၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Saturday 20 July 2019

“ မှီနိုင်သော မေတ္တာ”

ဘုရားရဲ့မေတ္တာက အမြဲတမ်း မှီသောမေတ္တာဖြစ်တယ်၊ ဘုရားမေတ္တာက တွန့်ဆုတ်ပြီး လက်မခံတဲ့ဘုရားမဟုတ်ဘူး။ သင်ဘယ်လောက်ပြေးမလဲ ပြေးတဲ့နေရာထိ ဘုရားကဆွဲခေါ်မှာ ဖြစ်တယ်။ 
ဘုရားမေတ္တာက အကန့်သတ်ဘောင်မရှိဘူး။ 
ဘုရားရဲ့မေတ္တာက ကန့်သတ်ချက်၊ ဂိုဏ်းဂဏ ၊ 
အသင်းတော်ရဲ့ စည်းကမ်းချက်တွေကို ကျော်လွန်ပြီး 
အဲ့ဒီလူကို သွားရှာတဲ့မေတ္တာဖြစ်တယ်။

 သင်နဲ့ကျွန်ုပ်သည် ဘုရားရဲ့မေတ္တာအားဖြင့် ဖြစ်ပွားစေသော သူဖြစ်တယ်၊ လူကိုဘုရားက မေတ္တာ အားဖြင့်ဖြစ်ပွားစေပြီး အလှပ ဆုံးသော 
ဘုန်းအသေရေ နဲ့ ဘုရားရဲ့ သဘောကို ထည့်ထားပေးတယ်၊ 
ဒါပေမယ့် အာဒံရဲ့နားမထောင်ခြင်းကြောင့် သူကျ ဆင်းသွားချိန်မှာ
 မေတ္တာ ဘယ်လောက်တောင်ခေါင်းပါးသွား လဲဆို ညီအကိုချင်းတောင် မချစ်နိုင်တော့ဘူး။ ဘုရားနဲ့ အဆက်သွယ်ပြတ်တာနဲ့ 
ချစ်ခြင်းမေတ္တာ မရှိတော့ဘူး။ 

သင်တစုံတယောက်ကို ချည်နှောင်ထားတယ်။ ခွင့်မလွှတ်နိုင်ဘူး ဆိုရင် ဘုရားနဲ့ အဆက်ပြတ်နေတယ် ဆိုတာနားလည်ပါ။ ဘာကြောင့်လဲ ဘုရားနဲ့အဆက်ရရင် ဘုရားဆီက စီးဆင်းလာတာက ဘုရားရဲ့မေတ္တာပဲဖြစ်တယ်။ ဘုရားရဲ့ခွင့် လွှတ်ခြင်း ၊ သနားခြင်းတွေပဲ စီးဆင်းလာရင် သူဘယ်လောက်ပဲ သင့်အပေါ် ဆိုးခဲ့ဆိုးခဲ့ ၊ နာကျည်းအောင်ဘယ်လိုပဲလုပ်ခဲ့လုပ်ခဲ့၊ ဘုရားရဲ့မေတ္တာကအဲ့အရာတွေကို ဖယ်ရှားပေးတယ်။ 

သင်က ဘုရားနဲ့ တလုံးတဝတည်း မဖြစ်သေးရင် ချည်နှောင်ခြင်းထဲက မလွတ်မြောက်နိုင်ဘူး။ ခွင့် မလွှတ်နိုင်သေးဘူး၊ ဘုရားရဲ့ မေတ္တာကတော့ ခွင့်လွှတ်နိုင်တဲ့ မေတ္တာနဲ့ အစားထိုးပေးတယ်။ သင်တို့ရဲ့ကျောက်နှလုံးသားကိုဖယ်ပြီးမှ နူးညံ့သိမ်မွေ့တဲ့ 
အသားနှလုံးသားကို ထည့်ပေးမယ်လို့ကျမ်း စာကဆိုတယ်။ 
သင်က တစုံတယောက်ရဲ့ ပြုမူလုပ်ဆောင်ချက်ကြောင့် 
စိတ်ထဲခုသွားတယ် ဆိုရင် အမြန်ဖယ်ရှားပါ။ 
ဒီအရာက (virus) လိုပဲ ကင်ဆာဆဲလ်လိုပဲ 
အမြစ်တွယ်ပြီးနုတ်ရခက်တယ်။ 

မကျေနပ်ချက်ရှိရင်ချက်ခြင်းဖယ်ထုတ်လိုက်၊ ငါ့ထဲမှာ ဘုရားရှိတယ်၊ သူဘာပဲလုပ်ခဲ့လုပ်ခဲ့ ငါ့အထဲမှာ ဘုရားရဲ့ ခွင့်လွှတ်ခြင်းရှိတယ် ၊ ဘုရားမေတ္တာနဲ့သူ့ကို ငါလက်ခံမယ်။ ခွင့်လွှတ်ဖို့ ဆုံးဖြတ်ချက်ချလိုက်။ 
အဲ့လို မဖယ်မိဘူးဆိုရင် မကျေနပ်စရာက နာကျည်းစရာ ဖြစ်လာတယ်၊ 
သူငါ့ကို တရက်က ဒီလိုလုပ်ခဲ့တယ် ဆိုတာကို တနုံ့နုံ့နဲ့ တွေးလေ နာရလေ ၊ သူရယ်မောနေတာတွေ့ရင် ပိုနာရတယ်၊ သူအဆင်ပြေရင် ကိုယ်နာရတယ်၊ သူအဆင်မပြေရင် ကိုယ်ဝမ်းမြောက်နေတတ်တယ်။ နာကျင်စရာ မဖယ်ထုတ်တဲ့အခါမှာ ချည်နှောင် ခြင်းတွေဖြစ်လာတယ်။ ခွင့်မလွှတ်နိုင်ဘူး။ 

ချည်နှောင်တော့ ခါးစွာသော ပင်မြစ်ပေါက်တယ်လို့ ဟေဗြဲကျမ်းမှာ ပြောတယ်၊ ခါးတဲ့အပင်မြစ်ဘေးမှာရှိတဲ့အပင်တွေက ခါးကုန်တယ်၊၊ အခါးကြီးက အမြစ်စွဲသွားရင် သူ့ပြောဆိုမှုထဲမှာ အခါးတွေပါလာတယ်၊ ကျမ်းစာဖတ်ရင်တောင် အခါး ကြီးနဲ့ဖတ်နေတာ။ ကျမ်းစာထဲမှာ မတရားသောသူကိုချိုးဖဲ့မယ်ဆိုရင် သူ့ကိုတန်းမြင်တာ၊ လဲကျသောသူကို ဘုရားက ထူမမယ်။ ချီးမြောက်မယ် ဆိုရင် ငါ့ကိုဘုရား ချီးမြောက်တော့မယ်၊ တွေ့ကြသေးတာပေါ့ လို့ကြိမ်းတယ်။ ဘုရားအမှုဆောင်နေရင်လည်း တရားဟောရင် နှုတ်ကပတ်တော် စစ်စစ်ကို မဝေငှပဲ ကိုယ့်နာကျည်းချက် မကျေနပ်ချက်ကို နှုတ်ကပတ်တော်နဲ့ ရောပြီးပြောတယ်။ အဲ့ဒါကိုသင်ဖယ်ထုတ်ဖို့ ဆုံးဖြတ်ချက်မချရင်တော့ 
ဘုရားရဲ့ချို မြိန်တဲ့ မေတ္တာ သင့်အထဲမှာ ဘယ်လောက်ပဲ ထည့်ပေးထည့်ပေး ခါးစွာသောပင်မြစ်နဲ့ ကြောင့် ချိုမြိန်ခြင်းကိုမခံစားရတော့ဘူး။ 
( ဖတ်ရန်ကျမ်းပိုဒ်။ ဓမ္မရာဇဝင်ဒုတိယစောင် အခန်းကြီး ၁၆, ၁၇ ) 
အဟိသောဖေလ က ဒါဝိတ်ဘေးမှာ နေတဲ့ ပညာရှိပုဂ္ဂိုလ်ကြီး 
အရမ်းတော်တယ်၊ ဥာဏ်ကောင်းတယ်၊ ထက်မြက်တယ်။ 

ပညာရှိတာမှ သူတွက်ချက်တဲ့အရာတွေက ဘုရားရဲ့ဗျာဒိတ်တော်အလား အောက်မေ့ရတယ်။ အဗရှလုံ ဒါဝိတ်ကို နန်းလုတဲ့အခါ ဒါဝိတ်ထွက်ပြေးရချိန်မှာ ဒါဝိတ်အားကိုးရတဲ့ အဟိသောဖေလက သူ့နောက်မလိုက်ပဲ အဗရှလုံ နားမှာ ပညာရှိ အမတ်အဖြစ်ဆက်လုပ်တယ်။ နောက်ကြောင်းကိုပြန်ကြည့်တဲ့အခါမှာ အဟိသောဖေလက ဒါဝိဒ်သိမ်းယူခဲ့တဲ့ မိဘုရား ဗာသာရှေဗရဲ့ အဖိုးဖြစ်တယ်၊ ဗာသရှေဗ နဲ့ သူ့ခင်ပွန်းဟောင်းပေါ်မှာ ဒါဝိတ်ပြုတဲ့ အမှုတွေကြောင့် နာကျည်းခဲ့ရတယ်။ 

အဲ့ဒါ ကိုမျိုသိပ်ပြီး ဒါဝိတ်မပြေးခင်ထိ ဒါဝိတ်ဘေးမှာ 
အမှုဆောင်နေတာ ကောင်းသော အကြံတွေပေးနေပေမယ့် ရင်ထဲမှာ ခွင့်မလွှတ်နိုင်တဲ့ ခါးစွာသောပင်မြစ်ဖြစ်နေတယ်။ ဒါဝိတ်ဘေးမှာနေရင်း 
ဘုရားက ဒါဝိတ်ကို ဘိသိက်ထားတယ် ဆိုတာ သိသော်လည်း အထဲကအမြစ်ကခိုင်သွားပြီ။ နောက်ဆုံး ဒါဝိတ်ရဲ့
တဖက်မှာရပ်တည်ပြီး အဗရှလုံကို ကောင်းတဲ့အကြံပေးမယ်၊ 
ဒါဝိတ်ကို အသေသတ်မယ်ဆိုတဲ့အကြံနဲ့ ရပ်တည်တယ်။ 

ကျေးဇူးတော်ကြောင့်ဒါဝိတ်က ဟုရှဲဆိုတဲ့ ပညာရှိတယောက်ကို အဗရှလုံနားကိုပို့ပေးလိုက်တယ်၊ အဟိသောဖေလ ရဲ့ အကြံပေးချက်အတိုင်း လုပ်ရင် ဒါဝိတ်က ညတွင်းချင်း မှာပဲ သေသွားနိုင်တယ်။ ဒါပေမယ့် နောက်ထပ် အကြံပေးအမတ်ဖြစ်တဲ့ ဟုရှဲဆိုတဲ့ လူငယ်က ဒါဝိတ်မသေအောင် တခြားအကြံကို ပေးတယ်။ အာဗရှလုံက အဟိသောဖေလပေးတဲ့အကြံကို မလိုက်ပဲ ဟုရှဲပြောတဲ့ အကြံကိုပဲ လက်ခံလိုက်တဲ့အခါ အဟိသောဖေလ ပိုခံစားရတယ်။ 

