၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !
Saturday, 11 August 2018
အခန်း ( ၅ ) အင်တုံ (ထွ ၃၀း၁၇-၂၁)
“ယဇ်ပုရောဟိတ်ကြီးခင်ဗျာ-ကျွန်တော်မသိလို့မေးပါရစေ။
ဟိုနားက လူတစ်ယောက် သူ့ရဲ့ ခြေ လက်တွေကို 
ဘာဖြစ်လို့ ရေနဲ့သေချာ ဆေးနေရတာလ”ဲ?
 သြော် - အဲ့ဒါလား ကဲ . . . သူ့ကို သေသေချာချာ ကြည့်လိုက်စမ်း၊ 
သူဝတ်ထားတဲ့ ၀တ်ရုံ အဖြူနဲ့ ပန်းထိုးထားတဲ့ ခါးစည်းကိုကြည့်ရင် 
သူလည်း ယဇ်ပုရောဟိတ် တစ်ပါးဆိုတာ သိနိုင်တယ်။ 
သန့်ရှင်းရာဌာနထဲကို သန့်ရှင်းစင်ကြယ်တဲ့ ယဇ်ပုရောဟိတ်ပဲ 
ဝင်ခွင့်ရှိတာမို. မ၀င်ခင် အခုလိုအရင်ဆုံး ဆေးကြောရတယ်။ 
မှန်ပေသည်။ သာမန် ဣသရေလ လူတစ်ယောက်အဖို့ သန့်ရှင်းရာဌာနထဲသို့ ၀င်ရန် မဆို ထားနှင့်၊ယဇ်ပုရောဟိတ်များ၏ ဝေယာာဝစ္စကို ကူညီလုပ်ကိုင်ပေးရသော အလုပ်သမား “လေ၀ိလူ” တို့ပင် ၀င်ရောက်ခွင့် မရှိပေ။ “လေ၀ိလူ” တို့သည် တဲတော်ဝင်း (သန့်ရှင်းရာဌာန အပြင်ဘက်)ရှိ အလုပ်ကိစ္စနှင့် တဲတော် အသုံးအဆောင်ပစ္စည်းမျာကို ထမ်းရွက်သယ်ပိုး ရွှေ့ပြောင်းခြင်း အမှုကိုသာ လုပ်ဆောင်ကြရသည်။ ဤသန့်ရှင်းရာဌာန အတွင်းသို. ယဇ်ပုရောဟိတ်မင်း အာရုန် နှင့် အာရုန်မှဆင်းသက်လာသော ယဇ်ပုရောဟိတ်များသာ ၀င်ရောက်ခွင့်ရှိသည်။ 
ဘုရားသခင်သည် အလွန်သန့်ရှင်း မြင့်မြတ်တော်မူ၏။ 
ယဇ်ပုရောဟိတ်များမူကား မိမိတို့ 
ကိုယ်ကို ထာဝစဉ်ညစ်ညူးစေတတ်သူများ ဖြစ်ခြင်းကြောင့် 
အထံတော်သို့ ချဉ်းကပ်တိုင်းသန့်ရှင်း ခြင်းရှိရန် ရှေးဦးစွာ အင်တုံ၌ကိုယ်ကို ဆေးကြောသန့်စင် ရမည်ဟု ဘုရားရှင်သည် တင်းကြပ်စွာ ပညတ်ထားခဲ့သည်။ ထိုသို့ သန့်ရှင်းခြင်း မပြုလျှင် ယဇ်ပုရောဟိတ်တို့သည် ဘုရားသခင်၏ 
အမှုတော်ကို သန့်ရှင်းစင်ကြယ်စွာ ဆောင်ရွက်နိုင်ကြမည် မဟုတ်ပေ။ 
(ယုံကြည်သူတိုင်း ယဇ်ပုရောဟိတ်ဖြစ်သည် ) ဤအကြောင်းအရာများသည် ဓမ္မဟောင်းကာလ အဖြစ်အပျက်များဖြစ်သည်။ သာမန် ဣသရေလ လူတစ် ယောက်အတွက် ယဇ်ပလ္လင်ကို ကျော်လွန်ခွင့် မရှိသောကြောင့် အင်တုံကို အရေးထားစရာ မလိုသော်လည်း ယဇ်ပုရောဟိတ် မူကား အင်တုံကို နေ့စဉ် အသုံးပြုနေရသောကြောင့် အင်တုံသည် သူ့အတွက် အလွန်အရေးကြီးသည်။ ဤစာကိုဖတ်နေသော သင်နှင့်ကျွန်ုပ်အတွက်လည်း ပူဇော်သက္ကာယဇ်ဖြစ်သော ခရစ်တော်ကို လက်ခံပြီးသူဖြစ်လျှင် အင်တုံသည် မရှိမဖြစ် 
အရေးပါလိုအပ်သော အရာဖြစ်လာသည်။ 
အကြောင်းဆိုသော် - 
ဘုရားသခင်သည် ပူဇော်သက္ကာဖြစ်သော ခရစ်တော်ကို လက်ခံသူတို့အား အပြစ်ဆေးကြောဖြေလွှတ်ရုံသာမက၊ ယဇ်ပုရောဟိတ်များ အဖြစ်လည်း ခန့်ထားတော်မူ၏။ ခရစ်တော်သည် သူပိုင်ဆိုင်သော သူများကို ချစ်မြတ်နိုးတော်မူသည့်အတွက် ထိုသူတို့အား ဘုရားသခင်ရှေ့တော်၌ ယဇ်ပုရောဟိတ်များအဖြစ် ခန့်ထားတော်မူ၏ (ဗျာ၁း၅-၆)။ 
ထို့ကြောင့် ခရစ်တော်ကို ယုံကြည်သူတိုင်းသည် ဘုရားသခင်၏သား
 ဖြစ်သကဲ့သို့ ယဇ်ပုရောဟိတ်လည်းဖြစ်သည်။ ဓမ္မသစ်ကာလတွင် ဓမ္မဟောင်းကာလကဲ့သို့ ယုံကြည်သူ သာမန်လူတန်းစားနှင့် ဘုန်းကြီးလူတန်းစားဟူ၍ အဆင့်အတန်းခွဲခြားခြင်း မရှိပေ။ 
တမန်တော်ကြီး ရှင်ပေတရုက ယုံကြည်သူများထံ စာရေးသည့်အခါ 
“သင်တို့သည် . . ဓမ္မယဇ်ကို ပူဇော်ရသော ယဇ်ပုရောဟိတ်မျိုးလည်း ဖြစ်ကြ၏။ အလင်းသို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများကိုဖော်ပြစေခြင်းငှာ၊ မင်းစည်းစိမ်ရှိ သော ယဇ်ပုရောဟိတ်မျိုး ဖြစ်ကြ၏” ဟု
 ရေးသားဖော်ပြခဲ့သည် (၁ ပေ၊ ၂း၅-၉)။ 
သံသယအတွေး ။………။ခရစ်ယာန်များစွာတို့သည် အဘယ်ကြောင့် 
ယနေ့တိုင် ကယ်တင် ခြင်း စိတ်ချမှုမခံစားရသနည်း။ ထိုသူတို့သည် 
မိမိကိုယ်မိမိ ပျက်စီးဆုံးရှုံး နေသည့် အပြစ်သားဖြစ်ကြောင်း သိမြင်၍ ယဇ်ပလ္လင်တည်းဟူသော ကားတိုင်သို့ ချဉ်းကပ်လျက် ပူဇော်သက္ကာယဇ် (ခရစ်တော်)ပေါ်သို့ လက် တင်ခဲ့ကြသည်။ “ဘုရားသခင်၏ သားတော် ယေရှုခရစ်၏ အသွေးတော်သည် ငါတို့အပြစ်ရှိသမျှ ကို ဆေးကြောတော်မူ၏” (၁ယော ၁း၇) ဟူသော ကတိတော်ကိုယုံကြည်ကြသူ များလည်းဖြစ်သည်။ 
ထို့ပြင် ဘုရားသခင်ပြုတော်မူသော ကယ်တင်ခြင်းကျေးဇူးကို လက်ခံလျက် ဘုရားသခင်အား ကျေးဇူးတင်ချီးမွမ်းကြသည်။ (ယော၊ ၁း၁၂၊ ၁၃။ ကော ၁း၁၂)။
