၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Saturday 20 July 2019

“ မှီနိုင်သော မေတ္တာ”

ဘုရားရဲ့မေတ္တာက အမြဲတမ်း မှီသောမေတ္တာဖြစ်တယ်၊ ဘုရားမေတ္တာက တွန့်ဆုတ်ပြီး လက်မခံတဲ့ဘုရားမဟုတ်ဘူး။ သင်ဘယ်လောက်ပြေးမလဲ ပြေးတဲ့နေရာထိ ဘုရားကဆွဲခေါ်မှာ ဖြစ်တယ်။ 
ဘုရားမေတ္တာက အကန့်သတ်ဘောင်မရှိဘူး။ 
ဘုရားရဲ့မေတ္တာက ကန့်သတ်ချက်၊ ဂိုဏ်းဂဏ ၊ 
အသင်းတော်ရဲ့ စည်းကမ်းချက်တွေကို ကျော်လွန်ပြီး 
အဲ့ဒီလူကို သွားရှာတဲ့မေတ္တာဖြစ်တယ်။

 သင်နဲ့ကျွန်ုပ်သည် ဘုရားရဲ့မေတ္တာအားဖြင့် ဖြစ်ပွားစေသော သူဖြစ်တယ်၊ လူကိုဘုရားက မေတ္တာ အားဖြင့်ဖြစ်ပွားစေပြီး အလှပ ဆုံးသော 
ဘုန်းအသေရေ နဲ့ ဘုရားရဲ့ သဘောကို ထည့်ထားပေးတယ်၊ 
ဒါပေမယ့် အာဒံရဲ့နားမထောင်ခြင်းကြောင့် သူကျ ဆင်းသွားချိန်မှာ
 မေတ္တာ ဘယ်လောက်တောင်ခေါင်းပါးသွား လဲဆို ညီအကိုချင်းတောင် မချစ်နိုင်တော့ဘူး။ ဘုရားနဲ့ အဆက်သွယ်ပြတ်တာနဲ့ 
ချစ်ခြင်းမေတ္တာ မရှိတော့ဘူး။ 

သင်တစုံတယောက်ကို ချည်နှောင်ထားတယ်။ ခွင့်မလွှတ်နိုင်ဘူး ဆိုရင် ဘုရားနဲ့ အဆက်ပြတ်နေတယ် ဆိုတာနားလည်ပါ။ ဘာကြောင့်လဲ ဘုရားနဲ့အဆက်ရရင် ဘုရားဆီက စီးဆင်းလာတာက ဘုရားရဲ့မေတ္တာပဲဖြစ်တယ်။ ဘုရားရဲ့ခွင့် လွှတ်ခြင်း ၊ သနားခြင်းတွေပဲ စီးဆင်းလာရင် သူဘယ်လောက်ပဲ သင့်အပေါ် ဆိုးခဲ့ဆိုးခဲ့ ၊ နာကျည်းအောင်ဘယ်လိုပဲလုပ်ခဲ့လုပ်ခဲ့၊ ဘုရားရဲ့မေတ္တာကအဲ့အရာတွေကို ဖယ်ရှားပေးတယ်။ 

သင်က ဘုရားနဲ့ တလုံးတဝတည်း မဖြစ်သေးရင် ချည်နှောင်ခြင်းထဲက မလွတ်မြောက်နိုင်ဘူး။ ခွင့် မလွှတ်နိုင်သေးဘူး၊ ဘုရားရဲ့ မေတ္တာကတော့ ခွင့်လွှတ်နိုင်တဲ့ မေတ္တာနဲ့ အစားထိုးပေးတယ်။ သင်တို့ရဲ့ကျောက်နှလုံးသားကိုဖယ်ပြီးမှ နူးညံ့သိမ်မွေ့တဲ့ 
အသားနှလုံးသားကို ထည့်ပေးမယ်လို့ကျမ်း စာကဆိုတယ်။ 
သင်က တစုံတယောက်ရဲ့ ပြုမူလုပ်ဆောင်ချက်ကြောင့် 
စိတ်ထဲခုသွားတယ် ဆိုရင် အမြန်ဖယ်ရှားပါ။ 
ဒီအရာက (virus) လိုပဲ ကင်ဆာဆဲလ်လိုပဲ 
အမြစ်တွယ်ပြီးနုတ်ရခက်တယ်။ 