အဖေ့လုပ်ရပ်ကြောင့် ခံစား နေရတာ။ သားဖြစ်သူကလည်း သူ့စကားကို လက်မခံတဲ့အတွက် နာကျင်ရတယ်။ စိတ်ဓာတ်ကျသွားတယ်။ အိမ်ပြန်ပြီး ညွှန်ကြားစရာ ရှိတာတွေ ညွှန်ကြားပြီး ကိုယ့်ကိုယ်ကို သတ်သေ သွားတယ်။ အမှန်မှာ ဒါဝိတ် ဘေးမှာ ဘယ်လိုဖြစ်ဖြစ် ရပ်တည်မယ်ဆိုရင် ဒါဝိတ်နန်းပြန်ရတဲ့အချိန် ဇိအုန်တောင် မှာသမိုင်း ဝင်တဲ့ ဒါဝိတ်မင်းရဲ့အမတ်အဖြစ် ကျမ်းစာထဲမှာ ဆက်ပြီး မှတ်တမ်းတင်ထားခြင်း ခံရပြီး ကျွန်တော်တို့ ခွန်အားယူဖတ်နေရအုံးမဲ့ သူဖြစ်တယ်။ 

ဘုရားဘိသိက်တင်ထားတဲ့ အမှုဆောင်သူတွေ ရဲ့ တခြားတဖက်မှာ ဆန့်ကျင်ရပ်တည်မိရင် သင့် ဘဝကို ပျက်စီးသွားစေနိုင်တယ်။ အရမ်းအန္တာရာယ်များတယ်။ သင့်ထဲမှာ ခါးစွာသော ပင်မြစ်ရှိရင်တော့ သင့် ကိုသေတဲ့ အထိ ဆွဲချသွားလိမ့်မယ်။ ဒါကို ဒီနေ့မှာ အပြတ် ရှင်းရအောင်။ သင်နဲ့ကျွန်ုပ်က ယေရှုခရစ်တော် အားဖြင့် အသစ် ပြုပြင်ခြင်းကို ခံရတဲ့သူတွေဖြစ်တယ်။ ယေရှုခရစ်တော်က သင့်ရဲ့ခံစားရခြင်း၊ နာကျင်မှုအလုံးစုံကို လက်ဝါးကားတိုင်မှာ အကုန်လုံး အပြီးပြတ်ချေမှုန်း ဖျက်ဆီးလိုက်ပြီ၊ သင့်ရဲ့ခါးစွာသော ပင်မြစ်ကို ချေ ပစ်လိုက်ပြီ ။

 ၊ ယေရှုက သင့်ထက်နာကျင်ရပါတယ်၊ ပိုကြေကွဲရတယ်၊ ပင်ပန်းရတယ်၊ အဲ့ဒါတွေအားလုံး သင့်ကိုယ်စားသူခံပေး သွားပြီ၊ ကျောက်နှလုံးသားကို ဖယ်ပြီး သူ့ရဲ့အသားနှလုံးသားကို လက်ဝါးကားတိုင်တော်အားဖြင့် ထည့်ပေးတာကို သင်ဝန်ခံလိုက်ဖို့လိုတယ်။ ယေရှုခရစ်တော် သင့် အတွက်လုပ်ပေးတာကို သင်သဘောမတူရင် သင်ဘာမှ အကျိုးကျေးဇူး မခံစားရဘူး။ 

ငါ့နှလုံးသားက ခါးသီးတဲ့နှလုံးသား ၊ ကျောက်နှလုံးသား မဟုတ်တော့ဘူး ဘုရားမေတ္တာနဲ့ ပြည့်ဝသော နှလုံးသား ဖြစ်တယ်၊အာမင်၊ ငါ့အထဲမှာ သီးခံခြင်းနဲ့ပြည့်နေတယ်၊ သနားကြင်နာခြင်းနဲ့ ပြည့်နေတယ်၊ 
ငါ့နှလုံးသားက လက်တွဲခေါ်ချင်တဲ့ နှလုံးသား ၊ အားလုံးကို လက်ခံနိုင်သော နှလုံးသား ဖြစ်တယ်လို့ သင်လက်ခံလိုက်တယ်ဆိုရင် သင့်နှလုံးသားက ကျယ်ဝန်းသောနှလုံးသားဖြစ်လိမ့်မယ်။အဲဒီတန်ခိုးက သင့်ဆီကို 
စီးဆင်းလာမယ်။ သင်ဘယ်လောက်ကြိုးစား ပေမယ့် သူတပါးကို ကိုယ့်အားထုတ်မှုနဲ့ မခွင့်လွှတ်နိုင်ပါဘူး။ 

ခွင့်လွှတ်မယ်၊ ချစ်မယ်၊ လက်ခံမယ်လို့သာ ဆုံးဖြတ်ချက်ချလိုက်ပါ။ 
တကယ့်ဆန္ဒနဲ့သာ ဆုံးဖြတ်ချက်ချလိုက်က သင့်အပိုင်းဖြစ်တယ်။ 
ဘုရားအပိုင်းက သင့်အထဲမှာ သူ့မေတ္တာနဲ့ ခွင့်လွှတ်နိုင်မယ့် တန်ခိုးကို ထည့်ပေး လိမ့်မယ်။ယေရှုခရစ်တော်၌ ရှိရင် အသစ်ပြုပြင်သော သတ္တ၀ါဖြစ်တယ်။ (ရှင်ယောဟန် အခန်းကြီး ၂၁ ) မှာ ယေရှုဘုရား အရမ်းချစ်ရတဲ့ 
တပည့်တော် ၁၂ ပါးရှိတယ်၊ သူတို့ထဲမှာ မှ နဲ့ အတွင်းကျကျ 
အနီးကပ်ဆုံးနေတဲ့ အရမ်းချစ်တဲ့ ပေတရု ၊ ယာကုပ်၊ ယောဟန် တို့ရှိတယ်။

 ယေရှုကို လာဖမ်းတဲ့အချိန် ယေရှုကိုချန်ထားခဲ့ပြီး အကုန်ထွက်ပြေးကြတယ်။ ကိုယ်တော့်ရှေ့ ဘာလာလာ ကာကွယ်မယ်ဆိုတဲ့ ပေတရု တောင်မှ 
၃ ကြိမ် ယေရှုကို ငြင်း တယ်၊ ၃ ကြိမ်မြောက်တော့ ကြက်တွန်သံကြားမှ ချက်ခြင်းသတိရသွားတယ်၊ ကြက်မတွန်ခင် ၃ ကြိမ် ငြင်းပယ်မယ် 
ဆိုတဲ့စကားကို ပြန်သတိရပြီး ရှိုက်ကြီးတငင် ငိုပြီး ထွက်ပြေးသွားတယ်။
 ယေရှုဘုရားရဲ့ အခက်ခဲဆုံး အချိန်မှာ မရှိပဲ ထွက်ပြေးသွားတယ်၊ 

ကိုယ်ဒုက္ခရောက်နေချိန်မှာ ကိုယ်အားကိုးရတဲ့သူက ထွက်ပြေးသွားရင် သင်ဘယ်လိုခံစားရမလဲ၊ ကျွန်တော်တို့ ခံစားရမဲ့ ငြင်းပယ်မှုကို 
သူခံယူတယ်၊ ချစ်ရတဲ့ တပည့်တော်ရဲ့ ငြင်းပယ်မှု ကို သူခံယူတယ်၊။
 ပေတရုလဲ အရမ်းစိတ်ဓာတ်ကျသွားတယ်၊ငါ့သခင် ငါ့ကိုဒီ လောက်ချစ်တာ 
၃နှစ်ခွဲ လုံးလုံး လေ့ကျင့်ပြု စုပေးခဲ့တာ ငါကတော့ သူ့ကို
သစ္စာဖောက်မိတယ် လို့ ပြန်အောက်မေ့ပြီး နာကျင်တဲ့စိတ်နဲ့ လျှောက်သွားနေတယ်။ 

တရက်တော့ ဂါလိလဲအိုင်မှာ ငါးပြန်ဖမ်းဖို့လုပ်တယ်၊ 
(ရှင်ယောဟန် အခန်းကြီး ၂၁ ) မှာ အဲ့အချိန်မှာ ကမ်းပေါ်ကနေ 
လူတစ်ယောက်က ဗိုက်ဆာတယ် ချစ်သားတို့ စားဖို့တစုံတရာ ရှိလားလို့ လှမ်းမေးတယ်၊ ခုချိန်ထိငါးမရသေးဘူးလို့ ပြန်ပြောတော့ ညာဖက်ကို
ပိုက်ချလိုက် ဆိုတော့ ငါးမိတာ ၁၅၃ ကောင်ဖမ်းမိတာ ပိုက်ကွန်ကလဲ 
မစုတ်ပြဲ လို့ ပေတရု ချက်ခြင်း သဘောပေါက်သွားတယ်။ ဒါ ငါ့သခင်ပဲဆိုတာ။ 

လှေနဲ့ပြန်မလာပဲ ရေထဲ ခုန်ချပြီး ကမ်းစပ်ကိုရောက်လာတယ်၊ 
ခုနက သူ့ကို ငါးတောင်းတဲ့သခင်က သူတို့အတွက်တောင် ငါးနဲ့ မုန့်ကို ပြင်ဆင်ထားပေးတယ်၊ ဟာလေလုယာ ၊ ပေတရုသူ့အပေါ် 
လုပ်သွားတာ သူခွင့်လွှတ်တယ်၊ ယေရှုက သူ့အပေါ်မကောင်းတဲ့သူ
 ၊ စွန့်ခွာ သွားတဲ့သူတွေကို မေတ္တာနဲ့ လိုက်ရှာတဲ့ ဘုရားဖြစ်တယ်။
 ယေရှုက ငါ့သား ငါ့ကို ချစ်ရဲ့လားလို့မေးတော့ ပေတရု အရမ်းခံစားရတယ်၊ တကြိမ်သာ အခွင့်ပြန်ရရင် ငါ့သခင်ဖက်ကပဲ ရပ်တည်မယ် လို့စဉ်းစားတဲ့နှလုံးသားကို ဘုရားမြင်တယ်။ အရင်က ၃ ကြိမ် တိုင်တိုင် ယေရှုကိုငြင်း တယ်၊ ခုယေရှုက သူ့ကို ချစ်ရဲ့လားလို့ ၃ ကြိမ်တိုင်အောင်ပြန်မေးတယ်။ 

ငါ့သခင်ကို ငါသစ္စာဖောက်မိသော်လည်း ငါ့ကို ဘယ်တော့မှ 
မစွန့်တဲ့ ဘုရား၊ မေတ္တာနဲ့ပြန်ဆွဲခေါ်သော ဘုရားဆိုတာ 
နားလည်တဲ့အခါမှာ သူ့ဘဝတခုလုံးကို ပုံအပ်လိုက်တယ်။
 နောက်ဆုံး ကားတိုင်မှာ တင်သတ်တာတောင်မှ ယေရှုခရစ်တာ်
 သေသလို သူမခံထိုက်ဘူး၊ စောက်ထိုးတင်သတ်ပါလို့ တောင်းဆိုတယ်။ 
သူ့ဘဝမှာ ဘယ်လို အခက်ခဲတွေပဲ ကြုံပါစေ. သူ့ကိုသတ်မယ် 
ဆိုရင်တောင်မှ အပြုံးမပျက်ပဲ ဘုရားရဲ့မေတ္တာကို ခံစားပြီး အသေခံသွားနိုင်တာကလဲ သခင့်ရဲ့မေတ္တာကို ရလို့ဖြစ်တယ်။

