၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Thursday 27 February 2020

မိန်းမသုံးဦး ဆုံးဖြတ်ချက်သုံးခု ရွေးချယ်မှူသုံးမျိုး

အခြေပြုကျမ်းချက်။ ။ ရုသ ၁:၈-၁၈။ 
ဘဝမှာလူတွေဟာ ဆုံးဖြတ်ချက်အမျိုးမျိုးကို နေ့စဉ်ချကြရတယ်။ 
ဘုရားကတော့ လူတွေကို လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့် 
free will of choice and free decision ပေးထားပါတယ်။ 
သို့သော် မိမိရဲ့ဆုံးဖြတ်ချက်ဟာ ဘုရားအလိုတော်နဲ့ မညီခဲ့ရင် 
ထိုဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲကို မိမိဘာသာ 
တာဝန်ယူရမှာ ဖြစ်ပါတယ်။ 

ရုသ ၁ ကို လေ့လာကြည့်ရင် မိန်းမသုံးယောက်နဲ့ 
သူတို့ရဲ့ ဆုံးဖြတ်ချက်သုံးခုကို တွေ့ရပါမယ်။ 
နောမိ။ ။ မှားယွင်းတဲ့ဆုံးဖြတ်ချက် တစ်ခါချခဲ့ပြီးပြီ။ 
မောဘပြည်ကို မှားယွင်းစွာ ရွေးချယ်ခဲ့ပြီးပြီ။ 

ဒီဆုံးဖြတ်ချက်ရဲ့ အဆုံးသတ်က လင်လည်းသေ သားလည်းသေပြီးပြီ။ 
နောမိမှာ အားကိုးစရာဆိုလို့ ဘုရားပဲ ရှိတော့တယ်။ 
ထာဝရဘုရားဆီကို မျက်မှောက်တော်ရှိရာ အရပ်ကို ပြန်တော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့ နောမိ... မိမိရဲ့ဆုံးဖြတ်ချက်အတိုင်း 
လူတွေ ဘယ်လို ထင်ထင် ဂရုမစိုက်ဘဲ 
ရောက်အောင် ပြန်တယ်။ 

ဩရပ။ ။ သူ့ယောက္ခမ နောမိကို အတော်တော့ ချစ်ရှာပါတယ်။ 
ဒါပေမဲ့ သူက လက်တွေ့သမား။ ဒီနောမိနဲ့သာ ဆက်နေရင် နောက်ထပ်အိမ်ထောင်ပြုဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာ သဘောပေါက်မိသွားတယ်။ ယောက္ခမထက် 
မိမိကိုယ်ပိုင်ဘဝရှေ့ရေးကိုပဲ ရွေးချယ်ခဲ့တယ်။ 

ရုသ။ ။ မိမိကိုယ်ပိုင်ဘဝကို ချစ်သည်ထက် နောမိကို သာ၍ ချစ်တယ်။ 
နောမိမှာ နောက်ထပ်ပေးစားစရာ သားမရှိတော့လည်း 
နောမိအနားမှာပဲ နေချင်တယ်။ နောမိဘယ်သွားသွားလိုက်ဖို့ 
ဆုံးဖြတ်ပြီး တစ်ခါမှ မသိမကျွမ်းဘူးတဲ့ တိုင်းပြည်ကို သွားဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ချစ်သော ညီကိုမောင်နှမများရော 
ကိုယ်တွေက ဘယ်လိုအသက်တာမျိုးလဲ။ 

နောမိကတော့ နောင်တရလျက် ဘုရားသခင်ထံ ပြန်လာဖို့ 
ဆုံးဖြတ်ထားတဲ့ ယံုကြည်သူတွေကို ပုံဆောင်ပါတယ်။ 
ဩရပကတော့ ဘုရားထက် လောကကို ချစ်တဲ့ 
အပျော်အပါးစည်းစိမ်ကို မက်မောတဲ့သူတွေကို 
ပုံဆောင်ပါတယ်။ 

ရုသကတော့ မည်သည့်အခက်အခဲတွေ့ပါစေ ဘုရားကို မစွန့်တတ်တဲ့ ကောင်းကြီးကို မမျှော်ဘဲ မေတ္တာနဲ့ ဘုရားကို ချစ်တတ်တဲ့ 
ယုံကြည်သူကို ပုံဆောင်ပါတယ်။ ဘယ်လိုအခြေနေကြံုတွေ့ပါစေ 
ဘုရားထံလှည့်ပြန်ခဲ့တဲ့ နောမိနဲ့ ရုသကတော့ 

သုညဘဝကနေ အမြင့်ဆုံးထိ ချီးမြှောက်ခြင်း ခံရတယ်။ 
ဆင်းရဲစွာ ပြန်လာရတဲ့ နောမိကတော့ သူဌေးကြီးရဲ့ ယောက္ခမအဖြစ် 
ခန့်ခန့်ကြီးနဲ့ အိုဇာတာ ကောင်းခဲ့ရတယ်။ ဘုရားကို ရွေးချယ်ခဲ့တဲ့ 
ရုသကတော့ အကောင်းဆုံးသော လင်ယောက်ကျားနဲ့ 
ထပ်မံစုံဖက်ခွင့်ရခဲ့တယ်။ ဒါဝိဒ်မင်းမျိုးနွယ်ဟာ 
ရုသအားဖြင့် ဆင်းသက်ခဲ့တယ်။

ကဲ... သင်ရော ဘယ်လို ဆုံးဖြတ်ချက်မျိုးချနေသလဲ။ 
ဘယ်အရာကို ရွေးချယ်နေမိလဲ။  
Crd: PinLung Baptist Church

No comments:

Post a Comment