 သို့ရာတွင် ထိုသူတို့သည် များမကြာမီ အချိန်အတွင်း အမှောင်ထဲသို့ ပြန်လည် သက်ဆင်းမိကြကာ ထပ်မံအပြစ်ကျူးလွန်သေးကြောင်း ၀မ်းနည်းဖွယ်ရာ တွေ့ရ သည်။ ထိုသူတို့ကို ကြည့်လျှင် မယုံကြည်ခင်က လူဟောင်းအသက်တာ အတိုင်းပင် ရှိသေးသည်။ ဘုရားသား၏ လက္ခဏာလည်း ပေါ်လွင်ထင်ရှားခြင်းမရှိ။ သူတို့၏ ပြောင်းလဲခြင်းသည် စစ်မှန်သော ပြောင်းလဲခြင်း ဟုတ်ပါရဲ့လား။ သူတို့သည် ဘုရားသခင်၏ သားသမီး အစစ်အမှန် ဖြစ်ကြပါ၏လော။အထက်ပါ သံသယ အတွေးများသည် သူတို့၏ စိတ်နှလုံးထဲတွင် ပေါက်ဖွား လှုပ်ရှားနေလေ တော့သည်။ တစ်ကြိမ်တည်း ရွေးနှုတ်ခံရရုံဖြင့် ကယ်တင်ခြင်းကို ထာဝရပိုင်ဆိုင်ရသည်။ ကျွန်ုပ်တို့ တစ်ကြိမ်ပြောင်းလဲပြီးလျှင် နောက်ထပ်ပြောင်းလဲစရာ လိုအပ်သေးသလား၊ အသွေးတော်ဖြင့် ဆေးကြောပေးရန် ထပ်ခါထပ်ခါ တောင်းဆိုးရမည်လော၊ ကယ်တင်ခြင်း ပြန်လည်ဆုံးရှုံးနိုင်သလော ထာဝရတည်တံ့ပါသလော။ 
ဤသို့ သံသယ မေးခွန်းမျိုးသည် ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ ဖီလာ ဆန့်ကျင်နေသည်။ ထိုသို့ မေးမြန်းသူ၊ သံသယဖြစ်နေသူတို့သည် ယဇ်ပလ္လင်နှင့် အင်တုံ၏ လုပ်ဆောင်ချက် ကွာခြားမှု အနက်အဓိပ္ပါယ်ကို 
နားလည်မှု လွဲမှား နေခြင်းကြောင့် ဖြစ်သည်။ 
မယုံကြည်သူအတွက် ယဇ်ပလ္လင်၏ လုပ်ဆောင်ချက် 
လူသားတိုင်းသည် အပြစ်သားများ ဖြစ်ကြ၍ 
တစ်နေ့ ဘုရားသခင်၏ အပြစ်ဒဏ် စီရင်ခြင်း ခံရမည်။ 
သို့သော် ကားတိုင် (ယဇ်ပလ္လင်)ထက်တွင် ခရစ်တော် 
အသေ ခံခြင်းဖြင်. တင်ခြင်း အမှုအားလုံးကို ပြည့်စုံပြီးစီးစေခဲ့သည်။ 
မည်သူ မဆို မိမိအပြစ်များကို နောင်တရ တောင်းပန်လျက် ခရစ်တော်၏ အသွေးတော်ကို ယုံကြည်ကိုးစားပါက ဒဏ်စီရင်ခြင်းမှ ထာဝရ ရွေးနှုတ်ခြင်း ခံရမည်။ ခရစ်တော် လုပ်ဆောင်ခဲ့သော ရွေးနှုတ်ခြင်းသည် ထာ၉ရတည်သောကြောင်. တခါ ယုံကြည်လက်ခံပြီးလျှင် 
အပြစ်ခွင့်လွှတ်ခြင်းရရန် အဖန်တလဲလဲ တောင်းခံရန်မလိုပါ။ 
ယုံကြည်သူအတွက် အင်တုံ၏ လုပ်ဆောင်ချက် 
ခရစ်တော်ကို ယုံကြည်လက်ခံသူသည် ဘုရားသခင်၏သား
 ဖြစ်လာသော်လည်း ခရစ်တော် အသေခံတော်မူခြင်းဖြင့် ကယ် ညစ်ညူးနိုင်သေး၏။အပြစ်ထပ်မံ ကျူးလွန် မိနိုင်သေး၏။ 
အကယ်၍ အပြစ်ထပ်ပြုမိလျှင် ၀န်ချတောင်းပန်ခြင်းဖြင့် ညစ်ညူးခြင်း ကို ဖယ်ရှားပစ်ရမည်။ ဤ အမှုအတွက် ခရစ်တော်သည် ခရစ်တော်
ဘုရားရှေ့တော်၌ အမှုဆောင်သခင်အဖြစ် ဆောင်ရွက်လျှက် ရှိသည်။ 
ကိုယ်တော်သည် ကျွန်တော်တို. ၏ ခြေ၊(စိတ်နှလုံး)ကို 
နုတ်ကပတ်တော်ရေဖြင်. ဆေးကြောပေးနေသဖြင်. ညစ်ညူး သွားသည်.အခါ ထပ်မံတလဲလဲ ဆေးကြောရခြင်းဖြစ်သည်။ သန့်ရှင်းစင်ကြယ်စေသောရေ အင်တုံသည် ဘုရားသခင်၏ အိမ်တော်သို့ သွားရာလမ်းပေါ်ရှိ ဒုတိယမြောက် အရာဝတ္ထုဖြစ် ပြီး ရေအပြည့်ဖြည့်ထားသည်။ သမ္မာကျမ်းတွင် ရေ၏ထူးခြားချက်ကို မည်သို့ တွေ့နိုင်သနည်း။ “ကိုယ်တော်သည် အသင်းတော်အား နှုတ်ကပတ်တော်ရေဖြင့် ဆေးကြော သန့်စင်တော် မူ၏” ဟု (ဧ ၅း၂၆)တွင် ဖေါ်ပြထားကာ “သင်တို့သည် ငါဟောပြောသော စကား (နှုတ်ကပတ် တော်ေ၇)အားဖြင့် ယခုပင် ရှင်းလင်းလျက်ရှိသည်” ဟု (ယော ၁၅း၃)တွင်လည်း ဖော်ပြထားသည်။ ဤကျမ်းပိုဒ်အရ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ရေပမာ လူတစ်ဦးစီ၏ အသက်တာကို သန့်ရှင်းစင်ကြယ်စေကြောင်း ပုံဆောင်နေသည်။ 
 သွေးနှင့်ရေအရှင်ယေရှု သက်တော်စွန့်ပြီးနောက် စစ်သူရဲတစ်ယောက်က နံလေးတော်ကို လှံဖြင့်ထိုး ဖောက်လိုက်ရာ သွေးနှင့်ရေ ချက်ချင်းစီးထွက်လာ၏။ (ယော ၁၉ါ်၃၄)။ စီးထွက်လာသော အသွေးသည် ရန်ငြိမ်းခြင်း (သို့မဟုတ်) အပြစ်ဖြေလွှတ်ခြင်းပေး၍ ရေမူကား ဆေးကြောသန့်စင်ခြင်းကို ရည်ညွှန်းလျက် ရှိသည် (၁ ယော ၅း၆)။ ပြောင်းလဲလာသူသည် အသွေးတော်ဖြင့် ရွေးနှုတ်ဖုံး လွှမ်းခြင်း ခံရသည်။ သို့ရာတွင် ဘုရားသခင်နှင့် အမြဲတမ်းမိတ်သဟာယ ဖွဲ့နိုင်ဖို့ သန့်ရှင်းစင်ကြယ်ရမည်။ သန့်ရှင်းစင်ကြယ်ရန်လည်း ရေ ဖြင့် ထပ်ခါတလဲလဲ ဆေးကြောသန့်စင်ရမည်ဖြစ်ကြောင်း အင်တုံက သတိပေးလျက်ရှိသည်။ 
ထို့ကြောင့် အသွေးတော်ဖြင့် အပြစ်ဖြေလွှတ်ခြင်းအပိုင်းနှင့် နှုတ်ကပတ်တော်ရေဖြင့် အကြိမ်ကြိမ် ဆေးကြောသန့်စင်ခြင်းအပိုင်းတို့ကို ကွဲကွဲပြားပြား သိထားလျှင် ကျွန်ုပ်တို့၏ အသက်တာ၌ ယုံမှားသံသယဖြစ်နေသော အရာများ ပျောက်ကွယ် သွားလိမ့်မည်။ ခရစ်တော်၌ဆက်ဆံခြင်း ခရစ်တော်နှင့်အတူ ဆက်ဆံခြင်း အရှေ့တိုင်းသားများသည် ခြေအိတ်နှင့်ရှူးဖိနပ်များကို မစီးဘဲ ကြိုးသိုင်းဖိနပ်၊ ခြေညှပ်ဖိနပ်များကိုသာ စီးလေ့ရှိကြသဖြင့် မကြာခဏ ခြေထောက် ညစ်ပတ် ပေကျံသွားတတ်သည်။ ထိုခေတ်အခါက ညစ်ပတ်ပေကျံနေသော ခြေထောက်ဖြင်. ကွပ်ပျစ်နှင့်ခုံတန်းရှည်များပေါ်တွင် လဲလျောင်း ခွင့်မရှိချေ။ 