 ဒီမေတ္တာရမှသာ လူတွေ ဘယ်လောက်ပြောပြော ၊ ရိုက်ရိုက် ဂရုမစိုက်တော့ဘူး၊ ဘယ်လောက်တားဆီး တားဆီး ဒီမေတ္တာကြောင့် သင့်ကို ဘယ်အရာကမှ မတားဆီးနိုင်ဘူး။ ကိုယ်တော် သူ့ကိုချစ်ချင်ပါတယ်၊ ဒီနာကျည်းချက် ကလွတ်မြောက်ချင်တယ်၊ သူ့ကို ပြန်ခေါ်ချင်တယ်၊ ခွင့်လွှတ်တဲ့စကားပြောချင်တယ် ၊ ကိုယ်တော် လွတ်မြောက်စေပါ ဆိုတဲ့ ဆုံးဖြတ်ချက်ချပါ၊ ဒီနေ့က သင်လွတ်မြောက်ရာနေ့ဖြစ်တယ်။ 

သင့်ကိုချစ်တဲ့ သခင်ရဲ့ အဝေးကို သင်ဘယ်လောက်ပဲပြေးပြေး၊ သခင့်ရဲ့ မေတ္တာက သင်ရှိနေမယ့် အရပ်ထိအောင် ရောက်လာပြီးနွေးထွေးစွာလွှမ်းခြုံပေးမယ့် မေတ္တာဖြစ်တယ်။ သင့်အထဲမှာ ဘယ်လောက်ခက်ခဲတဲ့ ချည်နှောင်ခြင်းတွေဖြစ်ဖြစ် သခင့်ရဲ့ အပြစ်လွှတ်ခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ ကြီးမားတဲ့မေတ္တာက သင့်ကို ဒီနေ့ပဲ လွှတ်မြောက်စေမှာဖြစ်တယ်။ ထိုဘုရားရဲ့ မေတ္တာထဲမှာ သင်အရှုံးပေးပြီး ဘ၀အသက်တာကို အခုပဲ အပ်နှံလိုက်ပါ။ 
(ဘုရားမေတ္တာ အထူးခံစားရပါစေ)

"အထက်တန်းစားစိတ် VS အောက်တန်းစားစိတ် "

ရေ၏ ပင်ကိုသဘောသည် ဖြူစင်၏။ သန့်ရှင်း ၏။ 
ထိုရေအတွင်းသို့ နို့ဆီနို့မှုန့်များ ထည့်လိုက်သော အခါ နို့ရေဖြစ်သွားသည်။
 သောက်သုံးသူကို ခွန်အား ဖြစ်စေ၏။ နို့ဆီနို့မှုန့် များလျှင် 
များသလောက် ခွန်အားကို ဖြစ်စေနိုင်ပေသည်။ 

တစ်ဖန် ထိုရေအတွင်း သို့ နို့ဆီနို့မှုန့် မထည့်ဘဲ အဆိပ်ဆီ 
အဆိပ်မှုန့်များ ထည့်လိုက်သောအခါ အဆိပ်ရေဖြစ်သွား၏။
 သောက် သုံးမိသူကို ဒုက္ခရောက်စေသည်။ အဆိပ်ဆီ အဆိပ် မှုန့်များလျှင် များသလောက် ဒုက္ခဆိုး ကျိုးများရရှိစေ ပြီး နောက်ဆုံး အသက်ပင် ဆုံးရှုံးစေနိုင်၏။

 ဤဥပမာကဲ့သို့ပင် . . .ဆန်းကြယ်သောအရာဟု အဓိပ္ပာယ်ရသော စိတ်သည် ပင်ကိုသဘောအားဖြင့် ဖြူစင်သန့်ရှင်း၏။ ရေနှင့်တူသော ထိုစိတ်၏အတွင်းသို့
 နို့ဆီ နို့မှုန့်နှင့် တူသော အလောဘ အဒေါသ အမောဟ စသော ကုသိုလ်စေတသိက်များ ရော ထည့်လိုက်သောအခါ အလောဘစိတ် 
အဒေါသစိတ် အမောဟစိတ် စသော ကုသိုလ်စိတ်များ ဖြစ်သွား၏။ 
ထိုစိတ်တို့ကို လက်ခံမွေးမြူသူတို့သည် လူ နတ် နိဗ္ဗာန် 
သုံးတန်သောချမ်းသာကို ရရှိ၏။ ထိုစိတ်တွေ အားကောင်းလျှင် အားကောင်းသလောက် ကုသိုလ်တွေ များများရစေသည်။ 
နိဗ္ဗာန်ကို မြန်မြန်ရောက်စေသည်။ 

ဤစိတ်ကိုပင် အထက်တန်းစားစိတ်ဟုခေါ်၏။
 ရေနှင့်တူသော ထိုစိတ်၏အတွင်းသို့ အဆိပ်ဆီ အဆိပ်မှုန့်နှင့်
တူသော လောဘ, ဒေါသ, မောဟ, မာန စသော 
အကုသိုလ်စေတသိက်များ ရောထည့် လိုက်သောအခါ လောဘစိတ်,
 ဒေါသစိတ်, မောဟစိတ်, မာနစိတ်စသော အကုသိုလ်စိတ်များ ဖြစ်သွား သည်။ 

ထိုစိတ်တို့ကို လက်ခံမွေးမြူသူတို့သည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ်လေးပါးသို့ ကျရောက်ရသည်။ 
ဆင်းရဲဒုက္ခမျိုးစုံ ခံစားကြရသည်။ ထိုစိတ်တွေ အားကောင်းလျှင် အားကောင်းသလောက် အကုသိုလ်တွေ များများဖြစ်စေသည်။ 
အဝီစိကို မြန်မြန်ရောက်စေသည်။ ဤစိတ်ကိုပင် အောက်တန်းစား စိတ်ဟုခေါ်၏။

 အထက်တန်းစားစိတ်ကို လက်ခံမွေးမြူသူသည် ပညာရှိသူတော်ကောင်း ဖြစ်၍ အောက်တန်းစားစိတ် ကို လက်ခံမွေးမြူသူကား ပညာမဲ့ မသူတော် ဖြစ်၏။ ရေနှင့်မီးကို အတူပေါင်းစည်းပြီးထား၍ မရသကဲ့သို့ သူတော်ကောင်းနှင့် မသူတော်သည်လည်း ဘယ်လိုမှ ပေါင်းစည်း၍ မရပေ။ ဆန့်ကျင်ဘက်ပြေးနေသော မြားနှစ်စင်းသည် ကြာလေ ဝေးလေ
 ဝေးသကဲ့သို့ သူတော်ကောင်းနှင့် မသူတော်သည်လည်း ကြာလေ ဝေးလေ ဝေးသွားကြတော့သည်။ ကောင်းကင်နှင့် မြေကြီး၊
 နေထွက်ရာအရပ်နှင့် နေဝင်ရာအရပ်၊ သမုဒ္ဒရာဤ
ဘက်ကမ်းနှင့် ဟိုဘက်ကမ်း။

ဤအရာတွေဝေးကွာတာထက် သူတော်ကောင်း တရားနှင့် မသူတော်တရား(တစ်နည်း)အထက်တန်း စားစိတ်နှင့်အောက်တန်းစား
စိတ်တို့ ဝေးကွာခြင်းက ပို၍ သာလွန်ပေသည်။ မြင်သာအောင် ပုံစံပြရသော် နိဗ္ဗာန်ရောက်သွားသော ဗုဒ္ဓဘုရားရှင်နှင့် အဝီစိကျသွားသော
 ဒေဝဒတ်တို့ကို ကြည့်၍သိနိုင်ပေသည်။ ဗုဒ္ဓသည် ပါရမီဖြည့်ကျင့်သည့် ကာလတစ်လျှောက်လုံး အများ၊ သူတစ်ပါးအတွက် စွန့်လွှတ်၊ ပေးဆပ်၊ အနစ်နာခံရင်း အထက်တန်းစားစိတ်ကို မွေးမြူခဲ့၏။ 

ထိုစိတ်ဓာတ်ဖြင့် တစ်ဆင့်ထက် တစ်ဆင့် မြင့်တက်သွားပြီး နောက်ဆုံး ဘုရားဖြစ်တော်မူကာ အမြင့်ဆုံး အချမ်းသာဆုံး နိဗ္ဗာန်သို့ ရောက်သွားခဲ့သည်။ ဒေဝဒတ်သည်ကား ဖြစ်ရာဘဝတိုင်း မိမိအတွက် ရယူသိမ်းပိုက်၏။ ဘယ်သောအခါမှ အနာမခံ၊ အသာစံ ရခြင်းကိုသာ နှစ်သက်သည်။ 
ဤကား အောက်တန်းစား စိတ်ဓာတ်၏လက်ချက်ပင်တည်း။ 
ဤစိတ်ဓာတ်ကပင် ဒေဝဒတ်ကို မသူတော်ဘဝရောက်စေခဲ့သည်။ 
အဝီစိထိ ကျစေခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘုရားရှင်ကို အထက်တန်းစား စိတ်ဓာတ်ပိုင်ရှင်တို့၏ဖခင်ဟု ဆိုနိုင်သကဲ့သို့ ဒေဝဒတ်ကိုလည်း
 အောက်တန်းစား စိတ်ဓာတ် ပိုင်ရှင်တို့၏ ရှေ့သွား
 ခေါင်းဆောင်ဟု ဆိုနိုင်ပေသည်။ 

ဆန့်ကျင်ဘက်ခြေလှမ်းများ လူတို့သည် အာရုံလမ်းမကြီးပေါ်၌ ကံခြေလှမ်းဖြင့် လျှောက်ကြသူချင်း အတူတူ ဖြစ်သော်လည်းအချင်းချင်းမတူသောအချက်ကား ရှိ၏။ ယင်းအချက်ကား တူရူဖြစ်၏။ အချို့ကား ငါကောင်းစားရေးသို့ 
မျက်နှာမူ၍ လျှောက်ကြ၏။ အချို့ကားလောက
 ကောင်းစားရေးသို့ မျက်နှာမူ၍လျှောက်ကြ၏။ 

လမ်းကတော့ ဒီလမ်း၊ ခြေလှမ်းများကလည်း ဒီခြေလှမ်းများပင်။ 
သို့ရာတွင် မျက်နှာမူရာ ဘက်ချင်း ကား မတူပါချေ။ တစ်ဦးက တောင်ဘက်သို့မျက်နှာမူလျှင် အခြား တစ်ဦးက မြောက်ဘက်သို့ မျက်နှာမူသည့်သဖွယ်ဖြစ် ပေ၏ ဟူ၍ ဦးရွှေအောင်က ‘အမြင်များ
 ပြောင်း လဲခြင်း’စာအုပ်တွင် ရေးသားထား၏။ လူ့လောကတွင် တချို့က အသာစံခြင်း၌ ပျော်မွေ့၏။ တချို့က အနာခံခြင်း၌ ပျော်မွေ့၏။ 
တချို့ က ရယူခြင်း၌ ကျေနပ်၏။ တချို့က ပေးဆပ်ခြင်း၌ ကျေနပ်၏။ 
တချို့က လောကကို မိမိအတွက် အသုံးချ၏။ 

