၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Sunday 1 September 2019

|| မျက်မှောက်တော်၌ ||

 နိုင်ငံတော်နှစ်ခြမ်းကွဲပြီး မြောက်ပိုင်းကို ဣသရေလ၊ တောင်ပိုင်းကို ယုဒဟု သီးသန့် အုပ်ချုပ်ကြသည့်နောက် ဒဿမမြောက် (ဆယ်ပါးမြောက်) ယုဒဘုရင်ဖြစ်သော သြဇိမင်းကွယ်လွန် သည့်နှစ်တွင် တောင်ပိုင်း
ယုဒနိုင်ငံ နေပရောဖက် ဟေရှာယသည် စကြာဝဠာအရှင် 
ဘုရားသခင်ကို မြင်တွေ့ခဲ့သည်။
( ဟေရှာယအနာဂတ္တိကျမ်း ၆း၁-၈)

လူသည် ဖန်ဆင်းရှင် ဘုရားသခင် မြင်တွေ့နိုင်သလော။
 ဘုရားသခင်၏ မျက်နှာတော်ကို မြင်သောသူသည် အသက်ရှင်ရသောသူ
မရှိဟု ထိုဘုရားရှင် ကိုယ်တော်တိုင် မိန့်တော်မူသည်( ထွက်မြောက်ရာကျမ်း ၃၃း၂၀ )။သို့သော် ယာကုပ်မှ စ၍ မောရှေ၊ ရှံဆုန်၏ အဖေ၊ ဟေရှာယတို့သည် ဘုရားသခင်ကို မြင်တွေ့ကြသော်လည်း မည်သည့်
အသက် အန္တရာယ်မျှ မကြုံခဲ့ကြပေ။

လူသည် အပြစ်၌ ကျဆင်းပြီးနောက်တွင် အမှန်တကယ် 
ဘုန်းအာနုဘော်တော်နှင့် ပြည့်စုံသော ဘုရားသခင်ကို ဖူးတွေ့နိုင်စွမ်း
မရှိတော့ပေ။ သို့သော် ဘုရားဘက်မှ ခွင့်ပြုလျှင်သာ မသေရဘဲ တွေ့မြင်ခွင့်ရှိခြင်းဖြစ်သည်။ ထိုကြောင့် လူဘက်မှ အရင်ချဉ်းကပ်၍ 
မရနိုင်သော ဘုရားသခင်သည် မေတ္တာတော်ကြောင့် သူ့ဘက်မှ 
လူကို ချဉ်းကပ်ခဲ့သည် (ယောဟန် ၁း၁၄)။

လူ့နည်းလူ့ဟန် ဆိုလျှင် မည်သို့အားဖြင့်မျှ ဖြစ်နိုင်မည် မဟုတ်။ 
ဘုရားသခင်သည် မိမိဆီရောက်နိုင်သောလမ်းခရီး( ယောဟန် ၁၆း၎ )ကို မိမိကိုယ်တော်တိုင် လူသားများအား ခင်းပေးတော် မူခဲ့သည်။ 
 ဟေရှာယ၏ ထိုမွန်မြတ်လှသော မြင်ကွင်းတွင် ကောင်းကင်တမန်
သရပ်များသည် ဘုန်းကြီးသော ဘုရားသခင် အား သန့်ရှင်း၊သန့်ရှင်း၊
သန့်ရှင်းဟူ၍ ချီးမွမ်းကြသည်။

ထိုသို့ ဟေရှာယ သည် ဘုန်းတော်လွမ်းခြုံ သော ဘုရားသခင့် 
မျက်မှောက်တော်ကို ခံစားသည့်အခါ မိမိ၏ မသန့်ရှင်းမှုကို မြင်တွေ့လာသည်။ လူသည် မိမိ၏ မသန့်ရှင်းမှု၊ ညံ့ဖျင်းမှု၊ မစုံလင်မှု၊ ညစ်ညူးမှုတို့အား လွယ်လွယ်ဖြင့် မမြင်တတ်ပေ။ မြင်လျှင်သိလျှင်လည်း မဝန်ခံပေ။ ဝန်ခံသည်ဆိုပါကလည်း နောင်တရလျက် စွန့်လွတ်လိုစိတ်မရှိ။ အကြောင်းမှာ မိမိဥာဏ်အားဖြင့် ကောင်းမကောင်း၊ သန့်ရှင်းမသန့်ရှင်းဟု သတ်မှတ်ပြီး မိမိ အတိုင်းအတာမျှလောက် အားဖြင့်သာ မိမိအပြစ်ကို တိုင်းတာနေသောကြောင့်ဖြစ်သည်။ 