ဧည့်ခံစားသောက်ပွဲများတွင် အစာမစားမီ ဧည့်သည်များ၏ခြေထောက်ကို 
ပထမဦး စွာ ဆေးကြောပေးသော ဓလေ့ထုံးစံရှိခဲ့သည်။ (လု ၇း၃၆-၅၀)။ ကိုယ်တော်ရှင်၏ နောက်ဆုံးညစာစားပွဲတွင် တပည့်တော်အချင်းချင်း မည်သူကသာ၍ ကြီး မြတ်သလဲဟု ငြင်းခုံနေကြစဉ် အရှင်ယေရှုကိုယ်တိုင် တပည့်တော်တို့၏ခြေကို ဆေးပေးလျက် အစေခံတော်မူခဲ့၏။ ဤအရာကို လက်မခံလိုသော ယေရှုအား အရှင်ယေရှုက “သင့်ကို ငါမဆေးရလျှင် သင်သည် ငါနှင့် မဆက်ဆံရ ဟု မိန့်တော်မူ၏” (ယော ၁၃း၈)။ ခရစ်တော်၌ ဆက်ဆံခြင်းအခွင့်ကို ခြေဆေးခြင်းဖြင့်ရသည်မဟုတ်ဘဲ ယဇ်ပလ္လင(် ကားတိုင် ၌ မိမိကိုယ်စား ခရစ်တော်အသေခံသွားသည်ကို ယုံကြည်ခြင်းဖြင့် ရခဲ့ခြင်းဖြစ်သည်။
 သို့သော် ခရစ်တော်နှင့်အတူနေစဉ် ဆက်ဆံနိုင်ရန် ခြေဆေးခွင့်ပြုရမည်။ ပေတရုအား အရှင်ယေရှုပြောခဲ့ သောစကားကို ထောက်၍ ကျွန်ုပ်တို့၏နေ့စဉ် အသက်တာတွင် ခရစ်တော်နှင့်အတူ မိတ်သဟာယ ဖွဲ့လျက် ဆက်ဆံခြင်းရှိရမည်။ ခြေဆေးခြင်း ထို့ကြောင့် ယုံကြည်သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ရေ(အင်တုံ)ရှိရာသို့ အစဉ် ချဉ်းကပ်ရမည်။ 
သဲကန္တာရထဲတွင် လျှောက်နေရသူ၏ ခြေထောက်သည် အစဉ်ညစ်ပတ်ပေကျံ နေ တတ်သည်။ ထို့အတူ အပြစ်ဒုစရိုက်ဖုံးလွှမ်းရာ ဤလောကကြီးထဲတွင် အသက်ရှင်နေထိုင်ကြရ သော ယုံကြည်သူတိုင်းသည် မကောင်းမှုများနှင့် ငြိစွန်းလျက် စိတ်နှလုံးကို ညစ်ညူးစေတတ် သည်။ (ယေရ ၁၇း၉)။ 
ရံဖန်ရံခါ မနောကံ၊ ၀စီကံဖြင့် အပြစ်ကျူးလွန်မိတတ်သည်။ အထူးသဖြင့် နေ့စဉ် မြင်ရကြားရသော လောကီအရာများက ကျွန်ုပ်တို့၏ စိတ်နှလုံးနှင့် အသက်တာကို ညစ်ညူးစေသည်။ အပြစ်ဒုစရိုက်ကို ထင်ထင်ရှားရှား မကျူးလွန် ခဲ့လင့်ကစား ရေအင်တုံ၌ ထပ်ခါထပ်ခါ ဆေး ကြောသန့်စင်ဖို့ လိုသည်။ သို့ဖြစ်၍ နေ့စဉ် နှုတ်ကပတ်တော် ဖတ်ရှုဆင်ခြင်လျှက် မိမိကိုယ်ကို စစ် ဆေးသင့်သည်။ ကျွန်ုပ်တို့ခြေကို မည်သူ ဆေးပေးသနည်း။ အရှင်ယေရှု ကိုယ်တော်တိုင် ဆေးပေး သည်။ ယုံကြည်သူ ကျွန်ုပ်တို့၏ အသက်တာတွင် အရှင်ယေရှုက နှုတ်ကပတ်တော် ရေဖြင့်ဆေးကြောပေးနေသည်ကို ယုံကြည်ရန်ခက်ခဲသော်လည်း နှုတ်ကပတ်တော်ကို အစဉ်ဖတ်ရှုကြားနာလျှင် အမှန်တကယ်ပင် သန့်ရှင်း စင်ကြယ်ခြင်း ခံစားသိရှိ လာနိုင်သည်။ နှုတ်ကပတ်တော်၌ တန်ခိုးရှိသောကြောင့် ကျွန်ုပ်တို့၏ မသန့်ရှင်းသော အကြံ အစည်၊ အတွေးအခေါ်၊ အပြုအမူများကို ပေါ်လွင်ထင်ရှား စေနိုင်သည်။ သမ္မာကျမ်းသည် သန့်ရှင်း စုံလင်သောကြောင့် ကျွန်ုပ်တို့၏ အမှားများ၊ အပြစ်များနှင့် အားနည်းချက်များကို ပြန်လည်တွေ့မြင် လာအောင်ဖော်ပြပေးနိုင်သည်။ ဤနည်းအားဖြင့် ခရစ်တော်သည် ကျွန်ုပ်တို့ကို နောင်တရစေ၍ အပြစ်ဝန်ချ တောင်းပန်စေ ခဲ့သည်။ 
မိမိအပြစ်ကို နောင်တရပြီး ၀န်ချတောင်းပန်လိုက်သည်နှင့် အပြစ်ခွင့်လွှတ်ခြင်း ခံရပြီး နောက် သန့်ရှင်းစင်ကြယ်သော ယုံကြည်သူ တစ်ဦး အဖြစ်သို့ပြန်လည်ရောက်ရှိလာသည်။ ကျွန်ုပ်တို့ သန့်ရှင်းစင်ကြယ်ရခြင်းမှာ ခမည်းတော်ဘုရား ရှေ့တော်တွင် အမှုဆောင်၍ လျှောက်လဲပေးနေသော အရှင်ယေရှု ကြောင့်ပေးတည်း။ ထို့ကြောင့် (၁ ယော ၂း၁-၂) တွင် “ချစ်သားတို့ သင်တို့သည် ဒုစရိုက်ကို မပြုစေခြင်းငှာ ဤအရာများကို သင်တို့အား ငါရေး၍ ပေးလိုက်၏” ဟု သတိပေးထားခြင်းဖြစ်သည်။ ဤအချက် ပင်လျှင် ခမည်းတော် ဘုရား၏ အလိုတော်ဖြစ်သည်။ ဘုရားသား ဖြစ်သူသည် ဒုစရိုက်ကျူးလွန်လိုစိတ် မရှိသော်လည်း လက်တွေ့တွင် အပြစ်ပြု နိုင်ကြောင်း ဘုရားသခင်သိမြင်ပြီးဖြစ်သည်။ ဘုရားသားဖြစ်သူသည် အပြစ်ပြုမိသောအခါ မျှော်လင့် ချက်ကင်းမဲ့စွာ အသက်ရှင်ဖို့မလိုပါ။ အကြောင်းမူကား ဖြောင့်မတ် တော်မူသော အရှင်ယေရှုခရစ် တည်းဟူသောငါတို့အမှုဆောင် သခင်သည် ခမည်းတော်ထံ၌ လျှောက်လဲ ပေးနေ၏။မည်သည့်အချိန်တွင်အပြစ်ဝန်ချရမည်နည်း။ 
ယုံကြည်သူ သူငယ်ချင်း တစ်စုသည် ခြေဆေးခြင်းနှင့်
ပတ်သက်ပြီး စကားလက်ဆုံ ကျနေကြရာ 