တချို့က မိမိကို လောကအတွက် အသုံးချ၏။ 
တချို့က ဘယ်သူသေသေ ငတေမာလျှင် ပြီးရောဟု သဘောထား၏။ 
တချို့က ငါသေလျှင် သေပါစေ၊ အများချမ်းသာလျှင် ပြီးရောဟု သဘောထား၏။ ထို့ကြောင့် လျှောက်လှမ်းပုံခြေလှမ်းချင်းတူသော်လည်း 
မျက်နှာမူရာ အရပ်မျက်နှာချင်း မတူဟု ဆိုခြင်း ဖြစ်၏။ 
ဗာရာဏသီပြည်မှ ကုဋေလေးဆယ် ကြွယ်ဝ ချမ်းသာသော စည်းစိမ်ရှိသူ သူဌေးသားလေးဦးတို့၏ အောက်တန်းစားစိတ်ဓာတ်ကို ရှုပါ။ 

တစ်နေ့ ထိုသူဌေးသား လေးဦးတို့သည် ငါတို့ ပိုင်ဆိုင်ထားတဲ့ စည်းစိမ်တွေကို ဘယ်လိုအသုံးချကြမလဲ တိုင်ပင်ကြသောအခါ ‘လှူဒါန်း ပေးကမ်းမယ်၊ လိုအပ်သည့်နေရာတွေမှာ ထောက်ပံ့ကူညီမယ်’ ဤ သို့ တစ်ဦးမှ 
မပြောဘဲ မူးရူးပျော်ပါး သောက်စားကြဖို့ ပြောဆိုကြ၏။
 နောက်ဆုံးသူဌေးသားကား သူ တစ်ပါးသားမယားများကို 
ပစ္စည်းဥစ္စာပေး၍ ပျော်ပါး ကြအံ့ဟု တိုင်ပင်သည်ရှိသော် ထိုအဆိုကို 
အားလုံးက သဘောတူလက်ခံလိုက်ကြသည်။ 
ထိုအချိန်မှစ၍ သူတစ်ပါးတို့၏သမီးပျိုများ၊ လင်ရှိ မယားများကို 
ပစ္စည်းပေး၍ ပျော်ပါးကြတော့သည်။ 
ကိုယ် ပျော်ရလျှင် ပြီးရော၊
 ပျော်ပါးခံရသူ မိသားစု ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ကြ။ 

ဒူးနှင့်မျက်ရည် သုတ်ရတာတွေ လာမပြောနှင့်။ အိမ်ထောင်ရေးပြိုကွဲ ဒုက္ခရောက်တာတွေ လာငိုမပြနှင့်။ သူတို့ စိတ်မဝင်စား။ 
သူတို့ တကယ် စိတ်ဝင်စားသည်ကား ပျော်ဖို့ပါးဖို့။ ဤ စိတ်ဓာတ်ကိုမှ အောက်တန်းစားစိတ်ဟု မပြောလျှင် အဘယ်စိတ်ဓာတ်ကို ပြောဦးမည်နည်း။ အောက်တန်းစား စိတ်သည် အောက်တန်းကျ သောအကျိုးကိုပေး၏။ အနှစ်နှစ်သောင်းတိုင်တိုင် သူ တစ်ပါးသားမယားများနှင့်ပျော်ပါးနေခဲ့သော 
သူဌေး သားလေးဦးသည် ထိုဘဝမှစုတေသည်ရှိသော် မဟာ 
အဝီစိငရဲကြီး၌ ဘုရားနှစ်ဆူတို့၏တစ်ခုသောအကြား 
ကာလပတ်လုံး ခံကြရသည်။ 

ထိုအဝီစိငရဲမှလွတ်လာ ပြန်သော် မကောင်းမှုကြွံကင်း၏
အစွမ်းဖြင့် လောဟ ကုမ္ဘီငရဲအိုး၌ အနှစ်သုံးသောင်းကြာမှ 
အိုး၏အောက် အပြင်သို့ ရောက်၏။ အနှစ်သုံးသောင်းကြာမှ 
ငရဲအိုး၏ အထက်မျက်နှာပြင်သို့ ရောက်၏။ ထိုမျက်နှာပြင်သို့ ရောက်သည့်အခါတိုင်း ဒု၊ သ၊ န၊ သော ဟူ၍ နောင်တကြီးစွာ တစ်ယောက်တစ်မျိုးစီ အော်ဟစ်နေကြတော့သည်။

 အထက်တန်းစားစိတ်ဓာတ်ပိုင်ရှင်ကား မိမိတည်း ဟူသော 
အကြောင်းကြောင့် သူတစ်ပါးကို ဒုက္ခမဖြစ်စေချင်။ သူတစ်ပါးတွေ ဆင်းရဲဒုက္ခဖြစ်နေပြီဆိုလျှင်လည်း မိမိကိုယ်ကျိုးကိုစွန့်လွှတ်ဖို့ ဝန်မလေးတတ်ကြပေ။ နောက်ဆုံး မိမိ၏အသက်ကိုပင် စွန့်လွှတ်ရဲကြ၏။ ရွဲထွင်းသမားအိမ်သို့ နေ့စဉ် ဆွမ်းခြွံကသော တိဿမထေရ်၏အဖြစ်ကို ရှုပါလော့။

 ထိုနေ့၌ ကောသလမင်းသည် တစ်ခုသော ပတ္တမြားရတနာကို ရွဲထွင်းသမားအိမ် ပို့စေ၍ ဤ ပတ္တမြားကို သွေး၍ ထွင်းပြီးလျှင် ပို့လိုက်ရမည်ဟု စေလွှတ်လိုက်၏။ ရွဲထွင်းသမားလည်း ဟင်းမျိုး အမဲသားကို စဉ်းခုတ်လှီးဖြတ်နေချိန်ဖြစ်သဖြင့် သွေးပေနေသော လက်ဖြင့်သာ ပတ္တမြားကိုယူ၍ ပခြုပ်၏ အထက်၌ တင်ထားပြီးလျှင် လက်ရေဆေးဖို့ အိမ်ထဲ ဝင်သွား၏။ 
ထိုအချိန် အိမ်တွင် မွေးစားထားသော ကြိုးကြာငှက်သည်
 သွေးအနံ့ကြောင့် ပတ္တမြားကို သားတစ်မှတ်၍ ကောက်မျိုလိုက်၏။ ဤအခြင်းအရာကို အိမ်သို့ရောက်နေသော တိဿမထေရ်က မြင်၏။ 
ရွဲထွင်းသမား ပြန်ထွက်လာ၍ ပတ္တမြားကို မမြင် လေသော်
 “ဘယ်သူယူသနည်း”ဟု မယားကို လည်းကောင်း၊ 
သားကိုလည်းကောင်း မေး၏။ အားလုံးက မယူကြကုန်ဟုဆို၏။ 

ထိုအခါ ရွဲထွင်းသမား ၏ သံသယက မထေရ်မြတ်အပေါ်ကျရောက်လာ၏။ မထေရ်ကို မေး၏။ မထေရ်မြတ်ကလည်း ငါမယူဆို၏။ သို့သော် ရွဲထွင်းသမားက မယုံကြည်။ မထေရ်မြတ်ကို အတင်းအကြပ် စွပ်စွဲလေတော့သည်။ ထို့နောက် စစ်မေး၍ မရသည့်အဆုံးတွင် ‘မထေရ်မြတ်ကို နှိပ်စက် ညှဉ်းပန်း၍ မေးအံ့’ဟု သူ၏ဇနီးဖြစ်သူ အတန်တန် တောင်းပန်သည့်ကြားမှ မထေရ်မြတ်၏ ဦးခေါင်းကို ကြိုးဖြင့် ရစ်ပတ်၍ ရိုက်နှက်လေသည်။ 
မထေရ်မြတ်၏ ဦးခေါင်းတော်မှလည်းကောင်း၊ 
နားရွက်တို့မှလည်းကောင်း သွေးများ ယိုစီးကျလာ၏။ 
မျက်စိတို့လည်း ပြုတ်ထွက်လုမတတ် ဖြစ်ကုန်၏။
 ပြင်းစွာသော ဆင်းရဲဝေဒနာနှိပ်စက်လျက် မထေရ်မြတ်
 မြေသို့လဲကျသွား၏။ 

ဤမျှ ရိုက်နှက်နှိပ်စက်နေသော်လည်း မထေရ်မြတ်သည် ပတ္တမြားကို ကြိုးကြာ မျိုသည် ဟု လုံးဝ မပြောပေ။ အဘယ်ကြောင့်နည်း။ ဤသို့ပြောလျှင်
 ကြိုးကြာ အသတ်ခံရမည် စိုးသောကြောင့် ဖြစ်သည်။ 
တစ်နည်း မိမိတည်းဟူသော အကြောင်းကြောင့် 
သူတစ်ပါးကို ဒုက္ခမရောက်စေလိုသော အထက်တန်းစားစိတ်ဓာတ်ကြောင့်ဖြစ်သည်။ 
သို့သော် ကံဆိုးရှာသော ကြိုးကြာက သွေးအနံ့ ကြောင့် လဲကျနေသော မထေရ်မြတ်အနီး လာလတ် ၍ သွေးကို သောက်၏။ 
ထိုအခါ ဒေါသပေါက်ကွဲနေ ဆဲဖြစ်သော ရွဲထွင်းသမားက
 ကြိုးကြာငှက်ကို ခြေထောက်ဖြင့် အားကုန်ကန်ကျောက်ပစ်လေသည်။ 
ထို ဒဏ်ချက်ဖြင့် ကြိုးကြာငှက် သေ၍ ပက်လက်ဖြစ်နေလေသည်။ ထိုအခြင်းအရာကို မြင်ရသော မထေရ်မြတ်က – “ဒါယကာ၊ ဦးခေါင်း၌ရစ်၍ချည်ထားသောကြိုးကို ငါ့အား ဖြည်ပေးပါ၊ ပြီးတော့
 ကြိုးကြာငှက် သေသလော၊ မသေသလော ကြည့်ပေးပါ”ဟုဆိုလေ၏။

ထိုအခါ ဒေါသပေါက်ကွဲဆဲ ရွဲထွင်းသမားက “ကြိုးကြာ သေပြီ၊ အရှင်
ဘုရားလည်း ဤကဲ့သို့ သေရလတ္တံ့”ဟု ကြိမ်းမောင်းလေ၏။ ထိုအခါကျမှ မထေရ်မြတ်က -“ဒါယကာ၊ ဤကြိုးကြာငှက်သည် ပတ္တမြားကို မျို၏။ 
ထို့ကြောင့် ဤကြိုးကြာငှက်သည် အကယ်၍ မသေသည် ဖြစ်အံ့၊ 
ငါသည် သေသော်လည်း သင့်အား မပြော၊ ကြိုးကြာငှက်သေ၍သာ 
သင့်အား ပြော၏”ဟု ဆိုလိုက်ရာ ရွဲထွင်းသမားလည်း ကြိုးကြာ ငှက်သေကောင်၏ဝမ်းကို အလျင်စလို ဖောက်ခွဲကြည့် 
သည်ရှိသော် ပတ္တမြားကိုမြင်ရ၍ အံ့ဩထိတ်လန့်ခြင်း
 ဖြစ်ရလေတော့သည်။ 

