၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Wednesday 4 September 2019

|| ရူဗင်ရဲ့အမှားကို ရှောင်ရှားခြင်းနဲ့ နှောင့်နှေးမှုကို တုန့်ပြန်ပုံ ||

ဘုရားသခင်ဟာ မိမိလူတို့ကို ရာသီသစ်ထဲသို့ 
ဝင်ရောက်စေတဲ့အခါတိုင်း အားနည်းချက်များကို
 ပြုပြင်ခိုင်းတတ်တယ်။ ရူဗင်ဟာ ယာကုပ်ရဲ့သားဦးဖြစ်တယ်။ 
ဖခင်ရဲ့ဘုန်းနဲ့ခွန်အားရဲ့ ပြယုဂ်ဖြစ်ပေမဲ့ 
အဆုံးသတ်မကောင်းခဲ့ဘူး။ 
 သားဦးအရာကို ဆုံးရူံးခဲ့တယ်။ 

ကမ္ဘာ ၄၉:၃-၄ မှာ ဖခင်ရဲ့အိပ်ယာကို ညစ်ညူးစေလို့ 
ထူးမြတ်ခြင်းသို့ မရောက်ရလို့ ပြောတယ်။ သင့်ရဲ့ဖြစ်နိုင်ခြေ
အရမ်းကြီးမားပေမဲ့ မိမိရဲ့အားနည်းချက်ကို ဘုရားနဲ့အတူ မပြုပြင်ရင် 
ရူဗင်လိုဘဲ ထူးမြတ်ခြင်း မရှိ။ အမြင့်မားဆုံးဖြစ်နိုင်ခြေနဲ့ လွဲရလိမ့်မယ်။ 

ဒါကြောင့် ဒီကာလမှာ ဘုရားဖေါ် ပြလာတဲ့ အပြစ်၊ ဇာတိအရာ၊ 
တပ်မက်ခြင်း၊ အားနည်းချက် တွေကို အပြတ်ရှင်းလိုက်ပါလေ။ 
တရားသူ ၅:၁၅-၁၆ မှာတော့ ရူဗင်အမျိုးဟာ စိတ်မပြတ်သားဘဲ 
မိမိအကျိုးသာ စဉ်းစားလျက် စစ်မတိုက်တာ တွေ့ရတယ်။

 ဘုရားနဲ့လူမျိုးတော်အတွက် အဖိုးအခပေးလိုခြင်းမရှိလို့ 
မိမိပန်းတုံးတိုင်နဲ့ လွဲခဲ့ရတယ်။ သူ့ကို သင်ခန်းစာ ယူကြပါစို့။ 
အတိတ်ရာသီက အားနည်းချက်ဟာ ထိုအချိန်က ဘာမှဒုက္ခ 
မပေးပေမယ့် မဖြေရှင်းဘဲထားရင် ရာသီအသစ်ထဲမှာ သင့်ကို 
ဒုက္ခလှလှ တွေ့စေနိုင်တယ်။ 

ထွက်မြောက် ၃၂:၁-၆ မှာ ဣသရေလလူတီု့ဟာ
 မောရှေသိန တောင်တက်ပြီး ပညတ် ဆယ်ပါး ယူတာ 
ရက် ၄၀ ကြာလို့ မစောင့်နိုင်ကြဘူး။ 

စိတ်မရှည်လို့ မိမိတို့အတွက် ရွှေနွားသငယ်ဆိုတဲ့ ဘုရားကို
လုပ်ကြတယ်။ ဘုရားသခင် စိတ်ဆိုးလို့ လူ ၃၀၀၀ သေကြတယ်။ သင့်အသက်တာမှာ နှောင့်နှေးခြင်း ခံစားနေရပါသလား။ 
စိတ် မပျက်ပါနဲ့။ ဘုရားသခင်ကယ်လွှတ်ချိန်ကို စောင့်ပါ။ 

ကိုယ်တော် ဘယ်တော့မှနောက်မကျဘူး။ အာဗြဟံဟာ မစောင့်နိုင်ဘဲ ကိုယ့်ဟာကိုယ်ဖြေရှင်းမိလို့ ဣရှမေလကို ရပြီး ကတိတော်သားရဖို့ 
အချိန် ပိုကြာခဲ့ရတယ်။ မစောင့်နိုင်လို့ပေးရတဲ့အဖိုးအခဟာ စောင့်ဆိုင်းရခြင်းထက်ပို ကြီးမားကြောင်း သတိရစေလိုတယ်။ 
မစောင့်နိုင်ဘဲ ရုပ်တုလုပ်မိတဲ့ဘဝမျိုး 
မရောက်စေဖို့ သတိပြုကြပါစို့။ 
ဘုရားသခင် ကောင်းကြီးပေးပါစေ။ 
(Dr.Vante)

No comments:

Post a Comment