့ အသုံးပြုနိုင်ရန်လည်း အသင်းတော်ခေါင်းဆောင်များမှ ယုံကြည်သူ အသင်းသူအသင်းသား အားလုံး ပါဝင်လှုပ်ရှားနိုင်သောအစီအစဉ်နှင့် 
အခွင့်အရေး အရေးကို ဖန်တီးပေး ရမည်။ အသင်းသူ၊အသင်းသားတိုင်း မိမိတို့ခံစားရသော ဆုကျေးဇူးကို အသင်းတော်တွင် ပြန်လည်
အသုံးပြုပါက အသင်းတော်သည် တက်ကြွကာ ရှင်သန်လာပါမည်။ 
 ၃။တောက်လောင်သောဝိညာဉ်တော်အရှိန်အဟုန် (Passionate Spirituality) ခရစ်ယာန်အသင်းတော်နှ်င့်အခြားအဖွဲ့အစည်းများက အဓိကခြားနားခြင်းမှာ အသင်းတော် သည် ဘုရားသခင်ပိုင်သလျက် ၀ိညာဉ်တော် စောင့်ထိန်းသော အဖွဲ့အစည်းဖြစ်လေသည်။ (ဗျာ ၂၊၃)။ သန့်ရှင်းသော ၀ိညာဉ်တော်သည် အသင်းတော်ကို စောင့်ရှောက်သည်။ လမ်းပြသည်။ တွန်းအားပေးသည်။ နွေးေ်ထွးစေသည်။ သို့ဖြစ်ရာ ထိုဝိညာဉ်တော်မီးသည် ယုံကြည်သူတစ်ဦးစီ အသက်တာတွင် အရှိန်အဟုန်နှင့် တောက်လောင်ရပါမည်။ အလားတူပင် ယုံကြည်သူများစုပေါင်းရာ အသင်းတော်၏အစီအစဉ် အသက်ရှင် ခြင်းနှင့် သက်သေခံခြင်းတွင်လည်း ၀ိညာဉ်တော်မီး သည် တောက်လောင်ပါမည်။ ၀ိညာဉ်တော်အရှိန်သည် မီးသဖွယ်မတောက်လောက်ဘဲ ငြိမ်းသွားပါက အသင်းတော်တွင် မညီညွတ်ခြင်း၊ သင်းကွဲခြင်း၊ ဂုဏ်ပြိုင်ခြင်း အစရှိသော တစ်ကိုယ်ကောင်းစိတ်ဆန်သည့် ပဋိပက္ခများ ပေါ်လာပါလိမ့်မည်။ 
ဤကဲ့သို့ဆိုရာ၌ အသင်းတော်သည်ခံစားမှု (emotion) သာရှေ့တန်း တင်ကာ ဆူညံမှုကိုသာဖော်ပြမည်ဟု မဆိုလိုပါ။ ၀ိညာဉ်တော်သည် လူသားတို့၏ သိကျွမ်းခြင်း(cognition) ခံစားခြင်း(emotion) နှင့် ဆုံဖြတ်ခြင်း(volition) သုံးခုစလုံးကို အုပ်စိုးမည်ဖြစ်ရာ သန့်ရှင်းသော ၀ိညာဉ် တော်မီး တောက်လောင် သော နေရာတိုင်းတွင် အစွန်းရောက်ဝါဒရှိနိုင်မည်မဟုတ်ချေ။ ၀ိညာဉ်တော်သည် မီးပမာ တောက်လောင်ကာ အသင်းတော်တစ်ခုလုံးကို နွေးထွေးစေပါလိမ့်မည်။ 
၎။ အသုံးတည့်သော ဖွဲ့စည်းအုပ်ချုပ်ပုံရှိပါမည် (Functional Structure) အထက်တွင်ဖော်ပြသော စာရေးဆရာခရစ်ယာန်ခေါင်းဆောင်ကြီး ရစ်(ခ)၀ါရင်ကပင် “အသင်းတော်သည် အဖွဲ့အစည်းတစ်ခု 
သက်သက်သာ မဟုတ်ပါ။ အသက်ရှင်သော ကိုယ်ခန္ဓာ တစ်ခုဖြစ်သည်။ 