မထေရ်၏ခြေရင်း၌ ဝပ်တွား ဆည်းကပ်လျက် – “အရှင်ဘုရား၊ 
တပည့်တော်အား သည်းခံတော်မူပါ။ မသိခြင်းကြောင့် တပည့်တော်
 ပြုမိပါသည် ဘုရား”ဟု ဝမ်းနည်းစိုးရိမ်စွာ လျှောက်လေသည်။ 
ပညာမဲ့ မသူတော်သည် မိမိ၏ ကြီးမားသော အပြစ်ကို မမြင်၊ 
သူတစ်ပါး၏ အပြစ်သေးသေးငယ်ငယ် ကလေးတွေကို ရှာကြံ၍မြင်တတ်သည်။ ပညာရှိ သူတော်ကောင်းသည်ကား ကြီးမားသော သူတစ်ပါး ၏အပြစ်ကို မမြင်၊ မိမိ၏ အပြစ်သေးသေးငယ်ငယ် ကလေးတွေကိုသာ ရှာကြံ၍ မြင်ပြီး ပြုပြင်နေတတ်သည်။ ယခုလည်း ကြည့်ပါ။ 

တိဿမထေရ်သည် မိမိ အား ရိုက်နှက်ပုတ်ခတ်ခဲ့သော ရွဲထွင်းသမား၏
အပြစ် ကို မမြင်။ ရိုက်နှက်ပုတ်ခတ်ခံရသော မိမိ၏အပြစ်ကိုသာ မြင်လေသည်။ ထို့ကြောင့် – “ဒါယကာ၊ သင့်အား အပြစ်မရှိပါ။ အိမ်အတွင်း သို့ ဝင်သော ငါ့အားသာလျှင် ဤအပြစ်သည် ဖြစ်ရ ပေ၏။ ဤနေ့မှစ၍ ငါသည် သူတစ်ပါးအိမ်အမိုးတွင်း သို့ မဝင်တော့အံ့။ ဤနေ့မှစ၍ ခြေတို့ကို 
သယ်ပိုး နိုင်ကုန်သေးသည်ရှိသော် အိမ်တံခါး၌ ရပ်လျက်သာလျှင် ဆွမ်းကို ခံယူတော့အံ့”ဟု မိန့်တော်မူ၍ ပိဏ္ဍပါတ် ဓုတင် ဆောက်တည်လေသည်။ များမကြာမီ ထို ဒဏ်ချက်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူလေသည်။ 

ဤကဲ့သို့ သူတစ်ပါးအပေါ် အပြစ် မမြင်တတ် သောစိတ်၊ 
ကိုယ်ကျိုးစွန့် အနစ်နာခံတတ်သောစိတ်၊ စွန့်လွှတ်စွန့်စားရဲသော 
စိတ်များသည် အထက်တန်း စားစိတ်များပင် ဖြစ်ပေသည်။ 
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ (ဗုဒ္ဒစာပေမှ)

(အစွန်းတစ်ပါး)

● လူတစ်ယောက်ကို စိတ်ဆိုးတယ်။ 
အဲ့ဒီလူ မရှိတဲ့နေရာကို ကိုယ်ထွက်သွားမယ်။ 
● ထွက်သွားတာကိုက ဒီနာကျင်မှုက တွန်းထုတ်လိုက်တာ။ 
နာကျင်မှုက တွန်းကန်လိုက်တာ။ 
အဲ့ဒါကြောင့် အဝေးကို ရောက်သွားတာ။ 
● တခြားနေရာကို ရောက်သွားပြီ။ 
မကြိုက်တဲ့သူ မျက်နှာကို
 မတွေ့ရတော့ဘူး။ 

ဒါပေမဲ့ မကြိုက်တဲ့သူ ကိုယ့်စိတ်ထဲမှာ ရှိနေသေးတယ်။ 
● အဲ့ဒီနေရာကို ပြန်သွားမယ်ဆိုရင် မသွားရဲတော့ဘူး။ 
စိတ်ထဲမှာ လန့်နေတယ်။ စိတ်ထဲမှာ 
ဒဏ်ရာဒဏ်ချက်ကျန်နေတယ်။ 
ဒါလည်းပဲ နာကျင်မှု။ အဲ့ဒီနာကျင်မှုက 
ပိုပြီးတော့ နက်ရှိုင်းတယ်။ 

● ဘာဖြစ်လို့ နက်ရှိုင်းတာတုန်း။ အင်္ဂလိပ်ဘာသာနဲ့ဆိုရင် 
suppress လို့ခေါ်တယ်။ Suppress လုပ်ထားတာ။
 ဖိထားတာ။ ဖုံးဖိထားတာ။ ဒီနာကျင်မှုကို ဖုံးဖိထားတာ။ 
● နာကျင်မှုကို ဖုံးဖိထားရင် ကိုယ့်ကိုယ်ကိုယ် 
 နှိပ်စက်ရာရောက်တယ်။ 
အတ္တကိလမထာနုယောဂါ။အစွန်းတစ်ပါး။
 By/ Oxford ဆရာတော်

ဘေးအန္တာရယ်(၅)မျိုး

မြတ်စွာဘုရားက ဘေးကြီး(၅)မျိုး ဆိုက်ရောက်လာရင် 
တရားအားထုတ်လို့ မရတော့ဘူးတဲ့။ 
၁။ အသက်အရွယ်ကြီးရင့် အိုမင်းလာရတဲ့ဘေး။ 
၂။ မကျန်းမမာ ဖြစ်ရတဲ့ဘေး။ 
၃။ အစားအသောက် ရှားပါးလာတဲ့ဘေး။ 
၎။ တိုင်းပြည် မငြိမ်းချမ်း ဆူပူထကြွတဲ့ဘေး။ 
၅။ သံဃာတွေ မညီညွတ် ကွဲပြားလာတဲ့ဘေး။ 

ဒီဘေးကြီး(၅)မျိုး ဆိုက်လာပြီဆိုရင် တရားအားထုတ်လို့ မရတော့ဘူးတဲ့။ 
ဒါ မြတ်စွာဘုရားက အနာဂတဘယသုတ်မှာ ဟောထားခဲ့တာ။ 
"အနာဂတ"ဆိုတာ "နောင်တစ်ချိန်" "ဘယ"ဆိုတာက 
"ဘေး" "အနာဂတ"ဆိုတာ "နောင်တစ်ချိန် ဖြစ်မယ့်ဘေး" 
မိမိတို့ တရားအားထုတ်တဲ့ပုဂ္ဂိုလ်ဟာ ဒါ ကိုယ့်ကိုယ်နဲ့ကိုယ် စဉ်းစားတာ။ 
မိမိသည် နောင်တစ်ချိန်မှာ ဒီဘေးငါးမျိုးနဲ့တွေ့မယ်။ ရုပ်နာမ်ခန္ဓာရတဲ့ 
သတ္တဝါတိုင်း တွေ့မယ့်ဘေး။ ရှောင်လို့ မရဘူး။ 

အိုမင်းရင့်ရော်တဲ့ဘေး ဆိုတာကတော့ သတ္တဝါတိုင်း မဖြစ်မနေ ကြုံကိုကြုံရမယ့်ဘေးပါပဲ။ မွေးလာကတည်းကိုက အိုနာသေဆိုတာ တွဲလျှက် ပါလာပြီးသား။ မကျန်းမမာဖြစ်ရတဲ့ဘေးဆိုတာက မိမိကိုယ်တိုင် 
နာခြင်းသဘောကို ရင်ဆိုင်ရတဲ့ဘေး တွေအပြင် ပတ်ဝန်းကျင်မှာဖြစ်လာတဲ့ 
ဥပမာ- ခုလောလောဆယ် ဖြစ်နေတဲ့ H1N1တို့ ဘီပိုး စီပိုး
 ရောဂါဆိုးတွေတို့ စသဖြင့် ကပ်အသွင် ကျရောက်လာတဲ့ ရောဂါဘေးတွေကိုလည်း ရင်ဆိုင်ရပါလိမ့်မယ်တဲ့။ 

အစားအသောက် ရှားပါးတဲ့ဘေးတဲ့။ ဒီနေ့ တိုးတက်ပါတယ်ဆိုတဲ့
 ခေတ်ကြီးထဲမှာ အစားအသောက်တွေ ဆန်းဆန်းပြားပြား ဘယ်လောက်ပဲ ပေါများနေပါတယ်ပြောပြော ပေါသလောက် 
စားစရာရှားနေတာကတော့ အမှန်ပါပဲ။

 ကယ်မီကယ်တွေပါလို့ မစားရဲတာ ဆိုးဆေးတွေများနေလို့ မစားရဲတာ အသီးအရွက်တောင် ဆေးဖြန်းတာတွေများလို့ မစားရဲတာ ငှက်ပျောသီးလည်း ဆေးနဲ့မှည့်ခိုင်းထား လက်ဖက်ရည်ဆိုင်က အီကြာကွေးကလည်း တစ်နေကုန် ခံအောင် ရေသန့်ဗူးကို ဆီပူထဲထည့်ကြော်သတဲ့။ ကော်ဖီမစ်ကလည်း ကော်ဖီစေ့ မပါဘူးတဲ့။ အချိုရည်ဗူးတွေဆိုတာကလည်း ကြောက်စရာနည်းမျိုးစုံနဲ့။ 

သံသရာရည်က သံပုရာသီးကမထုတ် လိုက်ချီးသီး လိမ္မော်သီးဖတ်က ပလပ်စတစ်ကို သိပ္ပံနည်းကျ မွေးပြီး ကယ်မီကယ်အနံ့နဲ့ ထုတ်ထားတာတဲ့။ 
စုံလို့ - စုံလို့ပါပဲ။ ပြောရင်လည်း ကုန်နိုင်စရာ မရှိပါဘူးလေ။ 
ဒါက အစားအသောက်က ဖြစ်လာတဲ့ဘေးတွေ။ 
တိုင်းပြည် မငြိမ်းချမ်း ဆူပူထကြွတဲ့ သူပုန်ဘေး။ 
ဒါကတော့ ဒီနေ့ဒီချိန်မှာ လူတိုင်းသိနေတဲ့ကိစ္စတွေမို့ 
အထူးပြောစရာ မရှိတော့ပါဘူးနော်။ 
သံဃာတွေ မညီညွတ် ကွဲပြားလာတဲ့ဘေး။ 

ဒါလည်း ဒီနေ့ခေတ်မှာ ထင်ထင်ရှားရှား မြင်နေရတဲ့ကိစ္စ။
 ထေရဝါဒအမည်ခံ ဘုန်းကြီးတစ်ချို့ဆိုရင် မိစ္ဆာဝါဒီဘာသာခြားနဲ့ 
ရင်ဘောင်တန်း တန်းညှိပြီး မြတ်စွာဘုရားမျက်နှာမကြည့် သာသနာမျက်နှာကိုမထောက် ပြုလုပ်နေကြတာတွေ ဖြစ်လာကြတယ်။
 နောင်-သာသနာဆုပ်ကပ်မှာ ဒီထက်ပိုဆိုးလာတော့မယ်။ 
ဒါက သံဃာတွေ မညီညွတ်တဲ့ဘေး။ 