မကျေနပ်ချက်ရှိရင်ချက်ခြင်းဖယ်ထုတ်လိုက်၊ ငါ့ထဲမှာ ဘုရားရှိတယ်၊ သူဘာပဲလုပ်ခဲ့လုပ်ခဲ့ ငါ့အထဲမှာ ဘုရားရဲ့ ခွင့်လွှတ်ခြင်းရှိတယ် ၊ ဘုရားမေတ္တာနဲ့သူ့ကို ငါလက်ခံမယ်။ ခွင့်လွှတ်ဖို့ ဆုံးဖြတ်ချက်ချလိုက်။ 
အဲ့လို မဖယ်မိဘူးဆိုရင် မကျေနပ်စရာက နာကျည်းစရာ ဖြစ်လာတယ်၊ 
သူငါ့ကို တရက်က ဒီလိုလုပ်ခဲ့တယ် ဆိုတာကို တနုံ့နုံ့နဲ့ တွေးလေ နာရလေ ၊ သူရယ်မောနေတာတွေ့ရင် ပိုနာရတယ်၊ သူအဆင်ပြေရင် ကိုယ်နာရတယ်၊ သူအဆင်မပြေရင် ကိုယ်ဝမ်းမြောက်နေတတ်တယ်။ နာကျင်စရာ မဖယ်ထုတ်တဲ့အခါမှာ ချည်နှောင် ခြင်းတွေဖြစ်လာတယ်။ ခွင့်မလွှတ်နိုင်ဘူး။ 

ချည်နှောင်တော့ ခါးစွာသော ပင်မြစ်ပေါက်တယ်လို့ ဟေဗြဲကျမ်းမှာ ပြောတယ်၊ ခါးတဲ့အပင်မြစ်ဘေးမှာရှိတဲ့အပင်တွေက ခါးကုန်တယ်၊၊ အခါးကြီးက အမြစ်စွဲသွားရင် သူ့ပြောဆိုမှုထဲမှာ အခါးတွေပါလာတယ်၊ ကျမ်းစာဖတ်ရင်တောင် အခါး ကြီးနဲ့ဖတ်နေတာ။ ကျမ်းစာထဲမှာ မတရားသောသူကိုချိုးဖဲ့မယ်ဆိုရင် သူ့ကိုတန်းမြင်တာ၊ လဲကျသောသူကို ဘုရားက ထူမမယ်။ ချီးမြောက်မယ် ဆိုရင် ငါ့ကိုဘုရား ချီးမြောက်တော့မယ်၊ တွေ့ကြသေးတာပေါ့ လို့ကြိမ်းတယ်။ ဘုရားအမှုဆောင်နေရင်လည်း တရားဟောရင် နှုတ်ကပတ်တော် စစ်စစ်ကို မဝေငှပဲ ကိုယ့်နာကျည်းချက် မကျေနပ်ချက်ကို နှုတ်ကပတ်တော်နဲ့ ရောပြီးပြောတယ်။ အဲ့ဒါကိုသင်ဖယ်ထုတ်ဖို့ ဆုံးဖြတ်ချက်မချရင်တော့ 
ဘုရားရဲ့ချို မြိန်တဲ့ မေတ္တာ သင့်အထဲမှာ ဘယ်လောက်ပဲ ထည့်ပေးထည့်ပေး ခါးစွာသောပင်မြစ်နဲ့ ကြောင့် ချိုမြိန်ခြင်းကိုမခံစားရတော့ဘူး။ 
( ဖတ်ရန်ကျမ်းပိုဒ်။ ဓမ္မရာဇဝင်ဒုတိယစောင် အခန်းကြီး ၁၆, ၁၇ ) 
အဟိသောဖေလ က ဒါဝိတ်ဘေးမှာ နေတဲ့ ပညာရှိပုဂ္ဂိုလ်ကြီး 
အရမ်းတော်တယ်၊ ဥာဏ်ကောင်းတယ်၊ ထက်မြက်တယ်။ 

