၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Monday 16 July 2018

|| အတွင်းတရား နှင့် အပြင်တရား ||

"အတွင်းတရား " 
အတွင်းတရားဟု ဆိုသော် လူအတွင်း၌ ဖြစ်တည်နေသော 
တရားကို ဆိုလိုသည်။ 
အပြင်တရား မှာ 
ဘုရားချမှတ်ထားသော ဘုရား၏ စံထားချက် ဖြစ်သည်။ လူတို့သည် အပြင်တရားကို ဆင်ချင်လျက် စိတ်ထား ကောင်းမွန်လာဖို့ ကျိုးစားကြသည်။ လူ၏ စိတ်နှလုံးသဏ္ဍာန်သည် ဖေါက်ပြန် သော သဘောရှိသောကြောင့် အပြင်တရားကို ကိုးစားပြီး အတွင်းသဘော ပြောင်းလဲ ဖို့ ကျိုးစားနေခြင်းသည် ဘာသာရေး ယုံကြည်ချက် ဖြင့် အသက်ရှင်ခြင်း ဖြစ်သည်။ ခရစ်တော်ကို ရရှိပြီး ခရစ်ယာန် တဦးသည် ဘာသာရေး ခံယူချက် အမြင်ဖြင့် အသက်ရှင်ရမည် မဟုတ်ပေ။ လူသစ်တဦး အဖြစ် အသက်ရှင်ရမည်ဖြစ်သည်။ ခရစ်တော်၌ ရှိလျင် အသစ်သော သတ္တဝါဖြစ်သည်။ နှစ်လုံးသား အသစ်ကို ငါပေးမည်။ စသဖြင့် ကျမ်းစာ၌ ဆိုထားခြင်းသည် ခရစ်တော်၌ မရှိလျင် လူဟောင်း သာဖြစ်မည်ဖြစ်ပြီး လူဟောင်းထဲ၌ ကျောက် နှလုံးသား ရှိနေသောကြောင့် ဘုရားသွန်သင် ဆုံးမခြင်း ကို မခံ မယူနိုင်ဘဲ မိမိအလိုရှိသည့် အတိုင်း အသက်ရှင်သော သတ္တဝါ ဟောင်းသာ ဖြစ်ပေမည်။ အတွင်းတရားသည် ခရစ်တော်၏ တရား၊ အသက်ရှင်စေသောဝိညာဉ်တော်၏ တရား၊ တနည်းဆိုသော် ကျေးဇူးတော်တရား ဖြစ်သည်။ ထို့ကြောင့် ငါသည် ကိုယ်တိုင်ကျိုးစား နေသည် မဟုတ် ငါ့အထဲမှ ကျေးဇူးတော်က ကျိုးစားပေးနေခြင်းဖြစ်သည် ဟု ဆိုထားခြင်း။ ကျေးဇူးတော် တရားသည် အသက်ရှင်သော ပုဂ္ဂိုလ်တော် ဖြစ်သည်။ အပြင်တရားသည် ကျင့်ခိုင်းသော တရားဖြစ်ပြီး အတွင်းတရားသည် ကျင့်ပေးနေသော တရားဖြစ်သည်။ ကိုယ်တိုင်ကျင့်ကြံနေခြင်းမဟုတ်ဘဲ ကျေးဇူးပြုသူက ကျင့်ကြံပေးနေခြင်းကြောင့် ကျေးဇူးတော်ဟု ခေါ်ဆိုခြင်းဖြစ်သည်။ ထိုအတွင်းတရားက လူကို သတ္တဝါသစ်၊ အမြင်သစ်၊ ခံယူချက်အသစ်ဖြင့် အသက်ရှင်စေသောကြောင့် လူ၌ အသက်သစ်ကို မွေးဖွားစေလာတာဖြစ်တယ်။ အသက်ရှင်ခြင်းကို ထွက်ပေါ်စေနေတာဖြစ်လို့ အသက်ရှင်စေသော ဝိညာဉ်တော်၏ တရားဟု ဆိုခြင်း ဖြစ်သည်။ အတွင်းတရားကို လူထဲ ရောက်ရှိလာစေဖို့ ဘုရားကိုယ်တိုင် အသွင်ပြောင်းရသည်။ ဘုရားသည် ဘုန်းစည်းစိမ်ကို