ဒီလိုဘေးကြီး(၅)မျိုး ဆိုက်ရောက်လာရင် 
တရားအားထုတ်ဖို့ မလွယ်တော့ဘူးလို့
 မြတ်စွာဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၅၀၀)ကျော်က 
ဒီနေ့ခေတ် ဖြစ်လာမယ့်ဟာတွေကို ကြိုသိလို့ ဟောခဲ့တာ။ 
ဒါကြောင့် ဘေးဆိုးတွေ မကြီးထွားလာခင် တရားကို 
ဉာဏ်ဦးအောင်သာ အားထုတ်ကြပေတော့။ 
ကျန်းမာ ချမ်းသာကြပါစေ။ 
ဦးဓမ္မသာရ(ဓမ္မဒါန)

( "စာစောင် နှစ်ခု" ရှိသည် )

သမ္မာကျမ်းစာထဲ၌ စာစောင် အများရှိသော်လည်း 
အဓိက ကျသော စာစောင် နှစ်ခုကို ရှင်းလင်းစွာ သိမြင်ဖို့ လိုအပ်သည်။ 
 ထို စာစောင် နှစ်ခုမှာ "အသက် စာစောင်" နှင့် 
"သိုးသူငယ် ၏ စာစောင်" ဟူ၍ ဖြစ်သည်။

 ရှေးမဆွ ခင် က ခရစ်တော်ထဲ ရွေးထည့် ထားခြင်း ခံရသူများသည် 
လွန်ခဲ့သော နှစ် ၂၀၀၀ ကျော်က လူ့ဇာတိခံယူသော ခရစ်တော် ၏ 
လက်ဝါး ကားတိုင်၌ အသေခံပေးခြင်း နှင့် ရှင်ပြန် ထမြောက်ခြင်းကို 
ယုံကြည် လျက် လက်ခံသူ အားလုံးသည် "အသက်" စာစောင် စာရင်းဝင်သူများသာ ခရစ်တော်၏ ထမြောက်ခြင်း နှင့် 
အတူ ထမြောက် လာရသည့် အတွက် သေခြင်းနှင့် 
အစဉ် ကင်းလွတ် ကြရသူများ ဖြစ်ကြသည်။ 

"အသက် စာစောင်" ၌ ပါဝင် သူများ အားလုံး သည် "သိုးသူငယ်၏ စာစောင်" ၌ ပါဝင်ရသော သူ အားလုံး မဖြစ်ကြပေ။ သိုးသူငယ်၏ စာစောင်၌ ပါသောသူများ သည် သိုးသူငယ် မင်္ဂလာဆောင်ပွဲ သို့ တက်ရောက်ရမည့် သူများ၊ ပွဲဝင် ရသော သတို့သမီးများ၊ တနည်း အားဖြင့် အောင်မြင်သောသူများ၊ ဘုန်းတော် ရောင်ရှိန် ရှိသော၊ ကိုယ်ပိုင် အလင်းရှိသည့် စစ်မှန်သော ခရစ်တော်၏ ခန္ဓာကိုယ် 
အဝင်များ သာ ဖြစ်ကြသည်။ အသက်စာစောင် စာရင်းဝင်သူများသည် 
ပထမ အဆင့် တရားဝင် ရွေးနှုတ် ကယ်တင် ခြင်း ခံရ သော သူများ၊ 
မီးခွက် ကို လက်ဝယ် ပိုင်ဆိုင် ထားကြ သူများ ဖြစ်ကြပြီး၊ 
သိုးသူငယ် ၏ စာစောင်၌ ပါဝင်ခွင့် ရသော သူများသည် 
ဒုတိယ အဆင့် ထပ်မံ ခေါ်ထုတ်ခံရပြီး အောင်မြင်သော 
အသက်တာရှိသူ၊ စိတ်သက်ကို အဆုံးရှုံး ခံလျက် ဘုရား၏ 
ဝိညာဉ် သက်ဖြင့် ရှင်ခွင့် ပြုကာ လောကထဲ၌ အောင်မြင်သော 
အသက်တာ ရှိသူ၊ ဘုရားအသက် ထင်ရှားသောသူ၊ 
မီးခွက် နှင့်တကွ ဆီ ကိုပါ ယူ သော ပညာရှိ သတိုးသမီး များ၊ 
ခရစ်တော်နှင့် အတူ ဆင်းရဲ ဒုက္ခကို ခံလျက်၊ ခရစ်တော်နှင့် အတူ
 အောင်ပွဲ ခံသော သတို့သမီးများသည် သိုးသူငယ်၏ စာစောင်၌ 
ပါဝင်ခွင့် ရကြပြီး နောင်တချိန် မျက်မြင် ထင်ရှား ဖြစ်လာသည့် အခါ 
ဘုန်းရှိန် ထည်ဝါ စွာဖြင့် ခရစ်တော် နှင့် အတူ မင်္ဂလာဆောင်ပွဲအပြီး 
အုပ်စိုးသူ ဘုရင်များ အဖြစ်နှင့် ဦးခေါင်တော် ဘုရင် ခရစ်တော်နှင့်အတူ 
ဘုရင်များ အဖြစ် ဆင်းကြွ လာကြမည့် သူများသည် သိုးသူငယ် ၏ 
စာစောင်၌ အမည်စာရင်း ပါဝင်ကြရသော သူများဖြစ်ကြသည်။ 

သို့ဖြစ်၍ ယေရှု ခရစ်တော် ၏ ကားတိုင်၌ ပြုပေးခဲ့သော ကျေးဇူးတော် လောက်နှင့် မပြီးသေးပါ။ ရှင်ပြန် ထမြောက်သော ခရစ်တော်၏ ဝိညာဉ် သက်ဖြင့် ဆက်လက် အသက်ရှင်ခွင့် ပြုလျက် ဘဝကို အောင်မြင်သော အသက်တာ ရှိသူ၊ အရာရာ တိုင်း၌ ဝမ်းမြောက်လျက် ဘုရားနှင့် အတူ သွားလာ အောင်မြင်သော သူများ ဖြစ်ဖို့ လိုသေးကြောင်း သိမှတ် ဝန်ခံ ဖို့ ဖြစ်သည်။ ဟာလေလုယာ "ဘုရားသခင်၏ စီမံကိန်း" ခမည်းတော် ဘုရား၏ အကြံ အစည်တော် နဲ့ ရည်ရွယ်ချက် ကို အကောင်အထည် ဖေါ်ဖို့ နှုတ်ကပတ်တော် နှင့် သန့်ရှင်းသော ဝိညာဉ် တော် တို့သည် အတူတကွ လုပ်ဆောင်ကြသည်ကို တွေ့ရှိရသည်။ 

လုပ်ဆောင်ပုံ နှစ်ပိုင်း မှာ တရားဝင် ရွေးနှုတ် ခြင်း နှင့် တဖန် ပြန်လည် တည်ဆောက်ပေးခြင်း နှစ်ပိုင်း ဖြစ်သည်။ တရားဝင် ရွေးနှုတ်ပေးဖို့ရန် ကြီးမားတဲ့ ဘုရား၊ အကန့်သတ် မဲ့ တိုင်းတာ၍ မရ နိုင်သော ဘုရားသည်၊ သေးငယ်ပြီး အငနိ့အသတ် နဲ့ အသက်ရှင်ရသော လူသား ဇာတိကို ခံယူလျက် မသေနိုင်သော ဘုရား၊ သွေးမထွက် သည့် ဘုရားကိုယ်တိုင် သေနိုင်ပြီး အသွေးသွန်း
 နိုင်သော ရုပ်ခန္ဓာ ကို ယူဆောင်လျက် လူလောကထဲ လူအဖြစ် 
လာရောက်ပြီး အသေခံ အသွေးသွန်းခြင်း အားဖြင့် တရားနှင့် 
အညီ ရွေးနှုတ် ကယ်တင်ပေး လိုက်ခဲ့ ခြင်း အမှုက နှုတ်ကပတ်တော် 
လူဇာတိ ခံယူလျက် အသွေးသွန်း အသေခံ ပေးခြင်း အမှုသည် 
ကားတိုင် ထက်၌ အဆုံးသတ် ပြီးစီးစေလိုက်သည့် အခါ ဘုရား၏ 
ပထမ အဆင့် ရည်ရွယ်ချက် ပြီးမြောက်ခဲ့သည်။ 

ဒုတိယ အဆင့် အားဖြင့် နှုတ်ကပတ်တော် လူဇာတိခံယူကာ ကားတိုင်၌ ပထမ အဆင့် ပြီးမြောက် ပြီးနောက် သုံးရက်မြေက် နေ့မှာ ဝိညာဉ် တော် အဖြစ်နှင့် ထမြောက်ခြင်း အကြောင်း သည် ပေါ်ထွန်း လာရသည်။ ထိုအခါ လူ့ လက်နှင့် ဆောက်သော ဗိမ္မါန်တော်သည် ပြိုပျက်ပြီး လူ့လက်နှင့် မဆောက်သော ဝိညာဉ် တော် အားဖြင့် ဖြစ်တည်လာ မည့် ဗိမ္မါန်တော် ကို သုံးရက် အတွင်း ခရစ်တော်၏ ရှင်ပြန် ထမြောက်ခြင်း အားဖြင့် ယုံကြည်သူ ၏ ဝိညာဉ် ထဲ၌ ဖြစ်တည်စေလိုက်သည်။ ထိုအလုံးစုံသော ဝိညာဉ်တော်သည် 
လူအထဲ ရောက်လာသောအခါ ဘုရား၏ ဒုတိယ အဆင့် ထပ်မံ၌ 
လူအထဲ အသက်နဲ့ ပြည့်စုံစေဖို့ ရောက်လာရသည်။ 

ကျမ်းစာ၌ ခရစ်တော် လာရသည့် အကြောင်း အရင်းကို ဖေါ်ပြထားသည်မှာ "သိုးတို့ကို အသက်လွန်ရုံမျှမက အထူးသဖြင့် အသက်နဲ့ ပြည့်စုံစေဖို့ ငါလာသတည်း။" ဟု ခရစ်တော် မိန့်ဆိုခဲ့သည်။ ပထမ တဆင့် သေခြင်းနှင့် 
ငရဲမှ အသက်လွတ် ဖို့ အသွေးသွန်း အသေခံပေးကာ တရားဝင် ရွေးနှုတ် ကယ်တင် ပေးခဲ့သည်။ ဒုတိယ တဆင့်မှာ အသက်ဘေး မှ လွတ်လာပြီးသော သူများ ကို အထူးသဖြင့် ဘုရား၏ ကြွယ်ဝသော အသက်နှင့် အသက်တာ၌ ပြည့်စုံစေဖို့ ထပ်မံ လုပ်ပေးနေသေးသည်။ လုပ်ဆောင်ပေးပုံမှာ 
သန့်ရှင်းသော ဝိညာဉ်တော် အဖြစ်နှင့် မိမိ ဝိညာဉ် အထဲသို့ အသက်ရှင်စေပေးနေသော ဝိညာဉ်တော် အဖြစ် ရောက်လာကာ 
မိမိ စိတ်သက်ကို အဆုံးရှုံး ခံသူသည် ဘုရား၏ ကြွယ်ဝ၊ ပြည့်စုံသော 
အသက်ကို ရယူနိုင်ပေမည်။ လူမည်သည်ကား ခရစ်တော်၌ ရှိလျှင်
 ဟောင်းသော လူ၏ အသက်တာ သည် ပြောင်းလဲ သွားပြီး လူသစ်၏ ဘုရားဖြစ်ခြင်း အသက်တာသည် ထိုသူ၌ ဖြစ်တည် လာပေမည်။ 