ပထမ, တစ်ယောက်က စတင်၍ “ကျွန်တော်ဟာ စနေနေ့ည ရောက်တိုင်း တစ်ပါတ်အတွင်း လုပ်မိခဲ့တဲ့အပြစ်တွေကို ပြန်စစ်ဆေးပြီး မှားတာတွေကို ဘုရားသခင်ဆီ အပြစ်ဝန်ချတောင်းပန် လေ့ရှိတယ်။ 
ဒီလို လုပ်ခြင်းအားဖြင့် တနင်္ဂနွေနေ့ကျရင် စိတ်ထဲမှာပေါ့ပါးရွှင်မြူးစွာနဲ့ 
သွားလာရ တယ်” ဟုသူငယ်ချင်းများကိုပြောပြနေသည်။ 
ဒုတိယလူက “ကျွန်တော်ကတော့ စနေနေ့ညအထိ ဆိုင်းမထားဘူးဗျ။ လုပ်ခဲ့သမျှအပြစ် တွေ ကို ညအိပ်ရာမ၀င်ခင် ပြန်စစ်ဆေးပြီး 
ဝန်ချတောင်းပန် လေ့ရှိတယ်” 
တတိယလူက “ကျွန်တော်ကတော့ အပြစ်သင့်တဲ့ ပြောဆို လုပ်ကိုင် ကြံစည်သမျှကို အမြဲ ဆန်းစစ်ပြီး ချက်ချင်းဝန်ချ တောင်းပန်လေ့ရှိတယ်။ 
တကယ်လို့ မသန့်ရှင်းတဲ့ အရာတွေကို တွေးမိ ရင်တောင် ချက်ချင်းဖယ်ရှားပစ်လိုက်တယ်” အထက်ပါ ယုံကြည်သူသုံးဦးအနက် မည်သူသည် ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်ပါသနည်း။ အဘယ်သူသည် ဘုရားသခင် လုပ်ဆောင်ပေးခဲ့သော အကျိုးကျေးဇူးကို ပြည့်ပြည့်၀၀ ခံစားရပါသနည်း။ သားဆိုး သမီးဆိုးကို ပစ်ရိုးထုံးစံမရှိ 
ကလေးတစ်ယောက်သည် ဖခင်(သို့မဟုတ်) မိခင်၏ စကားကို နားမထောင်ခဲ့သော်မိဘများက“ ဟာ . . .ဒီကလေးက 
တို့ရဲ့သားသမီး မဟုတ်ဘူး” ဟု ပြော၍မရပါ။ သားသည် သားအရာ ၌ ဆက်လက်တည်တံ့နေပေမည်။ ဇာတိမျိုးရိုးမှ မွေးဖွားလာသည့်သားကို သွေးသား မတော်စပ် တော့ဟု ပြောင်းလဲငြင်းပယ်၍ မရနိုင်ပါ။ သို့သော် မိဘစကား နားမထောင်သော သားမိုက် တစ်ယောက်အဖို့ ဖခင်အပါးတွင် ပျော်ပျော်ရွှင်ရွှင် နီးနီးကပ်ကပ် နေခွင့်ရမည် မဟုတ်ချေ။ ထိုနည်းတူ ယုံကြည်သူတစ်ဦးသည် အပြစ်ကျူးလွန်မိသောအခါ ဘုရားသခင်၏ သားအဖြစ် မှ မဆုံးရှုံးနိုင်သော်လည်း ဘုရားသခင်၏စကားကို နားမထောင်ခြင်းကြောင့် ထိုသူ၏ အသက်တာ ၌ ၀မ်းမြောက်ပျော်ရွှင်မှု ကင်းမဲ့ နေလိမ့်မည်။ ထိုမျှမက ခမည်းတော်ဘုရားနှင့် အဆက်ပြတ်လျှက် ဆုတောင်းခွင့်နှင့် အောင်မြင်ခြင်းတန်ခိုးဆုံးရှုံးရလေသည်။ 
 ထိုသူသည် ဘုရားသခင်နှင့် ပြန်လည်ဆက်သွယ် ရင်းနှီးရန် မိမိအပြစ်များကို ဖော်ပြ၍၀န်ချတောင်းပန်ရမည်။ ၀န်ချရာတွင် အပြစ်သားက ဘုရားသခင်အထံ တော်သို့ ချဉ်းကပ်ခြင်းမျိုး မဖြစ် စေဘဲ၊ ဖခင်ထံသို့ နောင်တဖြင့် ပြန်လာသော သားမိုက်တစ်ယောက်၏ ချဉ်းကပ်ခြင်းမျိုးသာ ဖြစ်ရ မည်။ ဤအချက်သည်ပင် ရေ အင်တုံ၏ ထူးခြားချက်ဖြစ်သကဲ့သို့ ယုံကြည်သူတိုင်း၏ အသက်တာတွင် အရေးအကြီးဆုံးသော အချက်ဖြစ်သည်။ ယုံကြည်သူသည် မိမိ၏ကယ်တင်ရှင်နှင်. ကောင်းကင်အဖဖြစ်သော ခမည်း တော်ဘုရားကို ၀မ်းနည်း ကြေးကွဲ ရှုတ်ချ ထိခိုက်အောင် မပြုသင့်ကြောင်း ရေ အင်တုံကသတိပေးလျက်ရှိသည်။
 ယုံကြည်သူသည် အပြစ်ပြုမိ၍ ပြိုလဲသွားသောအခါတွင် စစ်မှန်သော နောင်တဖြင့် ၀န်ချ တောင်းပန်ပါက ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ပြန်လည်ထူပင့် ချီးမခြင်းခံရကာ အပြစ်ခွင့် လွှတ်ခြင်း ခံစားရသည်။ ၎င်းပြင် ရွေးနှုတ် ကယ်တင်ရှင် နှင့် ပြန်လည် မိတ်သဟာယဖွဲ့ရသော အခွင့်ရရှိပြီး အသစ်သော ငြိမ်သက်ခြင်းကိုပြန်လည်ခံစားရလေသည်။ ထာဝရ အစေခံသော အရှင် ချစ်စွာသော ယုံကြည်သူ ညီအစ်ကို မောင်နှမ အပေါင်းတို့ - ပေကျံနေသော မိမိတို့ခြေထောက်ကို ပေတရုနည်းတူ နောက်သို့မရုပ်သိမ်းလိုက်ပါနှင့် ကိုယ် တော်ရှင်အား ကြည်ကြည်သာသာ ဆေးကြောခွင့်ပေးလိုက်ပါ။ ကိုယ်တော်ရှင်နှင့်အတူ မိတ် သဟာယဖွဲ့နိုင်ရန် (သို့မဟုတ်) 
ခွင့်လွှတ်ခြင်းရရန် အမြဲဝန်ချတောင်းပန်ပါ။ သင်၏ ခြေ(စိတ်နှလုံး) ကို ဆေးကြောခွင့်ပေးသည့်အခါတိုင်း ကိုယ်တော်ရှင်သည် ၀မ်းမြောက်ပီတိ ဖြစ်လိမ့်မည်။ ဆေး ကြောခွင့်မပေးလျှင် ကိုယ်တော်ရှင်ကို ၀မ်းနည်းကြေကွဲ စေလိမ့်မည်။ သင်သည် ကိုယ်တော်ရှင် အား ရိုသေလေးစားခြင်းဖြင့် ဆုတောင်းပဌနာ ပြုနေသူ ဖြစ်ကောင်းဖြစ်လင့်ကစား ကိုယ်တော်ရှင် နှင့်အတူ ၀ိညာဉ်၌ နီးနီးကပ်ကပ် အသက်မရှင်လျှင် ကိုယ်တော်ရှင်သည် ဧကန်အမှန် ၀မ်းနည်းရ လိမ့်မည်။ ကိုယ်တော်ရှင်အတွက် သင်၏စိတ်နှလုံးတံခါးကို ကျယ်ဝန်းစွာ ဖွင့်ထားပေးပါ။ သင့်စိတ် နှလုံးအတွင်းရှိ ငြိမ်သက်ခြင်းကို ဆီးတားနှောင့်ယှက် နေသည့် အရာများ ဖယ်ရှားပစ်နိုင်ရန် ကိုယ် တော်ရှင်အား အခွင့်ပေးလိုက်ပါ။ သို့ပြုလျှင် သင့်အသက်တာတွင် ကြွယ်ဝသော ကောင်းချီးမင်္ဂလာ များနှင့် အောင်မြင်ခြင်းတန်ခိုးကို ပိုမိုခံစားလာရပြီး ကိုယ်တော်ရှင်အတွက် အသီးများစွာ သီးလိမ့် မည်။
