၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Sunday 1 September 2019

(အထုဆစ်ခံ ကျောက်သားများ)

(ရှင်လုကာခရစ်ဝင်ကျမ်း ၆း၁၂-၁၆) ၌ ယေရှုက တမန်တော်
တစ်ဆယ့်နှစ်ပါး ရွေးချယ်ခဲ့သည့် အကြောင်းအရာကို တွေ့ရသည်။ 

ထိုတမန်တော်များ၏ အသက်မွေးဝမ်းကျောင်းပြုပုံ၊ ဘဝနေထိုင်ပုံ၊ 
လူနေမှုအဆင့်၊ တစ်ဦးချင်းစီ၏ စိတ်ဝင်စားမှု၊ စရိုက် ၊ပုဂ္ဂိုလ်ရေး အချက်အလက်များကို လေ့လာပါက အသီးသီး ကွဲပြားမှုမြောက်မြားစွာ ရှိကြောင်းတွေ့ရပေမည်။ 

 ပေတရုကဲ့သို့ စိတ်မြန်လက်မြန်ဖြင့် အရာရာကို ဆုံးဖြတ် လုပ်ဆောင် 
တတ်သူမျိုး လည်းရှိသလို၊ ကိစ္စတစ်ခုကို လွယ်လွယ် ဖြင့် မဆုံးဖြတ်လို မဆောင်ရွက်လိုဘဲ ကိုယ်တိုင်လက်တွေ့ မြင်မှကြုံမှသာ ယုံနိုင်
ဆုံးဖြတ်နိုင်သော သောမကဲ့သို့သောသူလည်း ပါဝင်နေသည်။ 

အချို့မှာ ယေရှုကို ဘုရားသခင်ထံမှလာသော ပရောဖက်ဟူ၍ 
တရားတော်ကို မီးမောင်းထိုးပေးမည့် သူအဖြစ် မြင်ကာ နောက်တော်သို့ လိုက်နေကြသော်လည်း ရှိမုန်ဇေလုပ် ဆိုသူမှာ ဇေလုပ် ( Zealot )ဟူသော
 ရောမ အစိုးရ အတိုက်အခံ အစွန်းရောက်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးပင်။ 

ထိုသူ အဖို့ ယေရှုမှာ မိမိတို့ ယုဒ (ဂျူး) လူမျိုးများအား အဲဂုတ္တ 
(အီဂျစ်) ကျွန်မှ လွတ်မြောက်စေခဲ့သည့် မောရှေကဲ့သို့သော ဘုရားသခင်ခန့်ထားသည့် နိုင်ငံရေး ခေါင်းဆောင် သဖွယ်သာဖြစ်ခဲ့ပြီ 
မိမိ ယေရှုနောက်တော်လိုက်ရခြင်း အကြောင်းရင်းမှာလည်း မိမိလူမျိုးများ
အတွက် နိုင်ငံရေး လွတ်မြောက်မှု ရစေလိုသော 
မျိုးချစ်စိတ်ကြောင့်ပင်ဖြစ်ခဲ့သည်။ 

သူတစ်ဦးတည်းကသာ ထိုသို့မျှော်မှန်းသည်မဟုတ်၊ ကျန်တမန်တော် အချို့ ကလည်း ယေရှုသည် အစ္စရေးလူမျိုးကို ပြန်လည် သိမ်းဆည်းပြီး မိမိတို့မြေ၌ 
မိမိတို့ အစိုးရဖြင့် ငြိမ်းချမ်း နေနိုင်ခွင့် ပေးမည် မပေးမည်ကို သူတို့ မေးမြန်း 
ခဲ့ကြောင်း တွေ့ရသည်( တမန်တော် ၁း၆ )

 ယေရှုနောက်တော်သို့ လိုက်ကြ သော်လည်း မိမိတို့ အကျိုးကိုယ်စီနှင့် ရည်မှန်းချက် ကိုယ်စီ ငဲ့ကြည့်ရင်း မိမိတို့ ရှင်းရှင်းလင်းလင်း 
နားမလည်သေးသော ပုဂ္ဂိုလ်ကို လိုက်ခဲ့ကြခြင်းပင်။ 
သူတို့လိုက်သော ပုဂ္ဂိုလ်အကြောင်းကို 
ခရေစေ့ တွင်းကျ လေ့လာပြီးမှ စုံလင်သောသူများအဖြစ် 
လိုက်ကြခြင်းမဟုတ်။ သူများထက် အရည်အချင်းရှိ၍ 
သာလွန်၍ လည်းမဟုတ်။

 မစုံလင်မှု၊ ကြိုတင်ပြင်ဆင်မှု မရှိခြင်းတို့ ကြားမှ ယေရှုက သူတို့ကို ရွေးကောက်၍သာ လိုက်ကြခြင်းပင်။ မည်သို့ပင်ဖြစ်စေ ယေရှုကို သုံးနှစ်သုံးမိုး လိုက်ကြသည့် ကာလအတွင်းတွင် ယေရှုဘုရားသည် သူတို့ အသက်တာကို အသင့်သုံးနိုင်သောသူများအဖြစ် ထုဆစ်ခဲ့သည်။ 