(A Church is not an organization but a living organism)}” ဟုဆိုခဲ့လေသည်။ ဤသို့ဆိုလျှင် အဖွဲ့အစည်း(organization)၊ အုပ်ချုပ်ဖွဲ့စည်းပုံ(structure)၊နှင့် အရာရှိများ (officers) မလိုတော့ဘူးလားဟု မေးစရာအကြောင်းရှိပါသည်။ ထိုကဲ့သို့ကား မဟုတ်ချေ။ အသင်းတော်သည် ဘုရားသခင်နှင့်လူသား များဖက်စပ်လျက် ဖွဲ့စည်းသောအဖွဲ့အစည်း၊ ခရစ်တော်သည်ဦးခေါင်းဖြစ်လျက် ယုံကြည်သူများသည် ကိုယ်ခန္ဓာအဖြစ်ပါဝင်ကာ ဆက်စပ်လှုပ်ရှားသော အဖွဲ့အစည်းဖြစ်သည်။(ဧ ၅း၂၃) သို့ဖြစ်ရာ 
လူသားများဖြင့် ဖွဲ့စည်းသောအသင်းတော်ဖြစ်ပါသဖြင့် အဖွဲ့အစည်း၊ 
ဖွဲ့စည်းပုံ၊ အရာရှိများလိုပါသည်။ လမ်းညွှန်ဖို့ရန်နှင့် လိုက်နာကျင့် သုံးရန် 
အခြေခံ စည်းမျဉ်းစည်းကမ်း (constitution and bylaw) လိုပါသည်။ ဤအရာများပီပီပြင်ပြင်ရှိမှသာ အသင်းတော်သည်ရှုပ်ထွေးခြင်း၊ လိုင်းပူးခြင်း 
မရှိပဲ သူ့တာဝန်၊ ကိုယ့်တာဝန် သဲသဲကွဲကွဲ လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အသင်းတော်သည် ရှုပ်ထွေးသော်အသင်းတော် မဖြစ်စေဘဲ၊ လှုပ်ရှားသော အသင်းတော် ဖြစ်စေရန် စနစ်တကျ ဖွဲ့စည်းဖို့ လိုပါသည်။ ဘုရားသခင်သည် ရှုပ်ထွေးသော ဘုရားသခင်မဟုတ်ပါ။(၁ကော ၁၄း၃၃)။ ဤအသုံးတည်သော ဖွဲ့စည်းအုပ်ချုပ်ပုံဆိုသည်မှာ ကမ္ဘာလောကဆိုင်ရာ အဖွဲ့အစည်းများကဲ့သို့ ဖွဲ့စည်းပုံ၊ အုပ်ချုပ်မှုကိုသာ ရှေ့တန်းတင်ကာ ခေါင်းဆောင်များ ကလည်း အာဏာပိုင် အဖွဲ့အစည်း ကဲ့သို့ မဟုတ်ကြောင်းကို ဖော်ထုတ်လိုခြင်းဖြစ်သည်။ အဖွဲ့အစည်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံ၊ အခြေခံစည်းမျဉ်း စည်းကမ်းများနှင့် အရာရှိ တို့သည် အသင်း တော်၏အမှုဆောင်ခြင်း(Ministry) နှင့် သာသနာပြုခြင်း 
(Mission) ကို အဟန့်အတား မဖြစ်စေဘဲ အထောက် အကူဖြစ်စေရုံသာမက အောင်မြင်ဖို့ရန် အသုံးတည့် ရမည်ဟုဆိုလိုခြင်းသာဖြစ်သည်။ 
၅။ အားတက်စေသောဝတ်ပြုကိုးကွယ်ခြင်း (Inspiring Worship Service) ခ၇စ်ယာန်ဘာသာဝင်အားလုံးတို့၌ ၀တ်ပြုကိုးကွယ်ခြင်းသည် အောက်ပါ အဓိကရည်ရွယ်ချက် (၄)ရပ် ရှိပါသည်။ ၎င်းတို့မှာ....