 ခြေဆေးခြင်းအမှုသည် နှစ်သက်ဖွယ်ရာ လုပ်ပေးချင်စရာ အမှုမျိုးမဟုတ်သော်လည်း ကိုယ် တော်သည် ကျွန်ုပ်တို့၏ ခြေကို ထပ်ခါထပ်ခါ ဆေးပေးတော်မူ၏။ ကျွန်ုပ်တို့ကို ကယ်တင်သော အရှင်၏ ချစ်ြခင်းမေတ္တာသည် အလွန်ကြီးမားလှပေတကား။ လူ့ညာဏ်ဖြင့် စဉ်းစားကြံစည်၍ မမှီ နိုင်ပါ။ ဤလောကတွင် အသက်ရှင်စဉ်က ကိုယ်တော်သည် လူသားတိုင်းအတွက် အစေခံခဲ့သည့် နည်းတူ ယခုလည်း ကောင်းကင်ဘုံတွင် ကျွန်ုပ်တို့အတွက်အစေခံဆုတောင်းပေးလျက် ရှိသည်။ ကျွန်ုပ်တို့အတွက် ကိုယ်တော် အသက်ရှင်နေသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ ပြည့်စုံခြင်း ပမာဏသို့ ရောက်မှသာ ခြေဆေးပေးခြင်းအမှု ရပ်ဆိုင်းသွားသည်။ ထိုအချိန်တိုင်အောင် ကိုယ် တော်သည်ဆက်လက် အမှုဆောင် နေဦးမည်။ ထို့ပြင် ကောင်းကင်ဘုံ၌ပင် မိမိပိုင်ဆိုင်သူများကို ခရစ်တော် ဆက်လက်လုပ်ကျွေးပြုစုလိမ့်မည်။ အရွယ်ပမာဏအင်တုံ၏ အတိုင်းအတာ အရွယ်ပမာဏကို သမ္မာကျမ်း၌ မဖော်ပြပါ။ အကြောင်းမှာ ယုံကြည်သူ၏ အသက်တာတွင် ဆေးကြော ခွင့်လွှတ်ခြင်းခံရသည့် ကျေးဇူးတော်များကို တိုင်းတာနှိုင်းဆ၍ မရနိုင် လောက်အောင်များပြား ကြီးမားလှကြောင်း ဆိုလိုသည်။ ယုံကြည်သူ၏ အသက်တာ တွင် လမ်းမှားသို့ လိုက်မိပြီး အပြစ်ပြုခဲ့သော အကြိမ် မည်မျှရှိကြောင်းကို ကိုယ်တိုင် မရေတွက် နိုင်သော်လည်း အပြစ်များကို နောင်တရပြီး ၀န်ချတောင်းပန်သောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်ရန် အစဉ်အမြဲ အသင့်ရှိ နေသည်။ ကိုယ်တော်ရှင်၏ မေတ္တာသည် မနှိုင်းဆနိုင်လောက်အောင် ကြီးမားလှပါတကား.။ အမျိုးသမီးများ၏ ကြေးမုံ အင်တုံကို အမျိုးသမီးများ အသုံးပြုသော ကြေးဝါ ကြေးမုံမှန်ဖြင့် ပြုလုပ်ထားသည် (ထွ၊ ၃၈း၈)။အမျိုးသမီး များက သူတို့ပိုင်ဆိုင် အသုံးပြုနေသော ကြေးမုံမှန်ကို ဘုရားသခင်၏ အမှုတော် အတွက် ပေးအပ်လှူဒါန်းခဲ့ကြသည်။ ထိုခေတ်အခါက (Mirror) ဟုခေါ်သော ပြဒါးသုတ်မှန် မပေါ် ပေါက်သေးသဖြင့် အမျိုးသမီးများသည် ကြေးဝါချပ်ကို ရောင်ပြန် တပ်သည်အထိ ပြောင်လက် အောင် တိုက်ချွတ်ပြီး “မှန်” အဖြစ်အသုံးပြုရသည်။ အမျိုးသမီးများသည် မိမိတို့၏ ရုပ်ဆင်းသဏ္ဍာန်ကို တွေ့မြင်ချင်သောအခါ ပြောင်လက် အောင် တိုက်ချွတ်ထားသည့် ထို ကြေးဝါ မှန်ချပ်ကို ကြည့်ပြီး တစ်ကိုယ်တည်းကျေနပ် ရွှင်ပြုံး ပီတိ ဖုံးခဲ့ကြ၏။တစ်ချိန် က ပီတိဖြစ်စရာ ၀ါကြွားစရာအဖြစ် အသုံးပြုခဲ့သော ကြေးဝါချပ်များကို သာ၍မြင့် မြတ်သော ရည်ရွယ်ချက်အတွက် အသုံးချလာကြသည်။ နေ့စဉ်မကြည့် မဖြစ် သလို အလွန်အသုံး ၀င်လှသော သူတို့၏ ကြေးဝါမှန်ချပ်များကို ဘုရားသခင် ထံတော်သို့ ဆက်ကပ်လှူဒါန်းလိုက်သော အခါ ဘုရားသခင်သည် ထိုကြေးဝါ မှန်ချပ်ကို ဘုရားသခင်ထံတော်သို့ ဆက်ကပ်လှူဒါန်း လိုက် သောအခါ ဘုရားသခင်သည ထိုကြေးဝါမှန်ချက်ကို အရည်ကျိုစေပြီး ရွှေအိမ်တော်အတွက် အလွန် အဖိုးတန် အသုံးဝင်လှသော အင်တုံကို ပြုလုပ်စေခဲ့သည်။ အကယ်စင်စစ် အမျိုးသမီးများ၏ ကြေးဝါမှန်ဖြင့် “အသစ်သောကြေးမုံ” ကို ပြုလုပ်ထားခြင်း ဖြစ်သည်။ တစ်ချိန်က မိမိ၏ အပြင်ပန်း ရုပ်ဆင်းသဏ္ဍာန်ကိုသာ ထင်ရှား တွေ့မြင်စေခဲ့သော ကြေးဝါမှန် သည် ယခုအခါ မိမိကိုယ်ကို(စိတ်)ကို စီရင်ရန်နှင့် မိမိချို့ယွင်းချက်၊ အားနည်းချက်များကို ပြန်လည်စစ်ဆေး တွေ့မြင်စေသောကြေးမုံ အဖြစ်သို့ ပြောင်းလဲခဲ့လေပြီ။ အလားတူ ဘုရားသခင်၏ နှုတ်က ပတ်တော်သည် ကျွန်ုပ်တို့၏ အပြစ်အားနည်းချက်များကို ဖော်ပြပြုပြင်ပေးနိုင်သော အစွမ်းရှိသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့၏ အားနည်းချက်များ မှားယွင်းမှုများကို ဖယ်ရှားနိုင်ရန် နှုတ်ကပတ်တော် ကို ကြားနာဖတ်ရှုရမည်။ ကျမ်းစာဖတ်ရှုခြင်းဖြင့် ကျွန်ုပ်တို့အသက်တာကို တစ်နေ့တစ်ခြားသန့်ရှင်းစင်ကြယ်လာစေလိမ့်မည်။ အမျိုးသမီးများက သူတို့၏ ကြေးဝါမှန်များကို ဘုရာသခင်၏ အိမ်တော် အတွက် ပေးလှူခဲ့ပြီးပြီ။ ကျွန်ုပ်တစ်ဦးစီလည်း ဘုရားသခင်အတွက် ဘာများ ပေးလှူခဲ့ပြီး ပြီလဲ။ဘုရားသခင် ပေးအပ်ထားသော ဆုကျေးဇူးပါရမီနှင့် ကောင်းကြီး မင်္ဂလာများကို ကျွန်ုပ်တို့ ကိုယ်ကျိုးအတွက်သာ အသုံးချနေပါသလား။ ဘုရား သခင်၏ အမှုတော်မြတ်အတွက် ဆက်ကပ်အပ်နှံလိုပါသလား။ အကယ်၍ ကျွန်ုပ်တို့ပိုင်ဆိုင်သော အရာများကို ဘုရားသခင်အတွက် ဆက်ကပ် အပ်နှံမည် ဆိုလျှင် ဘုရားသခင်သည် ထိုအရာများကို အသုံးပြုလျှက် သူ၏ဘုန်းတော် ထင်ရှားစေလိမ့်မည်။ သင်ဆက်ကပ်အပ်နှံသော အရာသည် တန်ဖိုးနည်းပါးလင့်ကစား ဘုရားသခင်သည် အသစ်ဖြစ်စေ လျက် သန့်ရှင်းစေပြီး တန်ဖိုးရှိသော အရာအဖြစ် အသုံးပြုလိမ့်မည်။