ပညာရှိတာမှ သူတွက်ချက်တဲ့အရာတွေက ဘုရားရဲ့ဗျာဒိတ်တော်အလား အောက်မေ့ရတယ်။ အဗရှလုံ ဒါဝိတ်ကို နန်းလုတဲ့အခါ ဒါဝိတ်ထွက်ပြေးရချိန်မှာ ဒါဝိတ်အားကိုးရတဲ့ အဟိသောဖေလက သူ့နောက်မလိုက်ပဲ အဗရှလုံ နားမှာ ပညာရှိ အမတ်အဖြစ်ဆက်လုပ်တယ်။ နောက်ကြောင်းကိုပြန်ကြည့်တဲ့အခါမှာ အဟိသောဖေလက ဒါဝိဒ်သိမ်းယူခဲ့တဲ့ မိဘုရား ဗာသာရှေဗရဲ့ အဖိုးဖြစ်တယ်၊ ဗာသရှေဗ နဲ့ သူ့ခင်ပွန်းဟောင်းပေါ်မှာ ဒါဝိတ်ပြုတဲ့ အမှုတွေကြောင့် နာကျည်းခဲ့ရတယ်။ 

အဲ့ဒါ ကိုမျိုသိပ်ပြီး ဒါဝိတ်မပြေးခင်ထိ ဒါဝိတ်ဘေးမှာ 
အမှုဆောင်နေတာ ကောင်းသော အကြံတွေပေးနေပေမယ့် ရင်ထဲမှာ ခွင့်မလွှတ်နိုင်တဲ့ ခါးစွာသောပင်မြစ်ဖြစ်နေတယ်။ ဒါဝိတ်ဘေးမှာနေရင်း 
ဘုရားက ဒါဝိတ်ကို ဘိသိက်ထားတယ် ဆိုတာ သိသော်လည်း အထဲကအမြစ်ကခိုင်သွားပြီ။ နောက်ဆုံး ဒါဝိတ်ရဲ့
တဖက်မှာရပ်တည်ပြီး အဗရှလုံကို ကောင်းတဲ့အကြံပေးမယ်၊ 
ဒါဝိတ်ကို အသေသတ်မယ်ဆိုတဲ့အကြံနဲ့ ရပ်တည်တယ်။ 

ကျေးဇူးတော်ကြောင့်ဒါဝိတ်က ဟုရှဲဆိုတဲ့ ပညာရှိတယောက်ကို အဗရှလုံနားကိုပို့ပေးလိုက်တယ်၊ အဟိသောဖေလ ရဲ့ အကြံပေးချက်အတိုင်း လုပ်ရင် ဒါဝိတ်က ညတွင်းချင်း မှာပဲ သေသွားနိုင်တယ်။ ဒါပေမယ့် နောက်ထပ် အကြံပေးအမတ်ဖြစ်တဲ့ ဟုရှဲဆိုတဲ့ လူငယ်က ဒါဝိတ်မသေအောင် တခြားအကြံကို ပေးတယ်။ အာဗရှလုံက အဟိသောဖေလပေးတဲ့အကြံကို မလိုက်ပဲ ဟုရှဲပြောတဲ့ အကြံကိုပဲ လက်ခံလိုက်တဲ့အခါ အဟိသောဖေလ ပိုခံစားရတယ်။ 

အဖေ့လုပ်ရပ်ကြောင့် ခံစား နေရတာ။ သားဖြစ်သူကလည်း သူ့စကားကို လက်မခံတဲ့အတွက် နာကျင်ရတယ်။ စိတ်ဓာတ်ကျသွားတယ်။ အိမ်ပြန်ပြီး ညွှန်ကြားစရာ ရှိတာတွေ ညွှန်ကြားပြီး ကိုယ့်ကိုယ်ကို သတ်သေ သွားတယ်။ အမှန်မှာ ဒါဝိတ် ဘေးမှာ ဘယ်လိုဖြစ်ဖြစ် ရပ်တည်မယ်ဆိုရင် ဒါဝိတ်နန်းပြန်ရတဲ့အချိန် ဇိအုန်တောင် မှာသမိုင်း ဝင်တဲ့ ဒါဝိတ်မင်းရဲ့အမတ်အဖြစ် ကျမ်းစာထဲမှာ ဆက်ပြီး မှတ်တမ်းတင်ထားခြင်း ခံရပြီး ကျွန်တော်တို့ ခွန်အားယူဖတ်နေရအုံးမဲ့ သူဖြစ်တယ်။ 

