၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Wednesday 4 September 2019

|| ကတိတော်များ နှောင့်နှေးကြန့်ကြာနေသောအခါ ||

ဘုရားသခင်ထံမှ ကတိတော်တစ်ခုခုကို တိတိကျကျ 
ရထားသော်လည်း ပြည့်စုံဖို့ နှောင့်နှေးကြန့်ကြာနေသလိုခံစားရပါသလား။ ကိုယ်တော် သင့်စိတ်နှလုံးထဲမှာ စကား ပြောပေမဲ့ လက်တွေ့မမြင်ရသေးဘဲ ကြန့်ကြာနေပါသလား။ ဘုရားသခင်ဟာ မိုးခေါင်ရေရှားဘေးဒဏ်ကို သုံးနှစ်ပတ်လုံး ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ ဣသရေလနိုင်ငံပေါ်မှာ မိုးရွာစေမယ်လို့ ပရောဖက်ကြီး ဧလိယကို မိန့်တော်မူခဲ့တယ်။ 

ထိုကတိတော်ကိုရတဲ့အခါ ဧလိယဟာ ထိုစကား တော်ပြည့်စုံဖို့ ပြင်းထန်စွာ ဆုတောင်းခဲ့တယ်။ ဆုတောင်းစဉ် ယဇ်ပလ္လင်ပေါ်မှာ မီးကျခဲ့တယ်။ 
ထို့နောက် သူဟာ မိုးရွာကျ စေဖို့ ကြိုးစားလျက် ဆုတောင်းခဲ့တယ်။ ခုနှစ်ကြိမ်တိုင်တိုင် စိတ်နှလုံးသွန်းလောင်းလျက် ဆုတောင်းပြီးတဲ့
အခါမှာမှ လူလက်လောက်ရှိတဲ့ မိုးတိမ်ကလေးကို တွေ့မြင်ရတယ်။ 
ဒီနောက်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တယ် (၃ ရာ ၁၈း၁၊ ၃၆-၄၅)။

 ကတိတော်များ ချက်ခြင်း မပြည့်စုံလာသေးရင် သင့်ရဲ့ အသက်တာဆိုတဲ့ယဇ်ပလ္လင်ပေါ်မှာ မီးကို ချပေးဖို့ ဆုတောင်းရမယ်။ 
ထိုမီးဟာ ဘုရားသခင်အတွက် စိတ်အားကြီးခြင်းကို ပုံဆောင်တယ်။ ယဇ်ပလ္လင်ကမီးကို လုံးဝမငြိမ်းစေဘဲ မပြတ်တမ်းတောက်လောင်နေစေဖို့ 
ဘုရား သခင်မိန့်မှာထားတယ်။ (ဝတ်ပြု ၆း၁၂-၁၃) ထိုအခါ သင့်ရဲ့ ဆုတောင်းခြင်းများဟာ အရှိန်ကြီးမားလာလိမ့်မယ်။ 

စိတ်အားကြီးခြင်းက သင့်ရဲ့ယုံကြည်ခြင်းနဲ့ကိုယ်စားပြုဆုတောင်းခြင်းကို အဆင့်မြင့်တက်စေလိမ့်မယ်။ ဖြောင့်မတ်သောသူတောင်းတဲ့ အရှိန်ကြီးတဲ့ပဋ္ဌနာဟာ အလွန်တန်ခိုးပါတယ် (ယာကုပ် ၅း၁၆-၁၇)။ ဘုရားသခင်ဟာ ဖျားနာနေတဲ့ဟေဇကိမင်းအား သူသေလိမ့်မယ်လို့ ပရောဖက်ဟေရှာယအားဖြင့် မိန့်တော်မူတယ်။ ဘုရားသခင်
ကိုယ်တော်တိုင်ထံမှ သူသေရတော့မယ်လို့ စီရင်ချက်ချခြင်းခံရတဲ့
 ဟေဇကိ ဘယ်သူ့ကို အကူအညီသွားတောင်းရမလဲ။ 

သူဟာ ဘုရားသခင်ထံကိုဘဲ ချဉ်းကပ်အကူအညီတောင်းခဲ့တယ်။ ပြင်းထန်စွာဆုတောင်းလျက်ငိုကြွေးခဲ့တယ်။ အရှိန်ကြီးသောပဋ္ဌနာဖြစ်တယ်။ 
သူရဲ့ အား ကြီးသောဆုတောင်းခြင်းကို ဂုဏ်ပြုလျက် ဘုရားသခင်ဟာ
သူ့ကို နောက်ထပ် ၁၅ နှစ် အသက်ရှင်ခွင့်နဲ့ ရန်သူများအပေါ်အောင်နိုင်ခွင့် ပေးခဲ့တယ်။ (ဟေရှာ ၃၈း၁-၇) ဘုရားသခင်ဟာ စိတ်အားကြီးလျက် 
ကတိတော် မပြည့်စုံမချင်း လက်မလျှော့စတမ်း 
ဆုတောင်းသောသူတွေကို နှစ်သက်တယ်။ 

သင်ရထားတဲ့ ကတိတော်တွေ ကြန့်ကြာနေရင် ကိုယ်တော့်ထံမှ 
မီးကို တောင်းခံပါ။ ထိုအခါ သင့်ရဲ့ယုံကြည်ခြင်းလည်းအဆင့်မြင့်
တက်လာပြီး ဆုတောင်းခြင်းလည်း ပို၍အရှိန် ကြီးမားလာလိမ့်မယ်။ ထိုအရှိန်ကြီးမားတဲ့ ပဠနာက သင့်ကတိတော်ကို ပြည့်စုံစေလိမ့်မယ်။ 
သင့်ရဲ့ ဆုတောင်းခြင်းဟာ တန်ခိုးပါလာပြီး လူပေါင်းမြောက်မြားစွာနဲ့ တိုင်းနိုင်ငံများကို ပင်လျှင် ပြောင်းလဲစေနိုင်လိမ့်မယ်။ 
ဘုရားသခင် ကောင်းကြီးပေးပါစေ။

No comments:

Post a Comment