အခန်း(၆) ပျဉ်ချပ်များ / အခန်း (၇) မိုးတိမ်
အခန်း(၆) ပျဉ်ချပ်များ (ထွ၊ ၂၆း၁၅-၃၀) 
ဘုရားသခင်၏ အိမ်တော်ကို ကြီးမားသော အကာရှသစ်သားပျဉ်များဖြင့် 
တည် ဆောက်ထား သည်။ ပျဉ်တစ်ချပ်စီသည် အမြင့်ပေ ၂၀ နှင့် အနံ ၃ ပေရှိပြီး စုစုပေါင်း ပျဉ်ချပ်ရေ (၄၈)ချပ်လို သည်။ မြေမှပေါက်သော 
အကာရှသစ်သားသည် ဤလောက၌ ဖွားမြင်ခြင်းခံတော်မူသည့် 
အရှင် ယေရှုကို လူသားစင်စစ်ဖြစ်ကြောင်း ပုံဆောင်နေ၏။ 
 ။။…… ရွှေ….။
 ပျဉ်ချပ်တိုင်းကို ရွှေဖြင့်မွမ်းမံဖုံးအုပ်ထားပြန်၏။ ပျဉ်ချပ်ပေါင်းများစွာကို 
ဖုံးအုပ်ရန် ရွှေချိန် ပမာဏ မြောက်မြားစွာလိုအပ်သဖြင့် ရှေးမဆွကပင် ဘုရားသခင် ပြင်ဆင်ပေးထားခဲ့သည်။ ဘုရားသခင်သည် အဲဂုတ္တုလူမျိုးများထံမှ ရွှေနှင့် အခြားရတနာပစ္စည်း မြောက်များစွာကို ဣသရေလ လူမျိုးများ လက်ဝယ် ပိုင်ဆိုင်ရသော အခွင့်ပေးခဲ့သဖြင့် အဲဂုတ္တုပြည်မှ ထွက်လာချိန်၌ ဣသရေလ လူမျိုး များလက်ထက် ပိုင်ဆိုင်ရသော အခွင့်အရေးပေးခဲ့သဖြင့် အဲဂုတ္တုပြည်မှ ထွက်လာချိန်၌ ဣသရေလ လူမျိုးများထံတွင် ရွှေ၊ ငွေရတနာ 
အမြောက်အများ ပါရှိလာကြ၏ (ထွ၊ ၁၂း၃၅-၃၆)။ 
ထို့ ကြောင့် ပျဉ်ချပ်များကို ဖုံးအုပ်ရန် ရွှေအလုံအလောက် ရှိနေခြင်းဖြစ်သည်။ တဲတော်၏ သန့်ရှင်းရာဌာန အတွင်းဘက်မြင်ကွင်းသည် ရွှေရောင်ဖြင့် ပြိုးပြက် တောက်ပ လျှက် အလွန်လှပတင့်တယ်နေ၏။ ရွှေသည် အဖိုးအတန်ဆုံး သတ္တု တစ်မျိုးဖြစ်ပြီး ခေတ်အဆက် ဆက်က လူများနှစ်သက် မြတ်နိုးခဲ့ကြသည်။ ဗျာဒိတ်ကျမ်း ၂၁ ရှိ ယေရုရှလင်မြို့သစ်အကြောင်း ဖော်ပြထားရာ၌ ရွှေ လွန်ကြွယ်ဝ ပေါများသော မြို့ဖြစ်ကြောင်းသိရသည်။ မြို့တော်မှာ ရွှေစင်အတိပြီး လျှက် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည် ထွန်းလင်းနေကြောင်း တွေ့မြင်ရသည်။ မြို့လမ်းမပင် လျှင် ရွှေစင်ဖြင့် ခင်းထား၏။ ထို့ကြောင့် ရွှေသည် ကောင်းကင်ဘုံနှင့် ဘုရားသခင်၏ ဘုန်းတော်ကို ဆိုလိုကြောင်း သိနားလည်ရသည်။ 
 ကမ္ဘာပေါ်ရှိ သတ္တုပစ္စည်းအမျိုးမျိုးထဲတွင် ရွှေသည် တမူထူးခြား၏။
 ရွှေစစ်စစ်ကို မီးပြင်း တိုက်၍ အပူပေးသောအခါ အရည်ပျော်သွားသော်လည်း အလေးချိန်နှင့် ဂုဏ်သတ္တိ ပြောင်းလဲသွား ခြင်းမရှိ။ နဂိုရှိရင်းစွဲအတိုင်း တည်မြဲနေ၏။ ထို့အတူ အအေးခံ လျှင်လည်း ဂုဏ်သတ္တိများ ယုတ် လျှော့သွားခြင်းမရှိ။ ရွှေသည် ခရစ်တော်၏ ဂုဏ်တော်အပေါင်းကို ရည်ညွှန်းနေ၏။ သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း အပြစ်ပကတိ ကင်းစင်ခြင်း၊ သနားကရုဏာရှိခြင်း၊ ကောင်းမြတ်ခြင်း၊ အောင်မြင်ခြင်း၊ တန်ခိုးနှင့် ပြည့်စုံခြင်း အသက်ရှင်ခြင်း၊ ကြွယ်ဝခြင်း၊ ၀မ်းမြောက်ခြင်း၊ ချစ်ခြင်းနှင့် ပညာ အစရှိသည့် ဂုဏ် တော်အပေါင်းသည် မည်သည့်အချိန်ကာလ၊ မည်သည့်အခြေအနေမျိုး၌မဆို လျော့ပါးပြောင်းလဲ သွားခြင်း အလျှင်းမရှိဘဲ ထာာဝရတည်တံ့၏။ 
ထို့ကြောင့် ခရစ်တော်သည် မနေ့၊ ယနေ့၊ နောင် ကာလ အစဉ်မပြောင်းလဲဘဲ တည်တော်မူသော ဘုရားဖြစ်၏ ဟု ကျမ်းစာ၌ ဖော်ပြထားသည်။ (ဟေဗြဲ၊ ၁၃း၈) 
သစ်သားမှာ ခရစ်တော်၏ လူသားဇာတိကို ဆိုလိုပြီး ရွှေမူကား 
ကိုယ်တော်၏ ဘုရား၊ ဘုန်း၊ အသရေကို ဆိုလိုပါသည်။ ကိုယ်တော်သည် ပုဂ္ဂိုလ်အားဖြင့် တစ်ပါးတည်းဖြစ်သော်လည်း ဘုရား စင်စစ် ဖြစ်သကဲ့သို့ လူစင်စစ်လည်းဖြစ်သည်။ ဤလောကသို့ ကြွလာပြီး အသက်ရှင်စဉ်က လူ့ ကိုယ်ခန္ဓာဖြင့် ပေါ်ထွန်းတော်မူသော ဘုရားဖြစ်သည် (၁တိ၊ ၃း၁၆)။ ပထမထွင် လူအများက ခရစ်တော်ကို သာမန်လူအဖြစ်သာ သိကြပြိး ဘုရားဖြစ်ကြောင်း လူ အနည်းငယ်ကသာ သိမြင်ကြ၏။ ခမည်းတော်ဘုရား၏ အမြင်မူကား လူ့အမြင်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် အိမ်တော်၏ ပျဉ်ချပ်များကို ကြည့်သောအခါ အပေါ်ယံရွှေကို ပထမဦးဆုံး တွေ့မြင်ရသကဲ့သို့ သားတော်ယေရှုခရစ်၏ ဘုရားဇာတိကို အရင်တွေ့မြင်ပြီးမှ ဖုံး 
