ခရစ်ယာန် တဦးသည် "ဘုရားဆိုင်ရာ" ရူပါရုံ ကို မှန်ကန်စွာ သိမြင်ဖို့ လိုပေသည်။
တနေ့က မျိုးစေ့ အကြောင်း ရေးသားပြီးဖြစ်သည်။ မျိုးစေ့တစေ့ မှ ထမ်မံ ပွားများလာသော အသီးများစွာသည် ထို မျိုးစေ့၏ အသွင် သဏ္ဍာန် တူညီယုံမျှမက အသီး အတွင်း ရှိ အသက် သည်လည်း ထို မျိုးစေ့၏ အသက်နှင့် ထပ်တူထပ်မျှ ဖြစ်ပေသည်။
ထို့ကြောင့် ယေရှုခရစ် ပျက်စီးအသေခံပြီး ရှင်ပြန်ထမြောက်သော အသက် အားဖြင့် ခရစ်တော် ထမြောက်လာသည့် အထဲ၌ အသီးများစွာကို သီးစေလိုက်သည့် အတွက် လက်ခံယုံကြည်သူများသည် လည်း ထို ထမြောက်ခြင်းနဲ့ အတူ တပြိုင်နက်တည်း ထွက်ပေါ်လာရသည်။ ထို့ကြောင့် ခရစ်တော်သည် ဘုရားဖြစ်သောကြောင့် ကျွန်ုပ်တို့အထဲ၌လည်း ထိုဘုရား၏ အသက်ကို သယ်ဆောင်လျက် ထွက်ပေါ်လာရသည်။
သရက် မျိုးစေ့ မှ အပင်ပေါက် အသီးသီးလျင် သရက်သီး သာ သီးလာမည်။ သရက်မျိုး ဖြစ်သကဲ့သို့ ခရစ်တော် ဘုရားထဲမှ ထွက်ပေါ်လာသော သူသည် ခရစ်တော် မျိုး ဖြစ်သည်။
ကျွန်ုပ်တို့ ဘိုးဘေးမိဘ ပထမ အာဒံမှ မွေးလာသော သူများသည် ပထမမွေးခြင်း ဇာတိပကတိ လူ ရုပ်ခန္ဓာ အဖြစ် နှင့် လောကထဲ ရောက်လာကြသူများဖြစ်ကာ အပြစ် ဗီဇ ပါရှိလာသောသူ အားလုံးဖြစ်ကြသည်။
ထို့နောက်မှ လူသည် နှုတ်အပတ်တော်ဆိုသည့် အသက်စကားကို ကြားသိ ပြီး ခရစ်တော်ကို လက်ခံ လိုက်သည်နှင့် ထိုသူသည် ခရစ်တော်အထဲမှ ဝိညာဉ်တော် အားဖြင့် ဒုတိယ အကြိမ် တဖန် မွေးဖွားလာရသည်။ ထိုသို့ ဝိညာဉ်တော် အားဖြင့် မွေးဖွားလာသူကို နှုတ်ကပတ်တော်ရေဖြင့် သန့်စင်စေပြီး လူ၏ ဝိညာဉ် တဖန်မွေးဖွားလာသည်။
ထိုအခါ လူသည် ရေနှင့် ဝိညာဉ်တော် အားဖြင့် ဒုတိယမွေးဖွားခြင်းကို ခံရသည်။ ထိုသူများသာ ကောင်းကင် နိုင်ငံကို ဝင်စားနိုင်သည်။
ပထမမွေးခြင်းသည် ဇာတိပကတိ အားဖြင့် ဖြစ်တည်လာသောကြောင့် ပုတ်ပျက်ခြင်း သဘောရှိသည်။
ဒုတိယမွေးခြင်းသည် ဝိညာဉ်ပကတိဖြင့် မွေးဖွားလာသော သူ ဖြစ်ပြီး ဝိညာဉ်ဖြစ်၏။ ထိုဝိညာဉ်သည်သာလျှင် အသက်ရှင်ခြင်း အကြောင်းဖြစ်၏။
ထိုအသစ်မွေးဖွားလာသော လူ၏ဝိညာဉ် ထဲ၌ ခရစ်တော်၏ အသက် ဝိညာဉ် အတူပါရှိလာသည်။ ထိုအခါ ဖန်ဆင်းခံ လူဖြစ်သော ကျွန်ုပ်တို့ အထဲ ဖန်ဆင်းရှင် ခရစ်တော်၏ အသက် ရရှိလာသောကြောင့် ဘုရားမျိုးနွယ်၊ မင်းမျိုး ဖြစ်လာရသည်။
