၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Saturday 11 August 2018

|| အသန့်ရှင်းဆုံးဌာနအခန်း (၁၇)ထွက် ၂၅း၁၀-၂၂ ||

ပဋိညာဉ် သေတ္တာ 
 အသန့်ရှင်းဆုံးဌာနထဲ ၀င်ရောက်လေ့လာကြည့်ကြပါဦးစို့။ အသန့်ရှင်းဆုံးဌာနသည် အလျား(၁၀)တောင်၊ အနံ(၁၀)တောင်၊ အမြင့်(၁၀)တောင်ရှိပြီး အတွင်းရှိ အရာဝတ္ထုအားလုံးကို ရွှေဖြင့်ပြုလုပ်ထားသည်။ အခန်းဝကို ကာရံထားသည့် ကန့်လန့် ကာ၏ နောက်ကွယ်တွင် ဘုရားသခင်၏ ကျေးဇူးပလ္လင်တည်ရာ ပဋိညာဉ်သေတ္တာရှိပြီး ထိုနေရာ သည် ဘုရားသခင် ကျိန်းဝပ်တော်မူရာ အရပ်လည်းဖြစ်သည်။ ပဋိညာဉ်သေတ္တာကို သစ်သားဖြင့်ပြုလုပ်၍ အတွင်းအပြင် နှစ်ဖက်စလုံးကို ရွှေစင်အတိ ဖုံးအုပ်မွမ်းမံထားသည်။ သစ်သားကိုရွှေဖြင့် မွမ်းမံထားသော ပဋိညာဉ်သေတ္တာသည် လူ့ဇာတိ၊ ဘုရားဇာတိဖြင့် အသက်ရှင် ခဲ့သော ခရစ်တော်ကို ပုံဆောင်၏။ သေတ္တာပေါ်တွင် အလွန်ကြီးမား သော ရွှေပြားတစ်ချပ် ဖုံးအုပ်ထားပြီး ထိုရွှေပြားကို သေတ္တာအဖုံးဟုခေါ်သည်။ အလျား နှစ်တောင် ခွဲနှင့် အနံတစ်တောင်ခွဲရှိသော သေတ္တာအဖုံး၏ ဘေးတစ်ဖက် တစ်ချက်တွင် ရွှေဖြင့်ထုလုပ်ထား သော ခေရုဗိမ်နှစ်ပါး မျက်နှာချင်းဆိုင်တည်ရှိကာ သေတ္တာအဖုံးကို အတောင်ဖြင့် ဖြန့်မိုးထားကြ သည်။ ဤနေရာ၌ ဘုရားသခင် ကျိန်းဝပ် ထင်ရှားချိန်တွင် မျက်စိကျိန်းဝပ်လုမတတ် စူးရှအောက် ပြောင်သော အလင်းရောင်ထွန်းတောက်နေသဖြင့် အဘယ်သူမျှ မချဉ်းကပ်နိုင်ပေ။ ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည် အလင်းကိုမဲမှောင်နေသည့် မိုးတိမ်က ပတ်ပတ်လည် ၀န်းရံထားသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်ကို ဖူးမြင်ပြီးသော သူတစ်ယောက်မျှ အသက်ရှင်ခွင့်မရခြင်း ကြောင့် မိုးတိမ်ဝန်းရံ ထားရခြင်း ဖြစ်သည်။ (ထွ၊ ၃၃၊၂၀)။ ပညတ်တော်ကာလ၌ အသက်မရှင်ရဘဲ ကျေးဇူးတော်ကာလကျမှ ကျွန်ုပ်တို့ ယနေ့ အသက် ရှင်နေရခြင်းသည် မည်မျှ ကောင်း လေစွတကား (ရော ၆း၁၄)။ ယခုအခါ ခရစ်တော်ကို ယုံကြည် သောသူ ရှိသမျှတို့သည် မျက်နှာကို ဖုံးအုပ်စရာမလိုဘဲ သခင်ဘုရား၏ ဘုန်းတော်ကို ဖူးမြော် နိုင်ကြပြီ (၂ကော၊ ၃း၁၈)။ ပဋိညာဉ်သေတ္တာ အတွင်းရှိ အရာဝတ္ထုများ ပဋိညာဉ်သေတ္တာအတွင်းရှိ အရာဝတ္ထုများက