ဥပမာ ရွာလုံးကျွတ် လောင်းကစားလုပ်သောရွာတစ်ရွာတွင် လောင်းကစား လုပ်ခြင်းသည် မကောင်းသောအရာ ဟု စိတ်အားဖြင့် သိအံ့ငြားလည်း လူတိုင်းလုပ်သောအရာ၊ အပြစ်ဟု ကင်ပွန်းမတပ်အပ်သော အရာ
အဖြစ်သာ မြင်ကြပြီး အခြားလူများကို ကျော၍ စွန့်လွတ်နေစရာမလိုဟု ထင်တတ်ကြပေမည်။ ကျွန်ုပ်တို့သည်လည်း မိမိသည် လူကောင်းများထဲက လူကောင်းတစ်ယောက်မဟုတ် သည့်တိုင် လူဆိုးများလောက် မဆိုးသောသူဖြစ်သည်ဟု မိမိ အတိုင်းအတာဖြင့်သာ
 မြင်တတ် လေ့ရှိသည်။ 

ထိုသို့အားဖြင့် အပြစ်ကို အပြစ်မှန်းသိသော်လည်း ထိုအပြစ်နွံ၌သာ ဆက်လက်နစ်မြဲနစ်နေရန် ရွေးချယ် လေ့ရှိ ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ သည် ဘုရားသခင်၏ အတိုင်းအတာ၊ အမြင်၊ စုံလင် သန့်ရှင်း တော်မူခြင်း ပမာဏ အားဖြင့် မိမိကိုယ်ကို နှိုင်းယှဉ်တိုင်းတာမှသာလျှင် မစုံလင်သောသူ၊ ရွံစရာ အလွန်ကောင်းသော ညစ်ညူးမှုနှင့် ပြည့်နှက်နေသူ၊ ချက်ချင်း  
စွန့်လွှတ်ပစ် ဆေးကြောပစ်ရန် လိုအပ်သူ၊ ဆေးကြောပေးမည့်သူလည်း လိုအပ်နေသူ ဖြစ်ကြောင်း အမှန်တကယ် နားလည်ရန်မည် ဖြစ်သည်။ 

မျက်မှောက်တော်၌ ဘုရားသခင်၏ သန့်ရှင်းခြင်းကို မြင်မှသာ၊ 
အဆိုးကြီးတော့ မဟုတ်ဟု ထင်ကာ ပြောင်းလဲရန် အသစ်ပြင်ရန် နှမြောသော ကျွန်ုပ် အသက်တာသည် အလွန် ဆိုးရွား အကျည်းတန်ပြီး ချက်ချင်းပြုပြင်ရန် လိုသောအရာ ဖြစ်ကြောင်း မြင်လာမည်ဖြစ်သည်။ စစ်ဆေးသည့် ကိရိယာထံမှ ရောဂါ အခြေအနေအတိအကျ မသိခင်အထိ ကျွန်ုပ်တို့သည်
 ပေါ့လျော့တတ် ကြသည်မဟုတ်လော။ 