ယဇ်ပရောဟိတ်မျိုးလည်း ဖြစ်သည်။
ထိုအသက်အားဖြင့် ကျွန်ုပ်တို့ အသက်ဆက်သည့်အခါ ကောင်းသော စပြစ်ပင်၌ စိုက်တည်သော စပြစ်နွယ်များ ဖြစ်စေလိုက်တယ်။ ထိုအခါမှသာ စပြစ်ပင် အတွင်းမှ အဟာရ ကြောင့် စပြစ်နွယ်မှ အခက်အလက်ဝေဆာ ပြီး စပြစ်သီး သီး လာရသကဲ့သို့
ကျွန်ုပ်တို့ ဝိညာဉ်ထဲရှိ ခရစ်တော်၏ အတွင်း အသက်မှ စီးဆင်းထွက်လာသော အဟာရအသက် က ကျွန်ုပ်တို့၏ စိတ် နှင့် ခန္ဓာကိုယ်ကို အသက်ရှင်ခြင်း လက္ခဏာ ဖြစ်သည့် ဝမ်းမြောက်ခြင်း၊ ချစ်ခြင်း၊ ကျေးဇူးပြုခြင်း၊ သနားခြင်း ဂရုဏာ စသဖြင့် အသီးများ ထွက်ပေါ်လာစေမည်ဖြစ်သည်။
ထို အရာများသည် ကျိုးစား ကျင့်ကြံ ခြင်းအားဖြင့် ထွက်ပေါ်လာခြင်း မဟုတ်ဘဲ အတွင်းရှိ ခရစ်တော်၏ အသက်ရှင်စေသော ဝိညာဉ်တော် အားဖြင့် ထွက်ပေါ်လာသည့် အသက်ရှင်ရာ အကြောင်းများ ဖြစ်သည်။
ထိုသို့ လူအထဲ ဘုရားဖြစ်အင် တစတစတိုးလာခြင်း ဖြင့် ဘုရား နှင့် တညီ တသဏ္ဍာန် တည်း ဖန်ဆင်းထားသော လူထဲသို့ ဘုရားကိုယ်တိုင် ဘုရားအသက်နှင့် ဘုရားသဘာဝကို ထည့်သွင်းပေးနေခြင်းဖြစ်သည်။
ဘုရားသည် လူတို့ အပြစ်လွှတ်စေရန် အဖို့ အလို့ငှာ အသွေးသွန်း ရွေးနှုတ် ကယ်တင်ပြီးနောက် ထမြောက်ခြင်း အကြောင်းဖြင့် လူကို သေခြင်းနှင့် အစဉ် ကင်းလွတ်စေရုံမျှ မက အထူးသဖြင့် ဘုရား၏ အသက်နှင့် ပြည့်စုံစေဖို့ ခရစ်တော် ကြွလာရခြင်းဖြစ်သည်။
ထို ဘုရားဆိုင်ရာ အားလုံး ကျမ်းစာ၌ ဖေါ်ပြထားသည်များကို မြေကြီး ခန္ဓာ လူအထဲ တည်ရှိလာဖို့ ဖြစ်သည်။ ထိုသူများ မြေပေါ် အတူတည်ရှိ လျင် အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံမည် ဖြစ်သည်။
ခရစ်တော် ကြွလာရခြင်းသည် လူ၌ ဘုရားဆိုင်ရာ ရရှိစေဖို့ဖြစ်သည်။ ဤသည်မှာ ကောင်းကင် နိုင်ငံတော် နှင့် ယှဉ်သော ဧဝံဂေလိ တရားဖြစ်သည်။ ကျွန်ုပ်တို့သည် ယနေ့ လူတို့ဝမ်းမြောက်စရာ ထို အမှုကို ကြားပြော နေရတာဖြစ်တယ်။ ထိုသို့ ကြားပြောသော သူတို့၏ နှုတ်သည် မင်္ဂလာ ရှိသည်။ ထိုသူတို့၏ ခြေသည် တင့်တယ်ခြင်း ရှိသည်။ ဟာလေလုယာ||
No comments:
Post a Comment