 ၁) ဘုရားနှင့် လူသားတို့အားမိသဟာယဖွဲ့စေခြင်း 
၂) လူသားအချင်းချင်းမိသဟာယဖွဲ့စေခြင်း 
၃) ဘုရား၏အလိုတော်ကိုတွေ့မြင်ခံစားခြင်း 
၎) ကမ္ဘာလောကသို့ သက်သေခံရန် ဘုရား၏စေလွှတ်ခြင်းကိုလက်ခံ ဆက်ကပ်ခြင်း အနှစ်သာရရှိသောကိုးကွယ်ခြင်းကို (ဟော ၆း၁-၈) တွင်ပါရှိပါသည်။ ၀တ်ပြုကိုးကွယ်ခြင်းရှိ အစီအစဉ်တစ်ခုစီတို့သည် ညီတူညီမျှအရေးပါ အရာ ရောက်ပါသဖြင့် အပ်နှံခြင်း၊ ပြင်ဆင်ခြင်းနှင့် ရိုသေစွာ ဆောင်ရွက်ရပါမည်။ ပေါ့ပေါ့ တန်တန်မဆောင်ရွက်သင့်ပါ။ ယုံကြည်သူများသည် လောကအတွင်း အသက် ရှင်လျက် စာတန်၏ထိုးနှက်မှု ဒဏ်ကိုခံရာမှ ကုန်ခမ်းသွားသောမိမိတို့၏ ၀ိညာဉ် ခွန်အားကို ပြန်လည်ဖြည့်ဆည်းရာ ဖြစ်သောကြောင့် ၀တ်ပြုကိုးကွယ်ခြင်းသည် အားတက်စေလျက် အနှစ်သာရရှိသော ၀တ်ပြုကိုးကွယ်ခြင်း ဖြစ်ရပါမည်။ 
 ၆။ ဘက်စုံကယ်တင်ခြင်းကို လုပ်ဆောင်သော အဖွဲ့ငယ်များ ဖွဲ့စည်းမှု 
 (Holistic small groups) တနင်္ဂနွေနေ့တိုင်းပြုလုပ်ကျင်းပသော တစ်ပတ်တခါ ပုံမှန်ဝတ်ပြုကိုးကွယ်ခြင်းသည် အဓိက အားဖြင့် အသင်းသူ၊အသင်းသား 
အားလုံး ယုံကြည်သူအားလုံး တို့အတွက် ရည်ရွယ်သော ၀တ်ပြုကိုးကွယ်ခြင်း ပင်ဖြစ်သည်။ အသင်းသားတစ်ဦးစီ၏ ကိုယ်ပိုင်လိုအပ်ချက်ကို လုံလုံလောက်လောက် ဖြည့်ဆည်း ပေးနိုင်မည့် မဟုတ်ချေ။ 
သို့ဖြစ်ရာ ကျန်းမာရှင်သန်သော အသင်းတော် ဖြစ်ဖို့ရန် အဆင်ပြေမှု(convinience) ကိုအခြေခံလျက် အဖွဲ့ငယ်များဖွဲ့စည်း 
ရပါမည်။ ယခု ခေတ်တွင် ရေပန်းစားသော ဟုမ်းဆဲလ်(Home cell) ခေါ် ရက်ကွက်ကိုအခြေခံသော အဖွဲ့ငယ်များ ဖွဲ့စည်းပေးရမည်။ 
ထိုအဖွဲ့ငယ်များ၏ ဆောင်ရွက်ရမည့်အရာမှာ- 
 ၁) သတ်မှတ်ထားသောနေ့များတွင်အတူတကွဝတ်ပြုခြင်း 
၂) အတူတကွ သမ္မာကျမ်းစာလေ့လာခြင်း 
၃) အဖွဲ့ဝင်များ၏ သာရေး၊နာရေး၌ ပါဝင်ကူညီခြင်း 
၎) အတူတကွ သက်သေခံသောအစီအစဉ်များ ပြုလုပ်ပေးခြင်း 
၅) ဘ၀ဆိုင်ရာအကြောင်းအရာများ ဆွေးနွေးခြင်းနှင့် ကိုယ်ခန္ဓာနှင့်ဝိညာဉ်ပိုင်း နှစ်ခုစလုံးအတွက် လိုအပ်သော ပံ့ပိုးကူညီခြင်း 
၆) ပင်မအသင်းတော်နှင့် အမြဲဆက်သွယ်ခြင်း များကိုဆောင်ရွက်ရပါမည်။ 
 ၇။ လိုအပ်မှုကိုအခြေခံသော ဧ၀ံဂေလိလုပ်ငန်းဆောင်ရွက်ခြင်း 