ဘုရားဘိသိက်တင်ထားတဲ့ အမှုဆောင်သူတွေ ရဲ့ တခြားတဖက်မှာ ဆန့်ကျင်ရပ်တည်မိရင် သင့် ဘဝကို ပျက်စီးသွားစေနိုင်တယ်။ အရမ်းအန္တာရာယ်များတယ်။ သင့်ထဲမှာ ခါးစွာသော ပင်မြစ်ရှိရင်တော့ သင့် ကိုသေတဲ့ အထိ ဆွဲချသွားလိမ့်မယ်။ ဒါကို ဒီနေ့မှာ အပြတ် ရှင်းရအောင်။ သင်နဲ့ကျွန်ုပ်က ယေရှုခရစ်တော် အားဖြင့် အသစ် ပြုပြင်ခြင်းကို ခံရတဲ့သူတွေဖြစ်တယ်။ ယေရှုခရစ်တော်က သင့်ရဲ့ခံစားရခြင်း၊ နာကျင်မှုအလုံးစုံကို လက်ဝါးကားတိုင်မှာ အကုန်လုံး အပြီးပြတ်ချေမှုန်း ဖျက်ဆီးလိုက်ပြီ၊ သင့်ရဲ့ခါးစွာသော ပင်မြစ်ကို ချေ ပစ်လိုက်ပြီ ။

 ၊ ယေရှုက သင့်ထက်နာကျင်ရပါတယ်၊ ပိုကြေကွဲရတယ်၊ ပင်ပန်းရတယ်၊ အဲ့ဒါတွေအားလုံး သင့်ကိုယ်စားသူခံပေး သွားပြီ၊ ကျောက်နှလုံးသားကို ဖယ်ပြီး သူ့ရဲ့အသားနှလုံးသားကို လက်ဝါးကားတိုင်တော်အားဖြင့် ထည့်ပေးတာကို သင်ဝန်ခံလိုက်ဖို့လိုတယ်။ ယေရှုခရစ်တော် သင့် အတွက်လုပ်ပေးတာကို သင်သဘောမတူရင် သင်ဘာမှ အကျိုးကျေးဇူး မခံစားရဘူး။ 

ငါ့နှလုံးသားက ခါးသီးတဲ့နှလုံးသား ၊ ကျောက်နှလုံးသား မဟုတ်တော့ဘူး ဘုရားမေတ္တာနဲ့ ပြည့်ဝသော နှလုံးသား ဖြစ်တယ်၊အာမင်၊ ငါ့အထဲမှာ သီးခံခြင်းနဲ့ပြည့်နေတယ်၊ သနားကြင်နာခြင်းနဲ့ ပြည့်နေတယ်၊ 
ငါ့နှလုံးသားက လက်တွဲခေါ်ချင်တဲ့ နှလုံးသား ၊ အားလုံးကို လက်ခံနိုင်သော နှလုံးသား ဖြစ်တယ်လို့ သင်လက်ခံလိုက်တယ်ဆိုရင် သင့်နှလုံးသားက ကျယ်ဝန်းသောနှလုံးသားဖြစ်လိမ့်မယ်။အဲဒီတန်ခိုးက သင့်ဆီကို 
စီးဆင်းလာမယ်။ သင်ဘယ်လောက်ကြိုးစား ပေမယ့် သူတပါးကို ကိုယ့်အားထုတ်မှုနဲ့ မခွင့်လွှတ်နိုင်ပါဘူး။ 

ခွင့်လွှတ်မယ်၊ ချစ်မယ်၊ လက်ခံမယ်လို့သာ ဆုံးဖြတ်ချက်ချလိုက်ပါ။ 
တကယ့်ဆန္ဒနဲ့သာ ဆုံးဖြတ်ချက်ချလိုက်က သင့်အပိုင်းဖြစ်တယ်။ 
ဘုရားအပိုင်းက သင့်အထဲမှာ သူ့မေတ္တာနဲ့ ခွင့်လွှတ်နိုင်မယ့် တန်ခိုးကို ထည့်ပေး လိမ့်မယ်။ယေရှုခရစ်တော်၌ ရှိရင် အသစ်ပြုပြင်သော သတ္တ၀ါဖြစ်တယ်။ (ရှင်ယောဟန် အခန်းကြီး ၂၁ ) မှာ ယေရှုဘုရား အရမ်းချစ်ရတဲ့ 
တပည့်တော် ၁၂ ပါးရှိတယ်၊ သူတို့ထဲမှာ မှ နဲ့ အတွင်းကျကျ 
အနီးကပ်ဆုံးနေတဲ့ အရမ်းချစ်တဲ့ ပေတရု ၊ ယာကုပ်၊ ယောဟန် တို့ရှိတယ်။

