၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Monday 1 July 2019

ဂျွန်မက်စ်ဝဲလ်ပေးခဲ့သော အသိသုတများ"-

"မြန်မာတွေအတွက် 2019 ခုနှစ် ဇွန်လ 23 ရက်နေ့ ရန်ကုန်မြို့က Yangon Convention Center ထဲမှာ အမေရိကန်နိုင်ငံသား ခေါင်းဆောင်မှုပညာ ဂရုကြီးဖြစ်သူ ဂျွန် မက်စ် ဝဲလ် ( John C. Maxwell) တစ်ယောက် ပထမဆုံးအကြိမ်အဖြစ် မြန်မာလူမျိုးတွေကို စင်မြင့်ထက်ကနေ မျက်နှာချင်းဆိုင်ပြီး ခေါင်းဆောင်မှုပညာတွေဟောပြောပို့ချပေးနေခဲ့ပါတယ်။ သူ့ဟောပြောမှုတွေမှာ စိတ်အားတက်ကြွစွာနားထောင် လေ့လာမှတ်သားနေကြတာကိုကြည့်ပြီး ကျွန်တော်ဘာ့ကြောင့် ဒီနိုင်ငံကို ဒီထက်စောစော မရောက်ခဲ့ရတာလဲဆိုပြီး သူ့ကိုယ်သူ 2 ခါ 3 ခါ ထပ်မေးခဲ့ပါသေးတယ်။ ဂျွန်မက်စ်ဝဲလ် ကို ကျွန်တော့်အနေနဲ့ သူရဲ့စာအုပ်တွေ၊ Audio Book တွေ၊ Youtube က Seminar Video တွေကနေတစ်ဆင့် ရင်းနှီးနေခဲ့တာတော့ကြာပါပြီ။ ဒီနေ့ Myanmar Leadership Conference 2019 မှာလည်း သူ့ရဲ့ပင်ကိုယ် ပုံစံအတိုင်း အသက် 72 နှစ်ရှိပြီဖြစ်ပေမယ့် အင်အားအပြည့်နဲ့ ခေါင်းဆောင်မှုဆိုင်ရာ သင်ခန်းစာတွေကို မျှဝေပေးခဲ့ပါတယ်။ ဒီဟောပြောပွဲမှာ ဂျွန် ပြောပြခဲ့တဲ့ ခေါင်းဆောင်မှုနဲ့ ဘဝအောင်မြင်ရေးဆိုင်ရာ အသိသုတတွေထဲက ကျွန်တော်သဘောကျလို့ မှတ်သားလာခဲ့တာလေးကို ပြန်ပြီးမျှဝေပေးပါ့မယ်။ ကျွန်တော်ဒီနေ့မျှဝေပေးမှာကတော့ ဂျွန်ပြောသွားတဲ့ "The Rule of 5” ဆိုတဲ့ ဥပဒေသ 5 ခုအကြောင်းဖြစ်ပါတယ်။ သစ်ပင်တစ်ပင်ကို တစ်ရက်မှာ ဓားတစ်ချောင်းနဲ့ ငါးချက်ခုတ်သွားမယ်၊ အဲ့ဒီတစ်ပင်ထဲကိုပဲနေ့စဉ်ရက်ဆက် တစ်ရက်မှမပြတ်ပဲ ဆက်တိုက် တစ်ရက်ကို 5 ချက်ခုတ်သွားမယ်ဆိုရင် တစ်နေ့မှာ အဲ့ဒီသစ်ပင်ဘာဖြစ်သွားမယ်ထင်ပါသလဲ?။ ရှင်းရှင်းလေးပါ အဲ့ဒီ သစ်ပင် လဲကျသွားပါလိမ့်မယ်။ သစ်ပင်အကြီး အသေးပေါ်မူတည်ပြီးအချိန်သာ အနှေးအမြန်ကွာချင်ကွာပါလိမ့်မယ်။ ပုံမှန်ခုတ်သွားရင် တစ်နေ့မှာတော့ ထိုသစ်ပင်လဲသွားပါလိမ့်မယ်။ ထိုသစ်ပင်ဥပမာလိုပါပဲ။ ပညာရပ်တစ်ခုကို သင်တာပဲဖြစ်စေ၊ လုပ်ငန်းတစ်ခုကိုလုပ်တာပဲဖြစ် တစ်ရက်ကို 1 နာရီလောက်အချိန်ပေးပြီး 5 နှစ်လောက် စဉ်ဆက်မပြတ်ဆက်လုပ်သွားရင် ထိုပညာရပ်ကိုတတ်ကျွမ်းသွားမှာဖြစ်သလို အလုပ်တစ်ခုဆိုရင်လည်း ထမြောက်အောင်မြင်သွားပါလိမ့်မယ်။ သို့သော် " The Rule Of 5 " ကို အသုံးချပြီး အောင်မြင်ဖို့ဆိုရင် အောက်ပါ အချက် 5 ချက်ကိုလည်း သိထားဖို့လိုပါတယ်။ ဒါတွေကတော့.... 