စွန့်ပြီလူအဖြစ် ခံယူရခြင်း (incarnation) ၊လူလို အသက်ရှင်ရခြင်း (human living)၊ လူတို့ကိုယ်စား အသွေးသွန်း အသေခံခြင်း (crucifixion) ၊ ရှင်ပြန်ထမြောက်ခြင်း(resurrection) ၊ ကောင်းကင်သို့ တက်ကြွခြင်း (ascension) စသည့် ဖြစ်စဉ်များ ဖြတ်သန်းပြီး နောက်မှ လူတို့အား ဘုရားအသက်ကို ပေးလို့ ရသော ဘုရား၏ ဝိညာဉ် ဖြစ်လာရသည်။ ထို့နောက် လူအထဲ ဘုရား၏ဝိညာဉ် ရောက်ရှိလာသည့်အခါ ဘုရား၏ အလိုတော်ကို လူက သိရှိနိုင်ပြီး လူက ဘုရား၏ ဝိညာဉ်ကို အတွင်း နှလုံးသားမှ ခွင့်ပြုသည့်အခါ ဘုရား၏ အသက်သည် လူ၏အတွင်းတရားအဖြစ် ရရှိ ဖြစ်တည်သွားရသည်။ ထိုအတွင်းတရားကို အသက်တာထဲမှ အကျင့်တခု အဖြစ် ထွက်ပေါ်လာသည့်အထိ ခွင့်ပြုသော အကျင့်ကို အစဉ်လေ့ကျင့်ပေးဖို့လိုအပ်သည်။ ထိုသို့ မိမိ၏ အကျင့်ထဲအထိ စွဲမြဲလာမှသာ အသက်ရှင်သော ဘုရားကို ယုံကြည်သော ခရစ်ယာန်တို့၌ အသက်ရှင်ခြင်း အကြောင်း ပေါ်ထွန်းပေမည်။ ထိုသို့ မဟုတ်ပါက ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် အသေဖြစ်နေပေမည်။ အတွင်းတရားကို အပြင်သို့ ပေါ်ထွန်းလာသည့် အသက်တာ ဖြစ်ဖို့ ဘုရားအလိုတော်ရှိသည်။ ချစ်သော ညီအကိုတို့ ဇာတိသေမှ ဝိညာဉ်ရှင်မည် မှန်သော်လည်း မိမိကိုယ်တိုင်ဇာတိ မသေနိုင်ကြောင်း အရင်သိပါ။ တကယ်တော့ လူ့ဇာတိပကတိ သေဖို့ သူ့ဝိညာဉ် လာရှင်ပေးနေတာ ဖြစ်တယ်။ ထို့ကြောင့် အတွင်းတရား၏ အသက်ရှင်ပေးနေခြင်းအပေါ် အာရုံစိုက် အသက်ရှင်သည့်အခါ မိမိဇာတိ အသက်ရှင်ခြင်း ထွက်ပေါ်လာခြင်းမရှိသည်ကို တွေ့ရမည်။ အကျွန်ုပ်၏ ဇာတိ သေစေဖို့ ဘုရား၏ ဝိညာဉ် လာရှင်ပေးကြောင်းမြင်သည့် အခါ ကျေးဇူးတော်ကို ချီးမွမ်းမိသည်။ တနည်းအားဖြင့် အတွင်းတရားအပေါ် အာရုံစိုက်ခြင်းသည် ခရစ်တော် ၌ တည်နေခြင်းဖြစ်သည်။ ထိုအခါ ကျွန်ုပ်တို့၏ စိတ်သည် ဝိညာဉ်ဘက်သို့ လှည့်၍ အာရုံစိုက်ခြင်းကြောင့် ကျွန်ုပ်တို့ထဲ၌ အသက်ရှင်ခြင်းတရား ပေါ်ထွက်လာကာ ဇာတိထဲမှ သေစေသော တန်ခိုးဖြစ်သည့် စိတ်ညစ်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ မျှော်လင့်ရာ မဲ့နေခြင်း၊ တုန်လှုပ်ခြောက်ခြားခြင်း၊ စသည်တို့ ပပျောက် သွားရသည်။

No comments:

Post a Comment