 ယေရှုကို လာဖမ်းတဲ့အချိန် ယေရှုကိုချန်ထားခဲ့ပြီး အကုန်ထွက်ပြေးကြတယ်။ ကိုယ်တော့်ရှေ့ ဘာလာလာ ကာကွယ်မယ်ဆိုတဲ့ ပေတရု တောင်မှ 
၃ ကြိမ် ယေရှုကို ငြင်း တယ်၊ ၃ ကြိမ်မြောက်တော့ ကြက်တွန်သံကြားမှ ချက်ခြင်းသတိရသွားတယ်၊ ကြက်မတွန်ခင် ၃ ကြိမ် ငြင်းပယ်မယ် 
ဆိုတဲ့စကားကို ပြန်သတိရပြီး ရှိုက်ကြီးတငင် ငိုပြီး ထွက်ပြေးသွားတယ်။
 ယေရှုဘုရားရဲ့ အခက်ခဲဆုံး အချိန်မှာ မရှိပဲ ထွက်ပြေးသွားတယ်၊ 

ကိုယ်ဒုက္ခရောက်နေချိန်မှာ ကိုယ်အားကိုးရတဲ့သူက ထွက်ပြေးသွားရင် သင်ဘယ်လိုခံစားရမလဲ၊ ကျွန်တော်တို့ ခံစားရမဲ့ ငြင်းပယ်မှုကို 
သူခံယူတယ်၊ ချစ်ရတဲ့ တပည့်တော်ရဲ့ ငြင်းပယ်မှု ကို သူခံယူတယ်၊။
 ပေတရုလဲ အရမ်းစိတ်ဓာတ်ကျသွားတယ်၊ငါ့သခင် ငါ့ကိုဒီ လောက်ချစ်တာ 
၃နှစ်ခွဲ လုံးလုံး လေ့ကျင့်ပြု စုပေးခဲ့တာ ငါကတော့ သူ့ကို
သစ္စာဖောက်မိတယ် လို့ ပြန်အောက်မေ့ပြီး နာကျင်တဲ့စိတ်နဲ့ လျှောက်သွားနေတယ်။ 

တရက်တော့ ဂါလိလဲအိုင်မှာ ငါးပြန်ဖမ်းဖို့လုပ်တယ်၊ 
(ရှင်ယောဟန် အခန်းကြီး ၂၁ ) မှာ အဲ့အချိန်မှာ ကမ်းပေါ်ကနေ 
လူတစ်ယောက်က ဗိုက်ဆာတယ် ချစ်သားတို့ စားဖို့တစုံတရာ ရှိလားလို့ လှမ်းမေးတယ်၊ ခုချိန်ထိငါးမရသေးဘူးလို့ ပြန်ပြောတော့ ညာဖက်ကို
ပိုက်ချလိုက် ဆိုတော့ ငါးမိတာ ၁၅၃ ကောင်ဖမ်းမိတာ ပိုက်ကွန်ကလဲ 
မစုတ်ပြဲ လို့ ပေတရု ချက်ခြင်း သဘောပေါက်သွားတယ်။ ဒါ ငါ့သခင်ပဲဆိုတာ။ 

