၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Wednesday 4 September 2019

( သင်ဟာ စစ်သူရဲ, တိုက်ပွဲဝင်ရဲမှသာ အောင်ပွဲခံရမယ် )

 ထွက်မြောက် ၁၅:၃, ယာကုပ် ၄:၇, ကမ္ဘာ ၁:၂၆-၂၇,
 ရောမ ၅:၁၇, ၁တိ ၁:၁၈, ၂တိ ၂:၁-၃  
ထာဝရဘုရားသည် စစ်သူရဲဖြစ်တော်မူ၏။" (ထွက် ၁၅:၃) 
ယုံ ကြည်သူများကိုလည်း "ယုံကြည်ခြင်း၌တည်၍ ကောင်းသော
စစ်ကို တိုက်လော့" လို့ မိန့်မှာ ထားတယ် (၁တိ ၁:၁၈)။ 
တိုက်ပွဲဆိုတာ ယုံကြည်သူများ ရှောင်လွှဲမရတဲ့အရာဘဲ။ 

ယုံကြည်သူမှန်ရင် ဒီဘဝမှာစိုးစံဖို့ ဘုရားရှင် အလိုတော် ဖြစ် တယ်။ 
ဖျားနာခြင်း၊ ချို့တဲ့ခြင်း၊ စိုးရိမ်ခြင်း၊ ရှုံးနိမ့်ခြင်း၊ ပြဿနာအမျိုးမျိုးနဲ့ ရန်သူရဲ့တိုက်ခိုက်မှုများကို အောင်နိုင်လျက် စိုးစံရမှာဖြစ်တယ်။ 
ခရစ်တော်ပေးတဲ့ ကြွယ်ဝသော အသက်တာကို ဒီဘဝမှာ 
ခံစားဖို့ ဖြစ်တယ်။ (ယော ၁၀:၁၀) 

ဒါကြောင့် (ရောမ ၅:၁၇) မှာ "ကျေးဇူးတော်၏ကြွယ်ဝခြင်းကို၎င်း၊
 ဖြောင့်မတ်ရာသို့ သွင်းပေးခြင်းကို၎င်း ခံရသောသူတို့သည်
 ယေရှုခရစ်အားဖြင့် အသက်ရှင်လျက် သာ၍ စိုးစံကြလတံ့" လို့ပြော တယ်။ 
ဒါပေမဲ့ ဒါတွေအလိုလိုဖြစ်လာမှာ မဟုတ်ဘူး။ ရန်သူရဲ့ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်စီးခြင်းကိုမိမိက တိုက်ထုတ်မှသာ ခံစားရမယ်။ 

ဒါကြောင့် မာရ်နတ်ရဲ့ လုပ်ရပ်တွေကို သည်းညည်းမခံပါနဲ့။
 နှုတ်ကပတ်တော်နဲ့ ယေရှုနာမတော်ကို စွဲကိုင်ပြီး တိုက်ပွဲဝင်ပါ။ 
မာရ်နတ်ကို ဆီးတားမှ သူထွက်ပြေးမယ်။ 
သူ့ဖါသာသူထွက်သွားမှာမဟုတ်ဘူး။ 
သင်က ငြိမ်ခံနေသရွေ့ သူဆက် ခိုးယူဖျက်ဆီးနေမှာဘဲ။ 
ဒါကြောင့် (ယာကုပ် ၄:၇) က "မာရ်နတ်ကိုဆီးတားကြလော့။ 

သို့ ပြုလျှင် သူသည် သင်တို့ထံမှထွက်သွားလိမ့်မည်" လို့ ဆိုတယ်။ မူရင်းဂရိဘာသာမှာ သူဟာကြောက်လန့်တကြား ထွက်ပြေးသွား မယ်လို့ ရေးထားတယ်။ တိုက်ပွဲဝင်ရမှာကြောက်တဲ့အတွက် ယုံကြည်သူများ၊ 
ကတိတော်ကို အမွေမခံရကြဘူး။ 
မိမိရဲ့ ပန်းတုံးတိုင်နဲ့ လွဲချော်သွားကြတယ်။ 

ကျမ်းစာထဲမှာ စစ်မတိုက်နဲ့။ သူတိုက်ပေးမယ်လို့ ဘုရားပြောတာ
 ၂ ကြိမ်ဘဲရှိတယ် (ထွက် ၁၄:၁၃-၁၄; ၂ ရာချုပ် ၂၀:၁၅-၁၇)။ ဘုရားကပေးပြီးပြီလို့ပြောတဲ့ခါနန် ပြည်ကို ယောရှုတို့ တိုက်ယူခဲ့ရတယ်။ ဘုရားသခင်ဟာ မြေကြီးပေါ်မှာ လူကို လုပ်ပိုင်ခွင့်လွှဲအပ်
 ပြီးဖြစ်တဲ့အတွက် လူမလုပ်ရင် ကိုယ်တော်မလုပ်ပါ။ 

လူကိုသုံး၍ အလုပ်လုပ်တယ်။ ဘုရားရှင်၏ခွန်အားကိုအမှီပြုလျက် နှုတ်ကပတ်တော်ကို စွဲကိုင် ပြီးယေရှုနာမဖြင့် တိုက်ပွဲဝင်ပါ။ ကြွယ်ဝတဲ့အသက်တာကို ရရှိမယ်။ ကတိတော်ကို အပိုင်ရပြီး 
မိမိ၏ပန်းတုံးတိုင်ကို ရောက်ရှိမယ်။ သင့်အားဖြင့် ဘုရားနိုင်ငံတော်ကျယ်ပြန့်လာမယ်။ 
ဒါကြောင့် ယုံကြည်ခြင်းဖြင့် ကောင်းသောစစ်ကို 
တိုက်ပါလေ။

No comments:

Post a Comment