1) မိမိဘာကိုရရှိအောင်မြင်ချင်တယ်ဆိုတာကို အရင်သိအောင်လုပ်ပါ။ အကယ်၍ အိမ်ပတ်လည်မှာ သစ်ပင်ဆယ်ပင်ရှိတယ်ဆိုပါစို့။မိတ်ဆွေက ဘယ်သစ်ပင်ကိုခုတ်ချင်တယ်ဆိုတာ တိတိကျကျမသိရင် ဘယ်သစ်ပင်ကိုမှလဲအောင်ခုတ်နိုင်မှာမဟုတ်ပါဘူး။ ဒီလိုပါပဲ။ မိတ်ဆွေအနေနဲ့ မိမိဘာလုပ်ချင်သလဲ၊ ဘာဖြစ်ချင်သလဲဆိုတာကို တိတိကျကျ သိအောင်အရင်မလုပ်သေးဘူးဆိုရင် မိတ်ဆွေဘာကိုမှ အောင်မြင်ဖြစ်ထွန်းအောင်လုပ်နိုင်ဦးမှာမဟုတ်ပါဘူး။ ဒါကသိပ်ကိုရိုးရှင်းပါတယ်။ ဒီတော့ မိမိဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာကို သိအောင်အရင်လုပ်ဖို့လိုပါတယ်။ 2)မိတ်ဆွေမှာ သင့်တင့်လျှောက်ပတ်တဲ့ လက်နက်ကိရိယာ တန်ဆာပလာတွေလည်းရှိဖို့လိုပါတယ်။ မိတ်ဆွေကဘယ်သစ်ပင်ကိုခုတ်ရမယ်ဆိုတာကို သိပြီဆိုပေမယ့် မိတ်ဆွေလက်ထဲမှာ သံချေးတက်ပြီးတုံးနေတဲ့ဓားပဲရှိမယ်ဆိုရင်လည်း သစ်ပင်ကိုခုတ်လှဲဖို့ အတော်ခက်ခဲမှာဖြစ်ပါတယ်။ ဒီလိုပါပဲ။ မိတ်ဆွေမှာရည်မှန်းချက် ရည်ရွယ်ချက်ရှိထားပြီးပြီဆိုရင် ထိုရည်မှန်းချက်ကိုဖော်ဆောင်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ ပညာတွေ တစ်ခြားအထောက်အကူပြုပစ္စည်းတွေလည်း ရှိနေဖို့လိုပါတယ်။ 3)မိတ်ဆွေရဲ့ ရည်မှန်းချက်အပေါ် အပြည့်အဝအာရုံစိုက်ထားပါ။ မိတ်ဆွေက ပထမတစ်ရက် သစ်ပင်တစ်ပင်ကိုခုတ်နေတယ်။ နောက်နေ့ကျတော့ စိတ်ပြောင်းသွားပြီးနောက်တစ်ပင်ပြောင်းခုတ်တယ်။ နောက်နေ့ကျတော့ တစ်ခါတစ်ပင်ထပ်ပြောင်းခုတ်တယ်ဆိုရင် မိတ်ဆွေ ဘယ်သစ်ပင်ကိုမှ လဲသွားအောင်ခုတ်လှဲနိုင်မှာမဟုတ်ပါဘူး။ ပညာရပ်တစ်ခုကိုသင်ယူသည်ဖြစ်စေ၊ အလုပ်တစ်ခုကိုလုပ်သည်ဖြစ်စေ ထိုတစ်ခုထဲကို အပြည့်အဝအာရုံစိုက်မထားဘူးဆိုရင် ပြီးမြောက်တဲ့အထိလုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အမှတ် 3 ဥပဒေသကတော့ မိမိရည်မှန်းချက်အပေါ်မှာအပြည့်အဝအာရုံစိုက်ထားပါ။ 4)စဉ်ဆက်မပြတ်လုပ်ပါ။ မိတ်ဆွေမှာက ရည်မှန်းချက်လည်းရှိပြီ။ ထိုရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ ပညာတွေနဲ့ အထောက်အကူတွေလည်းရှိပြီ။ သူ့အပေါ်အရာရုံလည်းစူးစိုက်ထားတယ်။ သို့သော် ထိုရည်မှန်းချက်အကောင်အထည်ဖော်ခြင်းကို ဒီနေ့စိတ်ပါရင်ဒီနေ့လုပ်တယ်။ မနက်ဖြန် စိတ်မပါရင်မလုပ်ဖူး။ သဘက်ခါစိတ်ပါမှ တစ်ခါပြန်လုပ်တယ်ဆိုရင်တော့ ထိုရည်မှန်းချက်ကိုဘယ်တော့မှအောင်မြင်အောင်အကောင်အထည်ဖော်နိုင်မှာမဟုတ်ပါဘူး။ မျက်လုံးထဲမြင်ယောင်ကြည့်ပါ။ သစ်ပင်တစ်ပင်ကို ဒီနေ့ 5 ချက်ခုတ်တယ်။ နောက် 2 ရက်ခြားတော့တစ်ခါ 5 ချက်ခုတ်တယ်။ နောက် တစ်ပတ်ခြားတဲ့အခါ 5 ချက်ခုတ်တယ်။ အဲ့လိုပုံအတိုင်းသွားရင် ထိုသစ်ပင်ကို လဲတဲ့အထိခုတ်နိုင်မယ်ထင်ပါသလား။ အကယ်၍ အင်မတန်သေးတဲ့ သစ်ပင်တစ်ပင်ဖြစ်နေခဲ့ရင်တောင် အချိန်တော့တော်တော်ပေးရမှာပါ။ ဒါကြောင့် နေ့စဉ်ရက်ဆက်စွဲစွဲမြဲမြဲလုပ်ဖို့က အင်မတန်အရေးကြီးပါတယ်။ တစ်ရက်ချင်းမှာမသိသာပေမယ့် နေ့စဉ်ရက်ဆက်စွဲပြီးလုပ်သွားရင်တော့ စုပေါင်းအင်အားကြောင့် သိပ်မကြာခင်အချိန်မှာပဲ ရည်ရွယ်ချက်ပေါက်မြောက်ပါလိမ့်မယ်။ 5)မအောင်မြင်မချင်း ဆက်လုပ်ပါ။ ရည်ရွယ်ချက်ကောင်းတစ်ခုချမှတ်ပြီးပြီဆိုရင် ထိုရည်ရွယ်ချက်မရောက်မချင်းဆက်လုပ်နေဖို့လိုပါတယ်။ ဥပမာ မိတ်ဆွေက 'ဝ' တဲ့သူတစ်ယောက်မို့ ကိုယ်အလေးချိန် ကျချင်တယ်။ ဒီတော့ အစားအသောက်ဆင်ခြင်ပြီး လေ့ကျင့်ခန်းလည်းလုပ်တယ်။ မိတ်ဆွေမျှော်မှန်းတာက 10 ပေါင်ကျသွားဖို့။ သို့သော် အကြောင်းအမျိုးမျိုးတွေကြောင့် 5 ပေါင်လောက်ကျသွားချိန်မှာ လေ့ကျင့်ခန်းဆက်မလုပ်တော့ဘူး။ အစားလည်းမဆင်ခြင်ဖြစ်တော့ဘူး။ နောက်မှပဲ ပြန်လုပ်တော့မယ်လို့တွေးရင် မိတ်ဆွေဘယ်တော့မှ မျှော်မှန်းတဲ့ ခန္ဓာကိုယ်အနေအထားကိုရမှာမဟုတ်ပါဘူး။ ဒီတော့ အမှားတွေရှိခဲ့ရင်တောင်သင်ခန်းစာယူ။ မိမိကိုယ်ကိုပိုပြီး improve ဖြစ်အောင်လုပ်ရင်းနဲ့ နောက်ဆုံးပန်းတိုင်ကိုရောက်အောင်ဆက်သွားပါ။ ဒါမှသာ မိတ်ဆွေရည်မှန်းချက်ပေါက်မြောက်အောင်မြင်ပါလိမ့်မယ်။ Myanmar leadership Conference 2019 မှာ Dr.John C Maxwell ပြောပြသွားသော Rule of 5 ကို အနှစ်ချုပ်ပြီးပြန်လည်မျှဝေပေးတာဖြစ်ပါတယ်။ အခြားကောင်းနိုးရာရာ ကောက်နုတ်ချက်လေးတွေကိုလည်း Video အနေနဲ့သော်၎င်း၊ ဆောင်းပါး အနေနဲ့သော်၎င်း အလျဉ်းသင့်သလို ပြန်လည်မျှဝေပေးသွားပါ့မယ်။ အကယ်၍ ဒီ Post လေးက မိတ်ဆွေအတွက် တစ်စုံတစ်ရာအကျိုးဖြစ်စေတယ်ဆိုရင် မိတ်ဆွေရဲ့ အခြားသူငယ်ချင်းများလည်း အသိတိုးအောင် တစ်ဆင့်ပြန်လည်ပြီးမျှဝေပေးလိုက်ပါ။ Credit to Yar Zar

No comments:

Post a Comment