လှေနဲ့ပြန်မလာပဲ ရေထဲ ခုန်ချပြီး ကမ်းစပ်ကိုရောက်လာတယ်၊ 
ခုနက သူ့ကို ငါးတောင်းတဲ့သခင်က သူတို့အတွက်တောင် ငါးနဲ့ မုန့်ကို ပြင်ဆင်ထားပေးတယ်၊ ဟာလေလုယာ ၊ ပေတရုသူ့အပေါ် 
လုပ်သွားတာ သူခွင့်လွှတ်တယ်၊ ယေရှုက သူ့အပေါ်မကောင်းတဲ့သူ
 ၊ စွန့်ခွာ သွားတဲ့သူတွေကို မေတ္တာနဲ့ လိုက်ရှာတဲ့ ဘုရားဖြစ်တယ်။
 ယေရှုက ငါ့သား ငါ့ကို ချစ်ရဲ့လားလို့မေးတော့ ပေတရု အရမ်းခံစားရတယ်၊ တကြိမ်သာ အခွင့်ပြန်ရရင် ငါ့သခင်ဖက်ကပဲ ရပ်တည်မယ် လို့စဉ်းစားတဲ့နှလုံးသားကို ဘုရားမြင်တယ်။ အရင်က ၃ ကြိမ် တိုင်တိုင် ယေရှုကိုငြင်း တယ်၊ ခုယေရှုက သူ့ကို ချစ်ရဲ့လားလို့ ၃ ကြိမ်တိုင်အောင်ပြန်မေးတယ်။ 

ငါ့သခင်ကို ငါသစ္စာဖောက်မိသော်လည်း ငါ့ကို ဘယ်တော့မှ 
မစွန့်တဲ့ ဘုရား၊ မေတ္တာနဲ့ပြန်ဆွဲခေါ်သော ဘုရားဆိုတာ 
နားလည်တဲ့အခါမှာ သူ့ဘဝတခုလုံးကို ပုံအပ်လိုက်တယ်။
 နောက်ဆုံး ကားတိုင်မှာ တင်သတ်တာတောင်မှ ယေရှုခရစ်တာ်
 သေသလို သူမခံထိုက်ဘူး၊ စောက်ထိုးတင်သတ်ပါလို့ တောင်းဆိုတယ်။ 
သူ့ဘဝမှာ ဘယ်လို အခက်ခဲတွေပဲ ကြုံပါစေ. သူ့ကိုသတ်မယ် 
ဆိုရင်တောင်မှ အပြုံးမပျက်ပဲ ဘုရားရဲ့မေတ္တာကို ခံစားပြီး အသေခံသွားနိုင်တာကလဲ သခင့်ရဲ့မေတ္တာကို ရလို့ဖြစ်တယ်။

 ဒီမေတ္တာရမှသာ လူတွေ ဘယ်လောက်ပြောပြော ၊ ရိုက်ရိုက် ဂရုမစိုက်တော့ဘူး၊ ဘယ်လောက်တားဆီး တားဆီး ဒီမေတ္တာကြောင့် သင့်ကို ဘယ်အရာကမှ မတားဆီးနိုင်ဘူး။ ကိုယ်တော် သူ့ကိုချစ်ချင်ပါတယ်၊ ဒီနာကျည်းချက် ကလွတ်မြောက်ချင်တယ်၊ သူ့ကို ပြန်ခေါ်ချင်တယ်၊ ခွင့်လွှတ်တဲ့စကားပြောချင်တယ် ၊ ကိုယ်တော် လွတ်မြောက်စေပါ ဆိုတဲ့ ဆုံးဖြတ်ချက်ချပါ၊ ဒီနေ့က သင်လွတ်မြောက်ရာနေ့ဖြစ်တယ်။ 

သင့်ကိုချစ်တဲ့ သခင်ရဲ့ အဝေးကို သင်ဘယ်လောက်ပဲပြေးပြေး၊ သခင့်ရဲ့ မေတ္တာက သင်ရှိနေမယ့် အရပ်ထိအောင် ရောက်လာပြီးနွေးထွေးစွာလွှမ်းခြုံပေးမယ့် မေတ္တာဖြစ်တယ်။ သင့်အထဲမှာ ဘယ်လောက်ခက်ခဲတဲ့ ချည်နှောင်ခြင်းတွေဖြစ်ဖြစ် သခင့်ရဲ့ အပြစ်လွှတ်ခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ ကြီးမားတဲ့မေတ္တာက သင့်ကို ဒီနေ့ပဲ လွှတ်မြောက်စေမှာဖြစ်တယ်။ ထိုဘုရားရဲ့ မေတ္တာထဲမှာ သင်အရှုံးပေးပြီး ဘ၀အသက်တာကို အခုပဲ အပ်နှံလိုက်ပါ။ 
(ဘုရားမေတ္တာ အထူးခံစားရပါစေ)

No comments:

Post a Comment