တောင်ပေါ်ဒေသနာဟူ၍ လူသိများသော ဒေသနာတော်ကို ယေရှုက အကုန်အစင်ဟောပြောပြီး ကပေရနောင် မြို့ကို ကြွတော်မူလျက် သေလုဆဲဆဲလူတစ်ဦးကို ကျန်းမာစေခဲ့သည်။
( လုကာခရစ်ဝင်ကျမ်း ၇း ၁-၁၀ )
ယေရှုသည် တခါတရံ နှုတ်တော်ကို အရင်ဖွင့်ဟပြီးမှ လက်တော်ကိုဆန့်တန်းလေ့ရှိသည်။ သို့သော် အချို့တို့ကိုမူ
အရင် လက်တော်ဆန့်ကာ ကျန်းမာစေပြီးမှ တရားတော်ကို
သွန်သင်လေ့ရှိသည်။ မည်သို့ပင်ဖြစ်စေ ဤအမှုနှစ်ခုကို
မျှတစွာ ဒွန်တွဲတော်မူ သည်ကို တွေ့ရသည်။
နှုတ်ကပတ်တော်ဟောသောအမှု၌ုလည်း မည်သည့်အခွင့်အရေးကှိုမျှ လက်လွတ်မခံ သကဲ့သို့ ကူညီရိုင်းပင်းခြင်း၊ လက်တော်ဆန့်ကာ မစခြင်းအမှုကိုလည်း လိုအပ်လာတိုင်း ဆောင်ရွက်တော်မူခဲ့ သည်။
ယနေ့ အမှုတော် လုပ်ငန်းမှာ ယေရှုသည်သာ
အကောင်းဆုံးပုံသာဓကပင်။
ဤနေရာ၌ ထူးခြားသော တပ်မှူးတစ်ဦးကို မြင်တွေ့ရသည်။ သူသည် တပါးအမျိုးသား၊ တပ်သားတရာ အုပ်ချုပ်သော တပ်မှူးဖြစ်သည်။
သို့သော် သူ၏ လူမျိုး၊ သူ၏ရာထူးကြောင့် မောက်မာခြင်း မျိုးမရှိဘဲ၊ အသက်ရှင်သော ဘုရားသခင်၏ လူမျိုးတော်တည်း ဟူသော
ယုဒလူမျိုးကို သူလေးစားကြည်ညိုခဲ့သည်။
ယုဒလူမျိုးအတွက် တရားစရပ်ပင်ဆောက်ပေးခဲ့သည်။မိမိလက်အောက်
ငယ်သား၊ ကျွန်တို့အပေါ်၌လည်း မေတ္တာထားရှိသူဖြစ်သည်။
အထူးခြားဆုံးမှာ သူသည် ယေရှုကိုသိပြီး၊ ယေရှုကို ခိုင်ခိုင်မာမာ
ယုံကြည်ခဲ့သည်။မည်သူက ယေရှုအကြောင်းကို သူ့အား ပြောပြခဲ့
သည်ကိုမူ ကျွန်ုပ်တို့မသိရသော်လည်း တပည့်တော်များ၊
တစ်ဆင့်ကြားရသူများ၊ သူ့ငယ်သားများ စသဖြင့်
ဖြစ်နိုင်ခြေအမျိုးမျိုးရှိပါသည်။
ထိုတပ်မှူး၏ ကျွန်တစ်ယောက်သည် အပြင်းဖျားပြီးသေလုမတတ်ဖြစ်နေသည်။
တပ်မှူးက ထိုကျွန်အတွက် သမားတော်များကို ခေါ်ပင့်လိုက ခေါ်ပင့်နို
င်သော်လည်း ယေရှု သူတို့မြို့ရောက်နေသည်ဟူသော အကြောင်း သိထားသောကြောင့် ပို၍သေချာသော ယေရှုထံ မိမိ၏ ၀န်ထုပ်ကို
ယူဆောင်ရန် ဆန္ဒပြင်းပြခဲ့သည်။