ပဋိညာဉ်သေတ္တာသည် ခရစ်တော်ကို ပုံ ဆောင်နေကြောင်း ထင်ရှားစွာ ဖော်ပြနေပါသည်။ သေတ္တာအတွင်း၌ ပညတ်တော်(၁၀)ပါးရှိသည်။ ဤလောက၌ ခရစ်တော်ဘုရား သက်တော် ထင်ရှားစဉ်က ခမည်းတော်အား “ကိုယ်တော်၏တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာ ရှိပါ၏”ဟု လျှောက်ဆိုခဲ့၏။ (ဆာ ၄၀း၈)။ မှန်ပါသည်။ ပဋိညာဉ်သေတ္တာသည် ပညတ်တော်(၁၀)ပါးကို လုံခြုံ စွာ စောင့်ထိန်းနိုင်စွမ်းရှိသည်။ သေတ္တာအတွင်း၌ မန္နမုန့်ထည့်ထားသော ရွှေအိုးရှိ၏။ ၎င်းမန္နမုန့်သည်လည်း ခရစ်တော်ကို ပင် ရည်ညွှန်းနေ၏။ 
တစ်ချိန်က အစ္စရေးလ် လူမျိုးများသည် ကောင်းကင်မှချပေးသော 
မန္နမုန့်ကို စားသုံးမှီဝဲ၍ ကန္တာရခရီးကြမ်းနှင်ရသလို ဤလောက၌ ဧည့်သည်အာဂန္တုဖြစ်လျက် ကောင်းကင် နိုင်ငံသို့ ခရီးသွားနေကြသော 
ယုံကြည်သူ ကျွန်ုပ်တို့သည်လည်း မန္နမုန့် (၀ါ) စစ်မှန်သော အသက် မုန့်ဖြစ်သည်။ ခရစ်တော်ကို မှီဝဲစားသုံးကြဖို့ လိုသည် (ယော ၆)။ အသန့်ရှင်းဆုံးဌာနမှာ မန္နမုန့်စားသုံးမှီဝဲစရာ မလိုသည့် ကောင်းကင်ဘုံကို ပုံဆောင်၏။ 
ဤသို့ဆိုလဆင် မန္နမုန့်ကို အဘယ့်ကြောင့် ပဋိညာဉ် သေတ္တာအတွင်း၌ ထည့်သွင်းသိမ်းဆည်း ထားရသနည်း။ အကြောင်းရင်းမှာ ကောင်းကင်နိုင်ငံ ရောက်သောအခါ ဤလောက်၌ ကျွန်ုပ်တို့ အသက်ရှင် စဉ်အချိန်က ခရစ်တော်ထံမှ ခံစားရရှိခဲ့သော ၀မ်းမြောက်ပျော်ရွှင်မှု အလုံးစုံကို ပြန်လည်အောက် မေ့ သတိရရန်ဖြစ်သည်။ ပဋိညာဉ်သေတ္တာအတွင်းရှိ တတိယမြောက် အရာဝတ္ထုမှာ ဗာဒံအပွင့်ပွင့်သော အာရုန်၏ လှံတံဖြစ်သည်။ (ယော၊ ၁၇)။ 
ဗာဒံပင်မှာ ဆောင်းရာသီ ကုန်ဆုံးပြီးနောက် အစောဆုံး အပွင့်ပွင့် သော အပင်ဖြစ်သည်။ ထိုအပွင့်ပွင့်နေသော ဗာဒံပင်က ဆောင်းရာသီ (၀ါ) သေခြင်း၏ အခြားတစ် ဖက်ရှိ အသက်တာသစ်ကို ပုံဆောင်နေ၏။ ထို့ကြောင့် 
အတက် ပေါက်သော လှံတံသည် ရှင်ပြန်ထ မြောက်ခြင်းကို ဆိုလိုသည်။
 သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သော အောင်နိုင်သူ အရှင်ယေရှုသည် ယနေ့တိုင်အောင် အသက်ရှင်လျက် ယဇ်ပုရောဟိတ်မင်းအဖြစ် အမှုဆောင်နေသည်။ သေတ္တာအဖုံး ပဋိညာဉ်သေတ္တာအဖုံးမှာ ရွှေသားစစ်စစ်ဖြင့် ဖုံးအုပ်ထားသည်။ ဘုရားသခင် ကျိန်းဝပ်ရာ ပလ္လင်ဖြစ်သည်။ 