ကွယ်ထားသည့် အတွင်းပိုင်းသစ်သား (လူ့ဇာတိ)ကို တွေ့မြင်တော်မူ၏။ 
 ခရစ်ယာန်တစ်ယောက်သည်လည်း ထိုသစ်သားပျဉ်ချပ်နှင့် အလားသဏ္ဍာန် တူညီနေ ကြောင်း အံ့သြဖွယ်ရာ တွေ့ရှိရ၏။ အဘယ်ကြောင့်ဆိုသော် ယုံကြည် သူသည် ဤလောက၌ အသက်ရှင် နေသော လူသား တစ်ဦးဖြစ်သော်ငြားလည်း ရွှေနှင့်တူသော ဘုရားသခင်၏ ဖြောင့်မတ် ခြင်းတန်ဆာ ကို ၀တ်ဆင်ထားလျက် ရှိသည်။ (၂ကော၊ ၅း၂၁)။ ရှင်လုကာ ၁၅ မှ ပျောက်သောသားသည် ဖခင်ထံမှ အကောင်းဆုံးဝတ်လုံကို လက်ခံရရှိ သကဲ့သို့ ယုံကြည်သူတိုင်းသည် ဘုရား သခင်ထံမှ အကောင်းဆုံး ၀တ်လုံကို ဆင်မြန်းရသူများ ဖြစ် ခြင်းကြောင့် 
“အို . . ငါ့ဝိညာဉ်၊ ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းလော့။ 
အကြောင်းမူကား ကိုယ်တော်သည် ကျွန်ုပ်ကို ကယ်တင်ခြင်း 
တန်ဆာဆင်ခဲ့ပြီ။ ဖြောင့်မတ်ခြင်း ၀တ်လုံနှင့် လွှမ်းခြုံ ပေးခဲ့ပြီ” ဟု ထာဝရဘုရားအား ချီးမွမ်းပါလေ (ယေရှာ ၆၁း၁၀)။ ပျဉ်ချပ်များကို ရွှေဖြင့်ဖုံးလွှမ်းထားသည့်နည်းတူ ယုံကြည်သူသည် ခရစ်တော်ထံ၌ 
တည်နေ သော လူဖြစ်ခြင်းကြောင့် ကောင်းကင်ဘုန်းအသရေကို လွှမ်းခြုံ ထားသူများပင် မဟုတ်လော (၂ကော၊ ၁၂း၂)။ 
ဘုရာ:သခင်သည် ခရစ်တော်အထဲ၌ ကျိန်းဝပ်တော်မူ၏။ 
ဘုရားသခင်သည် ဣသရေလ လူမျိုးတို့၏ ခေတ်အခါက ရွှေဖြင့် မွမ်းမံဖုံးအုပ်ထားသည့် ပျဉ်ချပ်များဖြင့် တည်ဆောက်ထားသော တဲတော်တွင် ကျိန်းဝပ်တော်မူ၏။ ထို့နောက် သားတော် ယေရှုခရစ် ဤလောကသို့ ကြွလာသောအခါတွင် သားတော်အထဲ၌ ကျိန်းဝပ်တော်မူ၏။ ကိုယ် တော်၌ ဘုရားဇာတိအဖြစ်တော်၏ ပြည့်စုံခြင်း (ဘုရားသခင်၏ စုံလင်ကြွယ်ဝခြင်း) အပေါင်းသည် ကျိန်းဝပ် ထင်ရှားတော်မူ၏ (ကော၊ ၂း၉)။
ယုံကြည်သူတိုင်း၌ ကျိန်းဝပ်တော်မူ၏။ အရှင်ယေရှုသည် ယခုအခါ ကောင်းကင်ဘုံသို့ တက်ကြွသွားလေပြီ။ ယုံကြည် သူတိုင်းသည် လည်း သန့်ရှင်းသော ၀ိညာဉ်တော် ကျိန်းဝပ်ရာ ဘုရားသခင်၏ 
ဗိမာန်တော်ဖြစ်လာကြပြီး သင်တို့ ၏ ကိုယ်ခန္ဓာသည် ဘုရားသခင်
 ပေးသနား တော်မူသော ၀ိညာဉ်တော်တည်းဟူသော သင်တို့အထဲ ၌ ကျိန်းဝပ်သည့် သန့်ရှင်း သော ၀ိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို မသိကြသလော (၁ကော၊ ၆း၁၉)။ 
 (အသင်းတော်၌ ကျိန်းဝပ်တော်မူ၏) ပျဉ်ချပ်များကို 
တစ်ချပ်နှင့်တစ်ချပ် ဆက်စပ်တည်ဆောက်ထားသကဲ့သို့ ယခုခေတ် 
ဘုရား သခင် ကျိန်းဝပ်ရာ အိမ်တော်ကိုလည်း အလားတူ ယုံကြည်သူ တစ်ဦးနှင့် တစ်ဦး တွဲဘက် တည်ဆောက်ထားသည်။ ယုံကြည်သူများ တစ်ဦးနှင့် တစ်ဦး ပေါင်းစည်းခြင်းဖြင့် ဘုရားသခင်ကျိန်း ၀ပ်ရာ အိမ်တော်ဖြစ် လာခဲ့သည်။ သန့်ရှင်းမြင့်မြတ်သော ဘုရားသခင်သည် အပြစ်သား လူ့လက် ဖြင့် တည်ဆောက် ထားသော ဗိမာန်၌ ကျိန်းဝပ်တော်မမူပေ။ ကျောက်ဖြင့် တည်ဆောက်ထားသည် ဖြစ်စေ (သို့မဟုတ်) ရွှေဖြင့် တည်ဆောက်ထားသည် ဖြစ်စေ၊ ဘုရားသခင် မကျိန်းဝပ်တော့ချေ။ အရှင်ယေရှု၏ နာမတော်၌ ယုံကြည်သူ များ အတူတကွ မိတ်သဟာယဖွဲ့ရာ အရပ်၌သာ ဘုရားသခင် ကျိန်းဝပ်တော်မူ၏။ ဘုရားသခင်၏ အိမ်တော်သည် အသက်ရှင်သော အသင်းတော်ပင်ဖြစ်သည်။ (၁တိ၊ ၃း၁၅)။ ယုံကြည်သူများ ၀တ်ပြုကိုးကွယ်လျက် မိတ်သဟာယဖွဲ့ရာ အရပ်သည် ဘုရားသခင် ကျိန်းဝပ် တော်မူရာ အိမ်တော်ဖြစ်လာ၏။ (ဧ၊ ၂း၂၂)။ ထို့ကြောင့် “ကျွန်ုပ်တို့သည် မည်သူ၏အိမ်တော် ဖြစ်ပါ သလဲ”ဟု မိမိကိုယ်ကို မေးခွန်းထုတ်လျက် စစ်ဆေးသင့်သည် (ဟေဗြဲ ၃း၆)။ ဓမ္မသစ်ကာလတွင် ယုံကြည်သူများစုဝေး၍ မိတ်သဟာယဖွဲ့သည့် အလယ်၌ ဘုရားသခင် ကျိန်းဝပ်တော်မူသည့်အတွက် ယုံကြည်သူများသည် ခရစ်တော်၏ အသင်းတော်ကို အတူတကွ လက်တွဲ တည်ဆောက်နေကြသူများဖြစ်သည်။ ဤသိုပပါဝင်တည်ဆောက် သူတို့အား တမန်တော် ကြီး ရှင်ပေတရုက “သင်တို့သည် အသက်ကျောက်များကဲ့သို့ အဆင့်ဆင့် အထပ်ထပ် တည်ဆောက်လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ သန့်ရှင်းသော ယဇ်ပုရောဟိတ်မျိုး လည်းဖြစ်ကြ၏”
ဟု (၁ပေ၊ ၂း၅) တွင် ဖော်ပြထားသည်။ 