ခရစ်တော်၌ တည် ရှိဖို့ ရန် ယေရှုက လူသား၏ ဖြစ်အင် ဖြစ်သော လူဇာတိခံယူသူ ယေရှု၏ အသွေး နှင့် အသား ကို သောက်စားခြင်း အားဖြင့်သာ သူ၌ တည် နိုင်သည်ကို ကျမ်းစာ၌ ဖေါ်ပြထားသည်။ ယေရှုပြောသော အသွေးကိုသောက် အသားကို စားခြင်းသည် ဝိညာဉ် စကားဖြစ်သည်။ သူ၏ သွန်းခဲ့ သော အသွေးနှင့် ချိုးဖဲ့ ခံ ခဲ့သော ခန္ဓာကိုယ် အသား သည် ယနေ့ ကျွန်ုပ်တို့ ဝိညာဉ် အသက်ရှင်ရာ ဖြစ်လို့ ယူ၍ စားကြလော့ ဟု သခင် ဘုရား မိန့်မှာ ခဲ့ ခြင်း ဖြစ်သည်။ 

 ထိုစားသောက်ခြင်း အမှုကို သခင် ဘုရား တဖန် ပြန်လည် ကြွဆင်း မလာမှီ အထိ နေ့စဉ် စားသုံး ဖို့လဲ မိန့်မှာခဲ့သည်။ ထို့ကြောင့် ပထမ ရွေးနှုတ် အသေခံခဲ့ခြင်းနှင့် ဒုတိယ ထပ်မံ အသက်ရှင်ပေး နေုခင်း အမှု နှစ်ခု စလုံးသည် ယေရှုခရစ်၏ ဘုရားစီမံကိန်း အကောင်အထည် ဖေါ် ပေးနေခြင်း 
အဆင့် နှစ်ဆင့် ဖြစ်ပေသည်။
(Bro;J Lee)

“တယောက်ထဲကျန်သည်၊ ဘာဆက်လုပ်ရမလဲ”

  Saved alone,what shall i do
“တယောက်ထဲကျန်သည်၊ ဘာဆက်လုပ်ရမလဲ” 
အမေရိကန်၊ချီကာဂို၌ ကြွယ်ဝချမ်းသာသော ရှေ.နေကြီး 
Horation Spafort သည် တဦးတည်းသော သား အနာရောဂါကြောင်. သေဆုံးပြီးလို. တနှစ်အတွင်းတွင် သူပိုင်ဆိုင်သမျှ စက်ရုံအားလုံး
 မီးလောင် ကျွမ်းခြင်းကြောင်. ဆုံးရှုံးသွားသည်။ 

သူ.မိသားစုသည် သာသနာအတွက် ရက်ရောစွာ ပါဝင်ပြီး 
ဘုရား သခင်ကို ချစ်ကြောက် ရိုသေသော မိသားစု ဖြစ်သည်။ 
ထိုအချိန်၌ အင်္ဂလန်တွင် သူတို. အမြဲပါဝင် နေကျ ဧ၀ံဂေလိ 
ဆရာကြီး DL Moody Crusade ပြုလုပ်နေချိန် ဖြစ်သည်. အတွက် 
မိသားစု Vacation ခရီးသွားရင်း သူ.သမီး ၄ ယောက် နှင်. သူ.ဇနီးသည် အရင်သွားနှင်.ပြီး နောက်မှ သူလည်း လိုက်လာရန် ဆုံးဖြတ်ကာ 
Ville de Harve ဥရောပ သင်္ဘော ဖြင်. စေလွတ်ခဲ.သည်။ 

သူ.မိသားစု အိမ်မှထွက်ပြီး ၉ ရက်မြောက်သည်.နေ.တွင် ကြေးနန်းစာ 
တစောင် ၀င်လာသည်၊ “တယောက် ထဲသာ ကယ်တင်သည်” 
ဘာဆက်လုပ်ရမလဲ Saved alone, what shall I do ဆိုသည်. ကြေးနန်းစာဖြစ်၏။ ခရီးသည် ၂၂၆ နှင်. သူ.သမီး ၄ယောက် 
စလုံးသေဆုံးပြီး သူ.အမျိုးသမီး တဦးသာ အသက်ရှင် ကျန်ရစ်သည်။ 

သူ.ကိုယ်သူ မယုံနိုင်လောက်အောင် ဖြစ်ကာ ထိုနေရာအား ကိုယ်တိုင် သွားကြည်.မည် အကြံဖြင်. လိုက်သွားလျှက် ထိုနေရာရောက်သော်….
(မြန်မာလို ဝိညဉ်အဖို….)ဤ သီချင်းကို ရေးစပ်ခဲ.သည်။ ထိုသီချင်းအား 
ဆရာကြီး DL Moody Crusade ၌ သက်သေခံရင်း သီဆိုသည်. အခါ သိန်း၊သန်းချီသော ဆုံးရှုံးခြင်းနှင်. ၀မ်းနည်း ပက်လက် ဘ၀ကို အရှုံးပေးနေသူများ၏ အသက်တာကို ပြောင်းလဲ စေခဲ.သကဲ.သို. 
ယနေ. အမှုတော်မြတ်၌ ပါဝင်နေရက်နဲ. ဘာ.ကြောင်. ငါနှင်. ငါ.မိသားစု
 အပေါ် ဆုံးရှုံးမှု ၀မ်းနဲကြေကွဲမှုတွေ ကြုံနေရတာလဲ ဆိုသည်. ငြီးတွားခြင်း အလျှဉ်းမရှိပဲ အရာခပ်သိမ်းသည် ဘုရားခွင်.ပြုချက်ရှိ၍သာ 
 ဖြစ်တည်နေခြင်း ဖြစ်ကြောင်း ၀န်ခံဖို.သာဖြစ်ပေသည်။ 

၎ရာ ၄း၂၆ ၌ သေနေသော သားလေးအား `“ ခလေး မာပါ၏လော” ဟု 
ဘုရား သခင်၏လူမှ ရှုနင်မြို.သူကို မေးသည်.အခါ…သေပါပြီ-
လုပ်ပါအုံးဟု ငိုယိုကာ မပြောဘူး၊ “ခလေး မာပါ၏” လို. ပြောသွား
သလိုပဲ နှစ်သစ်သို.ရောက်လာသည်. အခါ ယ္ခင်နှစ်က ဆုံးရှုံးခဲ.သမျှ နာမကျန်းဖြစ်သမျှ နာကျည်းသမျှ ဘုရားသခင်ကိုချစ်သော သူတည်း
ဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကိုခပ်သိမ်းသော အရာတို့သည်တညီတညွတ်တည်း ပြုစုကြသည်။
 ရောမ ၈း၂၈။ 2 king 4; ၂၆ သင်ပြေး၍ ခရီးဦးကြိုပြုပြီးလျှင်၊ ကိုယ်တိုင်မာ၏လော။ ခင်ပွန်း မာ၏လော။ 
သူငယ်မာ၏လောဟု စေလွှတ်၍ မေးစေသော်၊ 
မိန်းမက မာပါ၏ဟုဆို၏။

Thursday 18 July 2019

ကျေးဇူးတော်ကြောင့် ခရစ်တော်၌ “ကျွန်ုပ် ဘယ်သူလဲ”

၁။ ကျွန်ုပ်သည် ဘုရားသခင်ထံမှလာသောသူ၊ ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ဘွားသည်မဟုတ်၊ မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့ တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲ တည်တော်မူသောဘုရား သခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဘွားသောသူဖြစ်သည်။(၁ပေ ၂း၂၃)

၂။ ကျွန်ုပ်သည် ခရစ်တော်အားဖြင့် သားအရာကိုရပြီ။ (ဧဖက် ၁း၅) 
၃။ ကျွန်ုပ်၏ အပြစ်အားလုံးကို ခွင့်လွှတ်ခြင်းခံရပြီ။(ဧ ၁း၈၊ဟေဗြဲ၊၉း၁၄၊တော ၁း၁၄၊၁ယော၊၁း၉၊၂း၂၂) 

၎။ ကျွန်ုပ်သည် အသစ်ပြုခြင်းခံရသောသတ္တဝါဖြစ်သည်။( ၂ ကော ၊ ၁၅း၁၇) ၅။ ကျွန်ုပ်၏ရန်သူသည် စာတန်မာရ်နတ်ဖြစ်သည်။( ၁ ပေ ၊၅း၈) 
၆။ ကျွန်ုပ်သည်သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်တော်ဖြစ်သည်။ (၁ကော ၃း၁၆၊ ၆း၁၉၊ဧ၊၂း၂၂ 

၇။ ကျွန်ုပ်သည်မှောင်မိုက်တန်ခိုးမှ နှုတ်ယူခြင်းခံပြီး ချစ်တော် မူသော သားတော်၏နိုင်ငံသို့သွင်းတော်မူခြင်းခံရပြီ။(ကော၊၁း၁၃) 
၈။ ကျွန်ုပ်သည်ကျိန်ခြင်းအရာမှလွတ်မြောက်ပြီ။ (ဂလာ ၃း၁၃။ရော၊၈း၁ -၂) ၉။ ကျွန်ုပ်ကောင်းကြီးခံစားရသည်။(ဂလာ ၃း၉။ဧ ၁း၃။တရားဟော၂၈း၁ - ၄)

 ၁၀။ ကျွန်ုပ်သည်သန့်ရှင်းသူဖြစ်သည်။ (ရော၊၁း၇။ ဧ၊၁း၁။ကော ၊၁း၂။ဖိ၊ ၁း၁။၁ကော ၊၁း၂) 
၁၁။ ကျွန်ုပ်သည်အမြီးမဖြစ်ရဘဲခေါင်းဖြစ်ရပြီ။(တရားဟော၊၂၈း၁၃) 
၁၂။ ကျွန်ုပ်သည် အောက်၌မနေရဘဲ အပေါ်၌နေရသော အခွင့်ရှိပြီ။ (တရားဟော ၂၈း၁၃) 

၁၃။ ကျွန်ုပ်သည်ဘုရာရှေ့တော်၌မေတ္တာအားဖြင့်သန့်ရှင်လျက်၊ အပြစ်ကင်း လွတ်လျက်ရှိပြီ။(ဧ ၊၁း၎။ဧ ၊ ၄း ၂၄) ၁၄။ကျွန်ုပ်သည်ဘုရားရွေးကောက်သောသူ၊ ချစ်အပ်သော သူကဲ့သို့ ဖြစ်သည်။ (ကော ၃း၁၂၊ ၁ သက်၊၁း၎။၁ပေ ၂း၉-၁၀၊ရော၊၈း၃၃၊ဧ၊၁း၎။ရော ၊၁း၇) 