သန့်ရှင်းမြင့်မြတ်သော အနန္တတန်ခိုးရှင် ထာဝရ ဘုရားသခင် ကျိန်းဝပ်တော်မူ၏။ ယင်းပလ္လင်မှာ တရားစီရင်ရာ ပလ္လင် လည်းဖြစ်သည်။ ဤတရားပလ္လင်အောက်တွင် အစ္စရေးလ် လူမျိုးများ ဖောါက်ဖျက ကျူးလွန်ခဲ့သည့် ပညတ်တရားတော်ရှိသည်။ ဘုရားသခင်သည် အပြစ်သား တို့အလယ်တွင် ကျိန်းဝပ်၍ ကင်းလွတ်ခွင့်ရခြင်းဖြစ်သည်။ အမှန်စင်စစ် အပြစ်သားများကို ပြစ်ဒဏ်စီရင်၍ ထာဝရဖျက်ဆီးသင့်သော်လည်း ယဇ်ပုရော ဟိတ် မင်းက တစ်နှစ်တစ်ကြိမ် ဤပလ္လင်ထက်၌ အသွေးပက်ဖျန်းထားခြင်းကြောင့် ပြစ်ဒဏ်စီရင် ခြင်းမှ ကင်းလွတ်ခွင့်ရခြင်းဖြစ်သည်။ ယဇ်ပုရောဟိတ် မင်းပက် ဖျန်းသည့် အသွေးတော်မှာ ခရစ်တော်၏ စုံလင်သော ပူဇော် သက္ကာယဇ်ကို ပုံဆောင်သည်။ ဓမ္မစောင်းခေတ်က တရားစီရင်ရာ တရားပလ္လင်သည် ဓမ္မသစ်ခေတ် တွင် ကရုဏာကျေးဇူးခံစားရာ ပလ္လင်အဖြစ်သို့ ပြောင်းလဲလာသည်။ (ရော၊ ၃း၂၅)။

 ခေရုဗိမ် ဘုရားသခင် ဖန်ဆင်းထားသော သက်ရှိသတ္တ၀ါအပေါင်းတို့တွင် ခေရုဗိမ်တို့သည် ချီး မြှောက်ခြင်း အခံရဆုံးသော ပုဂ္ဂိုလ်မြတ်များဖြစ်ကာ ဘုရားသခင်၏ ပလ္လင်ကိုစောင့်ကြည့်ရသူများ လည်း ဖြစ်သည်။ ဧဒင်ဥယျာဉ်ထဲသို့ ၀င်ရာလမ်းကို ခေရုဗိမ်များက မီးစက်လက်နက် ကိုင်စွဲစောင့် ရှောက်ကြသည်။ (က၊ ၃း၂၄)။ တဲတော်အတွင်း၌ ခေရုဗိမ်တို့သည် ကျေးဇူးတော်နှင့် ဆက်နွယ်နေကြ၏။ ပဋိညာဉ်သေတ္တာ အဖုံးပေါ်တွင် အတောင်များဖြန့်မိုးလျက် အသွေးပက်ဖြန်း ထားသော သေတ္တာအဖုံးဘက်သို့ မျက်နှာမူပြီး ငုံ့ကြည့်နေကြသည့် ခေရုဗိမ်တို့၏ ရုပ်ဆင်းသဏ္ဍာန်မှာ နှစ်လိုဖွယ်ရာ ကောင်းလှပေ ၏။ ကျေးဇူးပလ္လင် ကျေးဇူးတို့၏ ယဇ်ပုရောဟိတ်မင်းကြီး အရှင်ယေရှုသည် မိမိ၏ အသွေးတော်ကို ဘုရား သခင်အထံတော်သို့ ယူဆောင်လာပြီး ကောင်းကင် ဘုံသန့်ရှင်းရာ ဌာနထဲသို့ တစ်ခါတည်း ၀င်တော်မူ၏။(ဟေဗြဲ၊ ၄း၁၄၊ ၉း၁၁-၁၂)။ ထို့ကြောင့် ကောင်းကင်ဘုံ၌ တရားစီရင်ရာ ပလ္လင် မရှိတော့ဘဲ ကျေးဇူး ပလ္လင်သာ ရှိတော့၏။ ချစ်မိတ်ဆွေ - ယခုပင် ဘုရားသခင်၏ ကျေးဇူးပလ္လင်သို့ ချဉ်းကပ်ပြီးကရုဏာနှင့် ကောင်းချီးမင်္ဂလာခံယူ၍ ၀မ်းမြောက်ရွှင်မြူးစွာ အသက်ရှင်ပါလေ။ ကျေးဇူးတော် ခံစားရာ ကာလသည် နှစ်ပေါင်း(၂၀၀၀)ရှိခဲ့ လေပြီ။ ယခုကျေးဇူး တော်ကာလ ကုန်လုနီးပြီဖြစ်၍ ခရစ်တော်တဖန် ပြန်လည်ကြွလာပြီး တရားစီ ရင်တော့မည်။ ကျေးဇူးတော်ကာလ ကုန်ဆုံးသွားပြီးနောက် သင့်အတွက် ကယ်တင်ခြင်းခံစားခွင့် မရနိုင်တော့ကြောင်း အထူးသတိပေးလိုပါသည်။ နောက်မှ ခရစ်တော်ကို လက်ခံရန် အချိန်နှောင်း သွားပြီဖြစ်၍ သင်နှင့်တကွ နောင်တမရ သောသူ 