 ဟေရှာယသည် မိမိညစ်ညူးကြောင်း သိရုံသာမက ထိုညစ်ညူးမှုကြောင့် 
သူ၌ အမင်္ဂလာရှိပြီး အကျိုးနည်း ကြောင်းတွေ့ရှိခဲ့သည်။ ထိုညစ်ညူးမှုမှ 
ချက်ချင်း ထွက်လိုစိတ်ရှိကြောင်း စိုးရွံ့ကြောင့်ကြသော သူ၏အာမေဍိတ် 
စကားက သက်သေပြသည်။ ဘုရားသခင်က သူ့အပြစ်ကို ပြေရှင်းစေခဲ့သည်။ သန့်ရှင်းလှသော မျက်မှောက် တော်၌ မိမိ၏ ညစ်ညူးမှုကို မြင်ပြီး စွန့်လွှတ်
လိုသော ဆန္ဒရှိသူအပေါ် ဘုရားသခင်က သန့်ရှင်းခွင့်ပေး ကာ ကျေးဇူးပြုတော်မူခဲ့သည်။ ဟေရှာယသည် မျက်မှောက်တော်
ခံစားပြီးနောက် လူများထံ ဘုရားသခင်၏ သတင်းစကားကို 
သယ်ဆောင်ရန် မိမိ အသက်တာကို ပုံအပ်ခဲ့သည်။ 

မျက်မှောက်တော်ကို အမှန်တကယ် ခံစားသောသူ၏ အသက်တာ၌ ဘုရားသခင်အတွက် ဆက်ကပ်လိုသော နှလုံးသား အလိုလို
 ပေါ်ထွက်လာပါသည်။ ယနေ့ မျက်မှောက်တော်ကို ကျွန်ုပ်တို့ မည်ကဲ့သို့ 
ခံစားရမည်နည်း။ ခံစားပုံသည် ဟေရှာယနှင့် တူချင်မှတူမည်။ ယနေ့ ယုံကြည်သူသည် ဘုရားသခင်ကို နေရာတိုင်း၌ ကိုးကွယ်နိုင်သောကြောင့် မျက်မှောက်တော်ကိုလည်း နေရာတိုင်း၊ အချိန်တိုင်း၊ အခြေအနေတိုင်းတွင် ခံစားနိုင်ပေသည်။ 

ယုံကြည်သူအတော်များများသည် ဘုရားသခင်ကို တနင်္ဂနွေ
ဘုရားကျောင်းမှာသာ ကိုးကွယ်မည်ဟု ပုံသေတွက် လေ့ရှိသည်။မဟုတ်ပါ။ ဘုရားသခင်ကို အချိန်ပေးပြီး မိမိစိတ်နှလုံး၊ အသိဥာဏ်၊ အတွေးများ
အားဖြင့် အာရုံစိုက်ကာ ကျမ်းစာထဲက သူ၏ အမိန့်တော်များ၊ ကတိတော်
များကို ဆင်ခြင်ရွတ်ဖတ်ရင်း ထိုနှုတ်ကပတ်တော်အပေါ် အသက်တာက တုန့်ပြန်သော စကားလုံးများဖြင့် ဆုတောင်း၍ ဘုရားသခင်ကို ဘုန်းကြီးခြင်း၊ ဂုဏ်ပြုခြင်း၊ ချီးမွမ်းခြင်း၊ ရိုသေ လေးမြတ်ခြင်း၊ ကြောက်ရွံ့ခြင်း၊
ချစ်ခြင်းများ ပေးအပ်ကာ ကိုးကွယ်ပါ။

ကိုးကွယ်ခြင်းဟူသည် ဘုရားသခင်ကို ကြည်ညိုလေးမြတ်မှုပေး
အပ်ခြင်း၊ အသက်တာအပေါ် အုပ်စိုးခွင့် ဘုန်းတန်ခိုးအနုဘော်
 ပေးအပ်ခြင်း ဖြစ်သည်။ ထိုသို့ ဘုရားသခင်ကို ကိုးကွယ်နေသည့် အခိုက်အတန့်သည် ဘုရားသခင်၏ မျက်မှောက်တော် တိုးဝင်သော အခိုက်အတန့်ဖြစ်သဖြင့် ဘုရားသခင်ဘက်မှလည်း 
မိမိ၏ သန့်ရှင်းခြင်း၊ လှပခြင်းကို ကျွန်ုပ်တို့အား မြင်စေမည်
 ဖြစ်ပြီး အတူရှိ တော်မူခြင်း၊ အုပ်စိုးတော်မူခြင်းအတွက်လည်း ကျွန်ုပ်တို့အသက်တာမှာ ပြန်လည်စိတ်ချမှုရစေ
 တော်မူမည် ဖြစ်သည်။

No comments:

Post a Comment