 (Need oriented evangelism) ဧ၀ံဂေလိလုပ်ငန်း(Evangelism) ဆိုသည်မှာ ခရစ်တော်၏ ကယ်တင်ခြင်း တရားကို ဝေငှသက်သေခံခြင်း ဖြစ်သည်။ တစ်နည်းဆိုသော် ခရစ်တော်ကို မသိသေးသောသုများ ခရစ်တော်နှင့်တွေ့ဆုံ လျက် မိသဟာယပြုနိုင်ရန် ခရစ်တော်ထံသို့ခေါ်ဆောင်ခြင်း ပင်ဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် နှုတ်အားဖြင့်ကြေညာခြင်း(proclaimation) နှင့်သာမရပါ။ လူသားများ၏ အခြေခံလိုအပ်ချက်ဖြစ်သော စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ အစရှိသည့်သူတို့၏ လိုအပ်ချက်များ ကို အခြေခံလျက် ဧ၀ံဂေလိတရားကို ဝေမျှသက်သေခံရပါမည်။ ဤအတွေးအခေါ်၏ နောက်ကြောင်းခံကျမ်းသဘောမှာ ခရစ်တော်သည် လူသားတို့၏ ၀ိညာဉ်ကိုသာမချစ်ပဲ ရုပ်ပိုင်ဆိုင်ရာ ကိုယ်ခန္ဓာကိုလည်း ချစ်သောအရှင်ဖြစ်သောကြောင့် ပင်ဖြစ်သည်။ အသင်းတော် တိုင်းသည် ဤလိုအပ်မှုကို အခြေခံသော ဧ၀ံဂေလိတရားကို လုပ်ကိုင်ဆောင်ရွက် ရပါမည်။ အကြောင်းမှာ အသင်းတော်တည်ထောင်ရခြင်း ရည်ရွယ်ချက်မှာ ဧ၀ံဂေလိလုပ်ဆောင်ရန်နှင့် သက်သေခံ ရန်ပင်ဖြစ်သည်။ အသင်းတော်သည် လုပ်ရမည် မလုပ်ရမည်ဟူ၍ ဆွေးနွေးပိုင်ခွင့်မရှိပါ။ အသင်းတော် မှန်လျှင် လုပ်ကိုလုပ်ရမည့် ဘုရားပေးအဓိကလုပ်ငန်း ဖြစ်သည်။ ထိုသို့လုပ်ကိုင်ရာတွင် လူသားများ၏ လိုအပ်ချက်ကို အခြေခံလျက် လုပ်ကိုင်ရပါမည်။ 
 ၈။ မေတ္တာဖြင့် ပေါင်းဖော်မိသဟာယဖွဲ့ခြင်း (Loving relationship) 
 ကနဦးအသင်းတော်ကို ဝေဖန်ရှုတ်ချသူများက “ကြည့်ကြပါဦး 
သူတို့တတွေ မည်မျှပင် ချစ်ခြင်းမေတ္တာရှိကြသနည်။ 
(See those people how they love one another)” ဟူသော အချက်ပင် ဖြစ်သည်။ မေတ္တာသည် အသင်းတော်ရှိအသင်းသူ၊အသင်းသား အားလုံးတို့အား ချည်နှော်င်သော နှောင်ကြိုး ပင်ဖြစ်သည်။ အေးအတူ၊ပူအမျှရှိစေသည်။ အသင်းတော်တစ်ပါး၏ ကျန်းမာ ရှင်သန်မှုသည် အသင်းတော်ရှိသင်းဝင်များ အားလုံးတို့၏ ခြားနားမှု အမျိုးမျိုး နှင့် ဟန့်တားမှုအဖုံဖုံတို့ကို ကျော်လွှားကာ ချစ်ခြင်းမေတ္တာရှိခြင်း ပင်ဖြစ်သည်။ ချစ်ခြင်းမေတ္တာရှိမှသာ ကျန်းမာ သန်စွမ်းသောအသင်းတော် ဖြစ်နိုင် ပေလိမ့်မည်။ (ဗျာ ၂း၎-၆) လျင်မြန်စွာပြောင်းလဲနေသောကမ္ဘာလောကတွင် ကျန်းမာသန်စွမ်းသော အသင်းတော် ဖြစ်မှသာ အသင်းတော်သည် ရှင်သန်လျက် ကမ္ဘာလောကကို အစေခံနိုင်မည်ဖြစ်သည်။ အသင်းတော်သည် ဘုရားသခင်၏ နိုင်ငံတော်ကို သဏ္ဍာန်ဆောင်လျက်ရုပ်လုံးဖော်ဖို့ဖြစ်ပါသည်။ ဘုရား သခင်နိုင်ငံ တော်အတွက် မိုဒယ်(Model) ဖြစ်ရပါမည်။ ထိုသို့ဖြစ်နိုင်စေခြင်းငှာ အထင်ဖော်ပြပါ ဂုဏ်အင်္ဂါ(၈)ပါး ရှိနိုင်ဖို့ အထူးလိုအပ်ပါသည်။