ရှိသမျှတို့ ရင်ဆိုင်ရမည့် ပလ္လင်မှာတရားပလ္လင်သာ ရှိတော့မည်။ သေလွန်သောသူ အကြီးအငယ်ရှိ သမျှတို့သည် ပလ္လင်ဖြူကြီးရှေ့၌ ရပ်လျှက် တရားစီရင်ခြင်း ခံရမည် (ဗျာ၊ ၂၀း၁၁-၁၅)။ ပလ္လင်ဖြူရှေ့၌ ရပ်နေသူတစ်ဦးတစ်ယောက်မျှ အပြစ်ခွင့်လွှတ်ခြင်း ခံရ တော့မည် မဟုတ်ချေ။ ကျေးဇူးပလ္လင်သို့ 
မချဉ်းကပ်သောသူ မှန်သမျှသည် ကြောက်မက်ဖွယ်ရာ ပလ္လင်ဖြူကြီးရှေ့တွင် ရပ်ကြရပြီး မိမိတို့အသီးသီး ကျူးလွန်ခဲ့သော အပြစ်နှင့်အညီ တရားစီရင် ချက်ကို ကိုယ်တိုင်ကြားနာကြရလိမ့်မည်။ ဤမြေပေါ်တွင် အသက်ရှင်ခဲ့စဉ်က ဘုရားသခင်၏ ကယ်တင်ခြင်း ကျေးဇူးကို ငြင်းပယ်ခဲ့သူတို့သည် ကန့်နှင့်မီးလောင်ကျွမ်းနေသော မီးအိုင်ထဲသို့ ပစ်ချခြင်း ခံရလိမ့်မည်။ ငရဲထဲ ပစ်ချခံရလျှင် ဘုရားသခင်အပေါ် သင်အပြစ် တင်စရာအကြောင်း လုံးဝမရှိပါ။ ဘုရား သခင်က ကြီးများလှသော မေတ္တာ ကရုဏာဖြင့် လူသားတိုင်းကို ကယ်တင်ခြင်း ရစေလိုသော ကြောင့် ကျေးဇူးတော် တံခါးကို ကြာမြင့်စွာ ဖွင့်ထားသော်လည်း လူသားများက ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံဘဲ ငြင်းပယ်ခဲ့သဖြင့် “ဘယ်သူမပြု မိမိမှု” စကားရှိသည့်အတိုင်း မိမိတို့ ကံကြမ္မာကို မိမိတို့ ဖန်တီးခြင်းသာ ဖြစ်ပေသည်။ ပြစ်ဒဏ်ခံရာအရပ်သည် ထာဝရငိုကြွေးခြင်း၊ အံသွား ခဲကြိတ်ခြင်းဖြင့် ဝေဒနာခံစားရာ အရပ်ဖြစ်၏။ ထိုနေရာသို့ ရောက်သောသူအဖို့ ၀မ်းနည်းကြေကွဲ၍ ဆုံးနိုင်မည် မထင်။ 
စာရှုသူ မိတ်ဆွေ - --။ 
သင်သည် ရွှေအိမ်တော်၏ အပြစ်ဘက် မှောင်မိုက် ဒုစရိုက်ထဲတွင် ရှိနေသူဖြစ်ကြောင်း ၀န်ခံလျက် နောင်တနှလုံးသားဖြင့် ဘုရားသခင်အထံတော်သို့ ယခုပင် ချဉ်းကပ်လျှင် ကယ်တင် ခြင်းခံရပြီး ငရဲကျမည့်အဖြစ်ဆိုးကြီးမှ ကင်းလွှတ်ရလိမ့်မည်။ သင်နှင့်လူသား ရှိရှိသမျှတို့ ကယ်တင်ခြင်းရလျှက် ထာဝရပျော်ရွှင်ခြင်းဖြင့် အသက်ရှင်ဖို့ ဘုရားသခင် အလိုရှိသည်။ ဤလိုလား တောင့်တမှုသည်ပင် ကျွန်ုပ်တို့၏ ဆန္ဒ၊ ကျွန်ုပ်တို့၏ ရည်မှန်းချက် ဖြစ်သည်။ ရွှေအိမ်တော်သို့ ကြွလှမ်းခဲ့ပါ အခန်း (၁၈) မ၊ ၁၁း၂၈၊ ၂ ကော ၆း၂ ကျွန်ုပ်တို့အယောက်တိုင်းသည် အိမ်တော်၏အပြင်ဘက်၌ ရှိပြီး ဘုရားသခင်နှင့် ဝေးကွာနေ သော အပြစ်သားများ ဖြစ်ကြ၏။ ဘုရားသခင်အား ရန်ဖက်ပြု နေသူ များလည်း ဖြစ်ကြသည်။ ကျွန်ုပ် တို့အယောက်တိုင်း၌ အလွန်ကြီး လေးလံသော အပြစ်ကြွေးရှိသောကြောင့် ထာဝရမှောင်မိုက်အရပ် တွင် ကြေကွဲဖွယ်ရာ အဖြစ်ဆိုးကြီးနှင့် ကြုံတွေ့ရမည့်သူများ ဖြစ်ကြသည်။ သို့ရာတွင် ကျွန်ုပ်တို့အတွက် အရှင်ယေရှုတည်းဟူသော တံခါးပေါက်တစ်ပေါက် ဖွင့်ထား လျက်ရှိသည်။ ထိုဖွင့်ထားသော တံခါးပေါက်မှ အိမ်တော်အတွင်းသို့ ကျွန်ုပ်တို့ ၀င်ရောက်လာသော အခါ ကြေးဝါယဇ်ပလ္လင်ကို ပထမဦးဆုံး တွေ့မြင်ရသည်။ ယဇ်ပလ္လင်ကို မြင်သည်နှင့် မိမိ၏တစ်ပါး တည်းသော သားတော်ရင်းကို မနှမြောဘဲ ကားတိုင်ထက်၌ ကျွန်ုပ်တို့ကိုယ်စား အသေခံစေသည် အထိ ကျွန်ုပ်တို့ကို ချစ်တော်မူသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ကြီးမားလှပုံကို နားလည်ခံစား ရသည်။ ထို ယဇ်ပလ္လင်၌ ဘုရားသခင်နှင့် ကျွန်ုပ်ကိုရန်ငြိမ်းလျက် ငြိမ်းချမ်းစွာ မိတ်သဟာယ ဖွဲ့ခွင့်ရ လာသည်။ တဖန် အင်တုံသို့ ဆက်လက် ချဉ်းကပ်ပြီးမှ အိမ်တော်အတွင်းပိုင်းသို့ ၀င်ရောက်ရသည်။ ကျွန်ုပ်တို့ တွေးဆမျှော်လင့်ထားသည်ထက် သာလွန်ထူးမြတ်သော အရာများ ရွှေအိမ်တော် အတွင်း၌ ရှိနေသည်။ ရွှေ မီးခုံ၊ ရွှေ စားပွဲနှင့် ရွှေယဇ်ပလ္လင်တို့တွင် အရှင်ယေရှု၏ ကြွယ်ဝသော ဘုန်းအသရေ စည်းစိမ်များကို တွေ့မြင်ရလေသည်။ ကန့်လန့်ကာကို ဖြတ်ကျော်လိုက်သည်နှင့် ဘုန်းတော်ရောင်ခြည် ၀န်းရတောက်ပနေသော ဘုရားသခင် ကျိန်းဝပ်ရာ ပလ္လင်ရှိသည်။ ဤနေရာတွင် လူသားများကို ဘုရားသခင်နှင့်အတူ ရှိစေလို၏။ သာယာချမ်းမြေ့ဖွယ်ရာ ဤအရပ်သည် ကျွန်ုပ်တို့၏ဘူမိနက်သန် နေစရာအိမ်ဖြစ်သတည်း။ ကျွန်ုပ်တို့ လူသားတိုင်းကို ဤနေရာမျိုး၌ ဘုရားသခင် နေစေချင်လှသည်။ ဤအကြောင်း အရာများသည် သင့်အတွက် စိတ်ကူးယဉ် အိမ်မက် (၀ါ) ဒဏ္ဍာရီပုံပြင် ဆန်လှသည်ဟု ထင် ကောင်းထင်မိလိမ့်မည်။ ဖြစ်နိုင်ဖွယ်ရာ မရှိဟု အလျင်စလို မဆုံးဖြတ်သင့်ပါ။ အမှန်တကယ် ယုံကြည်ခြင်းဖြင့် မျှော်လင့်မည်ဆိုပါက