ပုံသဏ္ဍန်မရှိသော ကျောက်တုံးများထုဆစ်၍ ကြည့်ကောင်းသော
 ကျောက်ရုပ်များ၊ အသုံးဝင်သော မီးဖိုချောင်သုံးပစ္စည်းများနှင့် အခြားအရေးပါသော ပစ္စည်းများ ထွက်လာသည့်နှယ် ထိုတမန်တော်များ၏ အသက်တာ၌ မလိုအပ်သော အပိုင်းများကို ထုဆစ်ဖယ်ရှား၍ 
လစ်ဟင်းသော အရာကို ဖြည့်စွက်ခြင်းအားဖြင့် အမြင့်ဆုံးဘုရားသခင် 
အသုံးတော်ခံ တန်ဆာပလာ ဖြစ်စေတော်မူခဲ့သည်။

 နောက်ပိုင်း၌ သူတို့၏ ရည်မှန်းချက်သည်လည်း နိုင်ငံရေး အပြောင်းအလဲနှင့် မိမိတို့၏ ကောင်းကျိုးသက်သက်အတွက် မဟုတ်တော့ဘဲ လူမျိုးတကာထံ ယေရှု၏ ကယ်တင်ခြင်း သတင်းကောင်း ဟောပြောဖို့ရန် ကိုယ်ကျိုးစွန့် အသက်စွန့်သည် အထိ ရည်မှန်း အသက်ရှင်ကြတော့သည်။ 

 ယေရှုသည် နည်းလမ်းပေါင်းစုံဖြင့် သူတို့ကို ထုဆစ်ပုံသွင်းခဲ့သည်။
 နေ့ရောညပါ နှုတ်ကပတ်တော်ကို သွန်သင်ပေးခဲ့သည်၊ သူတို့ကိုယ်တိုင် 
ဧဝံဂေလိ လက်တွေ့ ကွင်းဆင်းဝေဌခြင်း လုပ်စေခဲ့သည်၊ ကြောက်မက်ဖွယ် မုန်တိုင်းအလယ်၌ ယုံကြည်ခြင်း သင်ခန်းစာကို သင်ပေးခဲ့သည်၊ စုံလင်သောအသက်တာနှင့် စုံလင်သော စိတ်ထားများကို တောင်ပေါ် ဒေသနာတော်အားဖြင့် သွန်သင်ပေးခဲ့သည်။ 

နှိမ့်ချခြင်းကို ကိုယ်တော်တိုင် သူတို့၏ ခြေကိုဆေးပေးခြင်း အားဖြင့် ပြညွှန်သွန်သင်ခဲ့သည်။ သူတို့၏ စိုးထိတ်မှု မတတ်စွမ်းနိုင်မှုတို့ကို မစတော်မူခဲ့သည်။ အထူးသဖြင့် သူတို့ကို ချစ်တော်မူခဲ့သည်။ 
 သင်နှင့်ကျွန်ုပ် ယေရှုနောက်တော်လိုက်ရန် စိတ်ဆုံးဖြတ်နိုင်ပြီလော။ 
စုံလင်ပြီးမှ နောက်တော်လိုက်မည် ဆိုလျှင် ကျွန်ုပ်တို့ မည်သည့် 
အခါ စုံလင်လိမ့်မည်နည်း။ 

ယေရှုသည် သင်နှင့် ကျွန်ုပ်ကို သူ၏ တပည့်ဖြစ်စေလိုသည်။ 
သင်နှင့်ကျွန်ုပ်အားဖြင့်လည်း လူမျိုးတကာကို သူ့တပည့်ဖြစ်စေလိုသည်။ 

သမ္မာတရားလမ်းသွန်သင်ပေးလို၍သော်၎င်း၊ ကြွယ်ဝသော အသက်တာ ပိုင်ဆိုင်စေလိုသောကြောင့် သော်၎င်း၊ သင်နှင့် ကျွန်ုပ်ကို အလိုရှိခြင်းဖြစ်သည်။ ယခုပင် နောက်တော်လိုက်ရန် ဆုံးဖြတ်မည်ဆိုပါက သင့် မစုံလင်ခြင်းများကို ကိုယ်တော်တိုင် ထုဆစ်ပုံသွင်းကာ သခင် သုံးဖို့ရာ အသင့်ပြင်ဆင်သော တန်ဆာပလာကောင်းဖြစ်စေမည်။ ယေရှု ပုံမသွင်း မထုဆစ်နိုင်သော 
စရိုက်မရှိပါ။ ” သခင်ယေရှုဘုရား၊ ကိုယ်တော်အဖို့ အသုံးဝင်သော 
တန်ဆာပလာ ဖြစ်နိုင်ဖို့ အကျွန်ုပ်ကို အလိုတော်ရှိသည်အတိုင်း 
ထုဆစ်ပုံသွင်းတော်မူပါ။ ကိုယ်တော်နောက်ကို 
လိုက်ပါမည်။ သွန်သင်တော်မူပါ၊ အာမင်။“
(SayaPeacefulpa

No comments:

Post a Comment