ယေရှုကို တွေ့ ရမည့်ကိစ္စအတွက် သူ ကြိုတင်ကာ ပြင်ဆင်မှု ကောင်းမွန်စွာ လုပ်ခဲ့သည်။ တပ်မှူးသည် ယေရှုကို တွေ့ဆုံရန် မိမိမထိုက်တန်ဟု
ဆိုကာ ယုဒလူကြီး အချို့ကို ကြိုတင်တွေ့ဆုံ၍ ယေရှုအား
အသနားခံပေးရန် သွားပြီး အကူအညီ တောင်းခဲ့သည်။
ထိုတပ်မှူးအနေဖြင့် ယေရှုကို လူတိုင်း၊ တွေ့ချင်သူတိုင်း- ကလေး၊
လူကြီး၊ ဘာသာရေးဆရာ၊ မသန့်ရှင်းသူ၊ နူနာသည်၊ ရောဂါသည်၊
ဒုက္ခိတ၊ မိန်းမ၊ယောကျာင်္းမရွေး တွေ့ကြ၊ ထိကြသည်ကို
သိသော်လည်း သူမှာ ယေရှု၏ မြင့်မြတ်ခြင်း၊ သခင်ဖြစ်ခြင်း၊
သန့်ရှင်းခြင်း၊ ဘုန်းနှင့် ပြည့်စုံတင့်တယ်ခြင်း တို့ကို ယုံကြည်ခြင်းအား ဖြင့်သိမြင်သောကြောင့် မိမိ မစုံလင်ခြင်း၊ ရုပ်တုကိုးကွယ်သော တပါးအမျိုးသားအလယ် အရင်၌ ကျင်လည်နေ ရခြင်း
အသက်တာတို့နှင့် ယေရှုကို မချဉ်းကပ်ရဲသောကြောင့်
တမင် ယင်းကဲ့သို့ စီစဉ်ရခြင်းဖြစ်သည်။
ယုဒလူကြီးများက ယေရှုကိုခေါ်ပင့်ပေးသောအခါတွင်လည်း
သူ့အိမ် အမိုးအောက် ကြွလာတော်မူခြင်းကျေးဇူး မခံထိုက်ကြောင်း သူ့မိတ်ဆွေများအားဖြင့် ယေရှုကို မလာရန် ဆီးတားလေသည်။
ဤ နေရာတွင် လွန်ကဲစွာ အောက်ကျို့နေခြင်းမျိုး၊ ဟန်ဆောင် နှိမ့်ချနေခြင်းမျိုးမဟုတ်ဘဲ ယေရှုအတွက် ထိုသို့ ကြွလာရန်ပင်
မလိုဘဲ အဝေးမှ အမိန့်တော်တစ်ခွန်းရှိလျှင်ပင် မည်သည့်အရာ၊
မည်သည့်ရောဂါမဆို နာခံမည်ဖြစ်ကြောင်း သူအခိုင်အမာ ယုံကြည်သောကြောင့်ပင်။
တစ်နည်းဆိုသော်၊ ယေရှုသည် သက်ရှိအရာ၊
သက်မဲ့အရာ ၊ရူပအရာ၊ အရူပအရာ၊ အရာခပ်သိမ်းကို သူ၏ အမိန့်တော်တစ်ခွန်းဖြင့် စေခိုင်းပိုင်သော အရှင်သခင်ဖြစ်ကြောင်း ယုံကြည်နေသောကြောင့်ဖြစ်သည်။
ယေရှု၏ အရှင်သခင်ဖြစ်ခြင်းကို အထက်လူက အောက်ငယ်သားအပေါ် အာဏာပြစိုးမိုးခွင့် ရှိခြင်းနှင့်ခိုင်းနှိုင်းကာ ယေရှုကို အလွန်တရာကြည်ညိုပြီး ယုံကြည်အားကိုးခဲ့သည်။ သက်တော်စဉ်တစ်လျှောက်၊
လူကို လွယ်လင့်တကူမချီးမွမ်းတတ်၊ လူအများကိုလည်း