များမကြာမီ အချိန်အတွင်း ကျွန်ုပ်တို့ကိုယ်တိုင် မျက်ဝါး ထင်ထင် တွေ့မြင်ခံစားရလိမ့်မည်။ ဘုရားရှင်၏ ချစ်ခြင်းမေတ္တာသည် တုဖက်ကင်းသော မေတ္တာပါတကား။ ကျေးဇူးတော်သည် လည်း တိုင်းဆနှိုင်းမရလောက်အောင် ကြီးမားလှပေစွ။ ဤအမူအရာ အားလုံး ကို ပြီးပြည့်စုံအောင် ဆောင်ရွက်ခဲ့သော ဘုရားသခင်၏ သားတော်သည် အံ့သြဖွယ်ရာ ပုဂ္ဂိုလ်ဖြစ်သတည်း။ အဘယ်မည်သောသူသည် ကိုယ်တော်နှင့် တူနိုင်အံ့နည်း။ ဤအမှုအားလုံးကို ပြီးပြည့်စုံစေ ခဲ့သည့် အရှင်က “ငါသည် အလျင်အမြန် လာမည်၊ မှန်ပေ၏” ဟု အသက်သေခံထား၏။ ယုံကြည်သူများကို ကောင်းကင်အိမ်တော်သို့ သိမ်းဆည်းရန် ကိုယ်တော်ရှင် ကြွလာသော အခါ ကုဋေသင်္ချေမကသော ရွေးနှုတ်ခြင်းခံရသူတို့သည် ကောင်းကင်ဘုံ သန့်ရှင်းရာအရပ်တွင် ချီး မွမ်းတေး ထာဝရသီဆိုကြလိမ့်မည်။ စောင်းတီးလျက် အလွန်သာယာနာပျော်ဖွယ်ကောင်းပြီး ခံ့ညားထယ်ဝါသောအသံဖြင့် ဂုဏ်တော်ချီးမွမ်းကြလိမ့်မည်။ ကျွန်ုပ်တို့ကို ချစ်တော်မူ၍ မိမိအသွေးတော်ဖြင့် အပြစ်များကို ဆေးကြောပေးရုံမျှမက ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တော်၌ ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ် အရာ၌လည်း ကောင်း၊ ခန့်ထားတော်မူသော ကိုယ်တော်ရှင်သည် ကမ္ဘာ အဆက်ဆက် ဘုန်းကြီး၍ မင်္ဂလာရှိပါ စေသော။ အာမင်။ 
ချစ်မိတ်ဆွေ - ကောင်းကင်ဘုံ အိမ်တော်၌ သင်ဧကန်မုချ ၀င်စားရမည်ဟု ယုံကြည်စိတ်ချ နိုင်ပြီလား။ ယုံကြည်သူများကို သိမ်းဆည်းရန် ကိုယ်တော်ရှင် ပြန်လည်ကြွ လာသောအခါ သင်လည်း ကျွန်ုပ် တို့နှင့်အတူ လိုက်ပါလိုပါသလား။ ကာင်းကင်ရွှေပြည်သို့ ရှေ့ရှုလျှောက်လှမ်းနေသူ၏ အသက်တာသည် အဘယ် မျှလောက် ၀မ်းမြောက်ကြည်နူးဖွယ် ကောင်းလေစွ။ သင်လည်း ကျွန်ုပ်တို့နှင့်အတူ လိုက်ပါနိုင်သည်။ သင့်အား လှိုက်လှဲပျူငှာစွာ ဖိတ်ခေါ်ပါသည်။ မေတ္တာတော်ရှင် ဘုရားသခင်က “၀န်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်” ဟု ယနေ့တိုင် စိတ်ရှည်စွာ ဖိတ်ခေါ်နေပါသည်။(မ၊၂၂း၂၈)။ “ယခုပင် နှစ်သက်ဖွယ်သော အချိန်ရှိ၏။ ယခုပင် ကယ်တင်ရာ နေ့ရက်ကာလ ဖြစ်၏” (၂ကော ၆း၂)။ ယခုပင် လှမ်းခဲ့ပါ အသင်ချစ်မိတ်ဆွေ။ By – Zaw Kun

No comments:

Post a Comment