၁၅။ကျွန်ုပ်သည်ယေရှုခရစ်တော်၏အပြစ်တင်စရာအခွင့်နှင့် ကင်းလွတ် မည့်အကြောင်းကျွန်ုပ်ကို အဆုံးတိုင်အောင်ခိုင်ခံ့မြဲမြံစေပြီ။(ဧ၊ ၂း၁၃) 
၁၆။ ကျွန်ုပ်သည်ယေရှုခရစ်တော်၌ဖြစ်၍အသွေးတော်အားဖြင့်အနီးသို့ ရောက်ပြီ။ (ဧ၊ ၂း၁၃) ၁၇။ ကျွန်ုပ်သည်အောင်မြင်သောသူဖြစ်သည်။ (၁ကော၊ ၁၅း၅၇၊ရော၊၈း၃၇) 

၁၈။ ကျွန်ုပ်သည်လွတ်ခြင်းအခွင့်ရပြီ။(ယော၊၈း၃၂-၃၆) ၁၉။ ကျွန်ုပ်သည် ကိုယ်တော်၌ခွန်အားစုံလင်လျှက်ရှိပြီ။ (၁ကော၊၁၆း၁၃၊ဧ၊၆း၁၀) 
၂၀။ ကျွန်ုပ်သည် အပြစ်နှင့်ဆိုင်သောအရာတွင်အသေဖြစ်ပြီ။ (ရော ၆း၂၊ ၁၁၊ ၁ပေ၊၂း၂၄) ၂၁။ ကျွန်ုပ်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် တံဆိပ်ခတ်ခြင်း ခံရသော သူဖြစ်သည်။(ဧ၊၁း၃) 

၂၂။ ကျွန်ုပ်သည် ဘုရားသခင်အားဖြင့် ယေရှု၌ တည်နေသောသူ ဖြစ်သည်။ (၁ကော၊၁း၃၀) ၂၃။ ကျွန်ုပ်သည် ယေရှု၏ လက်ခံခြင်း ခံရသူဖြစ်သည်။ (ရော၊၁၅း၇) 
၂၄။ ကျွန်ုပ်သည် ယေရှု၏ မိတ်ဆွေဖြစ်သည်။(ယော၊၁၅း၁၅) ၂၅။ ကျွန်ုပ်သည် ဘုရား၏အသက်ကျောက်၊ ခရစ်တော်၌ တည်ဆောက်ခြင်း ခံရသော ဓမ္မ္မတိုက်ဖြစ်သည်။(၁ပေ၊ ၂း၎၊၅) 

၂၆။ ကျွန်ုပ်သည် ဘုရားကိုသိသောဥာဏ်တိုးပွားခြင်းရှိသဖြင့် ခပ်သိမ်းသော အရာကို ကျော်လွှားနိုင်သည်။ (ကော ၁း၁၀-၁၁) ၂၇။ ကျွန်ုပ်သည် ခရစ် တော်နှင့်အတူလက်ဝါးကပ်တိုင်မှာ အသေခံပြီ။ (ဂလာ ၂း၂၀၊ ရော ၆း၆)
 ၂၈။ ကျွန်ုပ်သည် ဇာတိပကတိအရာ၌ လွတ်မြောက်ပြီ။ (ရော ၈း၁) 

၂၉။ ကျွန်ုပ်သည် ခရစ်တော်နှင့်အတူအသက်ရှင်ပြီး ကျေးဇူးတော် အားဖြင့်ကယ်တင်ခြင်းသို့ရောက်ရပြီ။ (ဧ ၂း၅၊ ကော ၂း၁၃) 
၃၀။ ကျွန်ုပ်သည် ထိုသခင်၌စိုက်ပျိုးခြင်း၊ တည်ဆောက်ခြင်းရှိလျက်၊ နည်း ဥပဒေသကိုခံပြီးသည်အတိုင်း ယုံ ကြည်ခြင်း၌ မြဲမြံစွာစွဲလမ်းလျက်၊ ကျေး ဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ၊ ယုံကြည်ခြင်းတိုးပွား ပြည့်စုံလျက်ရှိ သည်။ (ကော ၂း၇) 

၃၁။ ကျွန်ုပ်သည် သန့်ရှင်းသူတို့၏ အမျိုးသားချင်းဖြစ်သည်။ ဘုရားသခင် ၏အိမ်တော်သားလည်းဖြစ်သည်။ (ဧ ၂း၉) ၃၂။ ကျွန်ုပ်သည် ခမည်းတော် ထံ၌တိုးဝင်ချဉ်းကပ်ခွင့်ရပြီ။ (ဧ ၂း၁၈၊ ဟေဗြဲ ၄း၁၆) 
၃၃။ ကျွန်ုပ်သည် ဘုရားဖြစ်ဘွားသူ၊ လုံခြုံမှုပေးခြင်းခံရသောကြောင့် မာရ်နတ်မထိခိုက်နိုင်ပါ။ (၁ယော ၅း၁၈-၂၀၊ ယော ၁၇း၁၄) 

၃၄။ ကျွန်ုပ်သည် ဘုရားရွေးချယ်ခြင်းခံရသူ၊ သစ္စာရှိသူဖြစ်သည်။ (ဗျာ ၁၇း၁၄၊ ယော ၁၀း၎၊ မဿဲ ၁၆း၂၄၊ ဗျာ ၁၄း၎) ၃၅။ ကျွန်ုပ်သည် တပါးသူများကိုချစ်သောကြောင့် ယေရှု၏တပည့်တော်စစ်ဖြစ်သည်။ (ယော ၁၃း၃၄-၃၅) ၃၆။ ကျွန်ုပ်သည် လောက၏အလင်းဖြစ်သည်။ (မဿဲ ၅း၁၄၊ ယော ၁း၁၂) ၃၇။ ကျွန်ုပ်သည် လောက၏ဆားဖြစ်သည်။ (မဿဲ ၅း၁၃) 

၃၈။ ကျွန်ုပ်သည် နိမိတ္တသတ္တဝါတို့တွင် အဦးသီးသောအသီးဖြစ်သည်။ (ယော ၁း၁၈) ၃၉။ ကျွန်ုပ်သည် ခရစ်တော်၏သံတမန်ဖြစ်သည်။ (၂ကော ၅း၂၀) ၄၀။ ကျွန်ုပ်သည် ဘုရားသခင်၏ သံတမန်ဖြစ်သည်။ (ယော၊၁း၂၇) ၄၁။ ကျွန်ုပ်သည် ဘုရားသခင်၏ မျက်လုံး၌ပန်းသီးတစ်လုံးဖြစ်သည်။ (တရား ၃၂း၁၀။ ဆာ ၁၇း၈) 

၄၂။ ကျွန်ုပ်သည် ခရစ်တော်၏ ဒဏ်ချက်တော်အားဖြင့် အနာရော ဂါပျောက် ပြီ(၁ပေ ၂း၂၄။ ဟေရှာ ၅၃း၆) 
၄၃။ ကျွန်ုပ်သည် ဘုန်းအသေရေ တိုးပွား၍ ဘုရားသခင်၏ပုံသဏ္ဍန်နှင့်အညီ ပြောင်းလဲခြင်းရှိသည်။ (၂ကော ၃း၁၈) 
၄၄။ ကျွန်ုပ်သည် ယေရှုခရစ်အားဖြင့် ထမြောက်၍ ကောင်းကင်အရပ်၌ နေရာပေးခြင်းခံရပြီ။ (ဧ ၂း၆။ ဖိ ၃း၂၀) 

၄၅။ ကျွန်ုပ်သည်ဤလောကနှင့်မဆက်ဆံသောသူဖြစ်သည်။ (ယော ၁၇း၁၆) ၄၆။ ဘုရားသည် ယေ.ရှုကိုချစ်တော်သကဲ့သို့ ကျွန်ုပ်ကိုချစ်တော် မူသည်။ (ယော ၁၇း ၁၆) ၄၇။ ကျွန်ုပ်၌လူတို့ကြံ၍ မမှီသော ငြိမ်သက်ခြင်း ရှိသည်။.(ဆာ ၁၁၉း ၁၆၅။ ရော ၅း၁။ ယော ၁၄း၂၇။ ဖိ ၄း၇) 

၄၈။ ကျွန်ုပ်၌ ခရစ်တော်၏ စိတ်ရှိသည်။(၁ကော ၂း၁၆) 
၄၉။ ကျွန်ုပ်တွင် ပညာနှင့်ထိုးထွင်းသောဥာဏ်ရှိသည်။ (ဧ ၁း ၁၇) 
၅၀။ ကျွန်ုပ်သည် လောကကိုအောင်မြင်ခြင်းရှိသည်။ (၁ယော ၅း၎) 
၅၁။ ငါ့ကိုခွန်အားနှငိ့ ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသော အမှုတို့ကို ငါတက်စွမ်းနိုင်၏။ (ဖိ ၄း၁၃) 

၅၂။ ကျွန်ုပ်ဘက်၌ ရှိသောသူသည် လောကဘက်၌ရှိသောသူထက် ကြီးတော်မူသည်။( ၁ယော ၄း ၄) 
၅၃။ ဘုရားသခင်သည် အထက်အရပ်မှခေါ်တော်မှုခြင်းနှင့်ဆိုင်သော ဆုကိုရခြင်းငှာ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။ (ဖိ ၃း၁၄) ၅၄။ ဂရုဏာကျေးဇူးကို အထက်ကမခံရသော်လည်း ယခုတွင်ခံရပြီ။ (၁ပေ ၂း၉-၁၀) 

၅၅။ ကျွန်ုပ်သည်လောကဝိညာဉ်ကိုမခံ ဘုရားသခင် ပေးတော်မှုသော အရာတို့ကို သိခြင်းအလို့ငှာ ဘုရားသခင်ထံမှကြွလာသော ဝိညာဉ်ကိုခံရပြီ။ (၁ကော ၂း၁၂) ၅၆။ ကျွန်ုပ်သည်ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာ သို့ရောက်ပြီး သခင်ယေရှုခရစ်အားဖြင့်ငြိမ်သက်ခြင်းကို ခံရပြီ။ (ရော ၅း၁) ၅၇။ ကျွန်ုပ်သည် အဘိုးနှင့်ဝယ်ခြင်းခံရ သူဖြစ်သောကြောင့် မိမိကိုယ်မိမိ မပိုင် ဘုရားသခင်ပိုင်တော်မှုသည်။ (၁ကော ၆း ၁၉-၂၀) 

၅၈။ ကျွန်ုပ်သည် ကိုယ်အလိုသို့လိုက်၍အသက်မရှင်။ (၂ကော ၅း၁၄-၁၅၊ ဂလာ ၂း၂၀) ၅၉။ ကျွန်ုပ်သည်တန်ခိုးပါသောစိတ်၊ ချစ်တက်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ရရှိပြီ။(၂တိ ၁း၇) 
၆၀။ ကျွန်ုပ်သည် သနားခြင်းဂရုဏာကို၎င်း၊ တော်လျော်သောမစခြင်း၊ ကျေးဇူးတော်ကို၎ငိး၊ ခံရမည့်အကြောင်း ရဲရင့်သောစိတ်နှင်. ကျေးဇူးတော် ပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ခွင့်ရှိသည်။ (ဟေဗြဲ ၄း၁၆)