မချီးမွမ်းသော ယေရှုကိုယ်တော်ကဤတပ်မှူး၏ ယုံကြည်ခြင်းကို
မချီးမွမ်းဘဲကပေရနောင်မြို့မှ မထွက်ခွာခဲ့ပါ။
ထိုကပေရနောင်မြို့မှာမူ မြို့သူမြို့သားများ၏
မယုံကြည်မှုကြောင့် နောက်၌ ယေရှုက ကျိန်ဆဲခဲ့သည်ကို
( မဿဲ ၁၁း၂၃၊၂၄၊ လုကာ ၁၀း၁၅) တွင်တွေ့ရသည်။
တပ်မှူး၏ ယုံကြည်ခြင်းသည် လူမျိုးတစ်မျိုးလုံး၌ပင် တွေ့နိုင်ရန် ခက်ခဲသော ယုံကြည်ခြင်းပင်။ ထိုထက်မက သာမန်လူမျိုးပင် မဟုတ်၊ ဘုရားလူမျိုးတော် ဣသရေလ အမျိုး၌ပင် မတွေ့နိုင်သေးသော ယုံကြည်ခြင်းမျိုးပင်။
ထိုယုံကြည်ခြင်းမျိုးကား မည်ကဲ့သို့သော ယုံကြည်ခြင်းနည်း။ ယေရှုကို အရာအားလုံး သခင်၊ အစိုးပိုင်သော အရှင်အဖြစ် ယုံကြည်နေခြင်းဖြစ်သည်။ အသက်ရှင်ခြင်း၊ သေခြင်း၊ နာခြင်း၊ ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ဘေးကြုံရခြင်း၊ လုံခြုံခြင်းအစရှိသော လူဘ၀၏ကဏ္ဍတိုင်း၊အစိတ်အပိုင်း
တိုင်းကို သော်၎င်း၊ ကမ္ဘာ့သမိုင်းနှင့် ကမ္ဘာ့အနာဂတ်ကိုသော်၎င်း၊ အရာခပ်သိမ်းတို့ကိုသော်၎င်း အစိုးရ၍ ထိုအရာများကို မိမိအလိုတော်
အတိုင်း ထိန်းချုပ်နိုင်စွမ်းသူ အဖြစ်လက်ခံပြီး ထိုသခင်လက်တော်ထဲ
စိတ်ချစွာ မိမိ၏ ဘ၀နှင့် အမှုကိစ္စအ၀၀ကို အပ်နှံနိုင်သော
ယုံကြည်ခြင်းမျိုးဖြစ်သည်။
ယနေ့ယုံကြည်သူ အတော်များများသည် ယေရှုကို အပြစ်
ငရဲမှ ရွေးနှုတ်သော ကယ်တင်ရှင်အဖြစ် ယုံကြည်သော်လည်း နေ့စဉ်
အသက်တာ၌ သြဇာညောင်းမည့် အသက်သခင်အဖြစ်မူ နေရာပေးခြင်း နည်းပါးလှသည်။ မိမိဘ၀ကို မိမိရည်မှန်းချက်အတိုင်း မိမိသဘောဆန္ဒ
အလိုကျ မောင်းနှင်လိုသူသာ များပြားနေသည်။ အမိန့်တော်တစ်ခွန်းဖြင့် ကောင်းကင်မြေကြီးကို ဖန်ဆင်းသော၊ အမိန့်တော်တစ်ခွန်းဖြင့် ပြသနာ
အားလုံးကို ဖြေရှင်းနိုင်သော ထိုအရှင်ကို မိမိ၏ သခင်အဖြစ်နေရာပေးနိုင်သော ယုံကြည်ခြင်းကား အလွန်ကြီးမားသော ယုံကြည်ခြင်းပေတည်း။

No comments:
Post a Comment