ဘုရားသခင်၏ အလိုတော်အတိုင်း ပျဉ်ချပ်များ နည်းတူ တွဲဖက်ညီညီ၊ တညီတညွှတ်တည်း ရပ်တည်ခြင်းမပြုဘဲ ခရစ်ယာန်များ အကြားတွင် ဂိုဏ်း ဂဏခွဲခြားခြင်း လူမျိုးရေးနှင့် အယူဝါဒကွဲပြားခြင်းဖြင့် ရင်ကြားစေ့မရပဲ ဖြစ်နေကြသည်မှာ ရှက် ဖွယ်ကောင်းလေစွ။ အသင်းတော် စတင်ပေါ်ထွန်းလာပြီးနောက် နှစ်အတန်ကြာအထိ စည်းလုံးညီ ညွတ်မှု အဓွန့်ရှည် နေသေး၏။ နောက်ပိုင်းတွင် တစစကွဲပြားလာကြသည်မှာ ယနေ့ထက်တိုင် ဖြစ်၏။ ယုံကြည်သူတိုင်းသည် ဂိုဏ်းဂဏ၊ ခံယူချက်၊ သြ၀ါဒနှင့် အဖွဲ့အစည်း၊ လူမျိုးပေါ်တွင် မရပ် တည်ဘဲ ခရစ်တော်၌သာ ရပ်တည်ကြမည်ဆိုလျှင် ကွဲပြားစရာအကြောင်း ရှိမည်မဟုတ်ပေ။ တမန်တော်ကြီး ရှင်ပေါလုက “ဘုရားသခင် မိန့်တော်မူသည်ကား သူတို့တွင် ငါကျိန်းဝပ် မည်။ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြ၏ဟု ကောရိန္တုမြို့ရှိ ယုံကြည်သူများကို သွန်သင်ခဲ့လေသည်။ ဤအချက်ကိုကြည့်လျှင် စစ်မှန်သော ယုံကြည်သူတိုင်းသည် ဘုရားသခင်၏ သားများဖြစ်ခြင်းကြောင့် တစ်မိသားစုဝင် ဖြစ်သကဲ့သို့ တစ်သွေး တစ်သား တည်း ဖြစ်၏။ ဤအရာကို နားလည်မှ တစ်လုံးတစ်ဝတည်း ဖြစ်ခြင်း၏ အနှစ်သာရကို ခံစားနိုင် သည်။ သို့မှသာ စည်းလုံးညီညွတ် ကြလိမ့်မည်။ ယုံကြည်သူဟုဆိုရာ၌ တစ်ဦးနှင့်တစ်ဦး အခြေအနေ၊ လူမျိုးဂိုဏ်းဂဏ၊ အဆင့် အတန်းချင်း တူညီကြလိမ့်မည် မဟုတ်။ ကွာခြားမှုများ ရှိကြမည် ဖြစ်သော်လည်း ယုံကြည်သူတိုင်းသည် ဘုရား သခင် ကျိန်းဝပ်ရာ ဗိမာန်တော်ဖြစ်သည် ဟူသောအချက်ကို အခြေပြုပြီး စုပေါင်း မိတ်သဟာယ ဖွဲ့ နိုင်သည်။ ယနေ့လည်း စည်းလုံးညီညွတ်ခြင်း၏ အနှစ်သာရကို ယုံကြည်သူတိုင်း ကိုယ်တွေ့ခံစား နိုင်ပါ သည်။ ဘုရားသခင်ကို ယုံကြည်သူများအနေဖြင့် မည်သို့ကိုးကွယ်ဝတ်ပြုရမည် ဟူသည့်နည်းလမ်း ကို ဓမ္မဟောင်းကာလက အသေးစိတ်ညွန်ကြားခဲ့သော ဘုရား သခင်သည် ယခုခေတ် ယုံကြည်သူ သားသမီးများနှင့်ဆိုင်သော ကိုးကွယ် ၀န်ပြုနည်းကို မဖော်ပြဘဲ မနေပါ။ ဧကန်အမှန် ဖော်ပြထားပါ သည်။ ဘုရားသခင်ဖော်ပြသည့် ကိုးကွယ်ဝတ်ပြုနည်းများကို မညသို့သိရှိနိုင် မည်နည်းဟုဆို သော ကျမ်းစာဖတ်ရှုလေ့လာခြင်း အားဖြင့်သာ သိရှိနိုင်ပါသည်။ ယုံကြည်သူ ကျွန်ုပ်တို့သည် မယုံကြည်သူများအကြားမှ တသီးတခြား ခွဲခွာလျက် (၂ကော ၆း၁၇)။ နှုတ်ကပတ်တော်နှင့်အညီ ယေရှုခရစ်ကို အမှန်တကယ် ယုံကြည်သောသူ (၂တိ။ ၂း၁၉-၂၂) တို့ နှင့် ပေါင်းဖော်ခြင်း၊ မိတ်သဟာယဖွဲ့ခြင်းဖြင့် အရှင်ယေရှု၏နာမ၌ အတူတကွ 
ကိုးကွယ်ဝတ်ပြုကြရ မည်။ ခရစ်တော်၏ နာမတော်၌ အတူတကွ စုဝေးကိုးကွယ်ခြင်းသည် ခရစ်တော်၌ ပေါင်းသည်း ခြင်းပင်ဖြစ်သည်။ 
သို့မှသာ ကျွန်ုပ်တို့ အလယ်တွင် ခရစ်တော်ကိုယ်တိုင် ကျိန်းဝပ်အုပ်စိုးပြိး 
လမ်းပြ ပဲ့ပြင် သွန်သင်တော်မူမည်။ကိုယ်တော်ရှင်၌သာ စီရင်ပိုင်သော အခွင့်အာဏာရှိသည်။ ကိုယ်တော် တစ်ပါးတည်းသာ စည်းမျဉ်းချပိုင်ခွင့်ရှိသည်။ ဤနည်းအတိုင်း သမ္မာတရားနှင့်အညီ စည်းဝေးကြ သောသူတို့၏ အလယ်၌ကိုယ်တော်တိုင်ရှိမည်ဟု ခရစ်တော်
ကတိ တော်ပေးထားခဲ့သည် (မ၊ ၁၈း၂၀) ။
 ပျဉ်ချပ်အားလုံးကို 
တသီးတခြားစီ ထောင်ထားပါသလား (ထွ ၂၆း၂၆-၂၉) 
ပျဉ်ချပ်များကို တစ်ချပ်စီ တသီးတခြား ထောင်မထားပါ။ သစ်သားရေစည်ရှိ ပျဉ်ချပ်များကို စည်ပတ်သံပြားဖြင့် ပတ်စည်းထားရသကဲ့သို့ ကန့်လန့်ကျင်(၄) ချောင်းကို ရွှေတွင်းများထဲတွင် လျှို လျက် ပျဉ်ချပ်များကို ယှဉ်တွဲပြီး စေ့စပ်တည့် မတ်အောင် ထောင်ထားခြင်းဖြစ်သည်။ ထိုကန့်လန့်ကျင်(၄)ချောင်းသည် 
ကနဦး အသင်းတော် စတင်ပေါ်ပေါက်စဉ် အခါက ယုံကြည်သူများကို 
အတူတကွ ယှဉ်တွဲရပ်တည်စေသော 
အချက်(၄)ချက်ကို ရည်ညွှန်းထားသည်။ 
ထို(၄)ချက်ကို (တမန်၊ ၂း၄၂) တွင် ဖော်ပြထားသည်မှာ 
 ၁။ တမန်တော်တို့၏ ဆုံးမသြ၀ါဒကို ခံခြင်း။ 
၂။ အပေါင်းအသင်း ဖွဲ့ခြင်း။ ၃။ မုန့်ကို ဖဲ့ခြင်း။ 
၎။ ဆုတောင်းပဌနာပြုခြင်းတို့ ဖြစ်ကြသည်။ 
ထို့ပြင် မမြင်ရသော ကန့်လန့်ကျင်တစ်ချောင်းကို ပျဉ်ချပ်များ၏ အလယ်ဗဟိုမှ ထပ်မံလျှို ထားသေးသည်။ ထိုကန့်လန့်ကျင်သည် မျက်စိဖြင့် မမြင်နိုင်သော ချစ်ခြင်းမေတ္တာကို ဆိုလိုပါ သည်။ မေတ္တာသည် ခိုင်မြဲခြင်း၊ စုံလင်ခြင်း၊ ပေါင်း စည်းခြင်း စသည့်အရာများအတွက် မရှိမဖြစ် လို အပ်သော 
အရေးကြီး အချက် ပေတည်း။ 
အခြေခံအုတ်မြစ် (ထွ၊ ၂၆း၁၉-၂၅) ရွှေအိမ်တော်ကို 
သဲပြင်ပေါ်တွင် တည်ဆောက်ထားသောကြောင့် အခြေခံ အုတ်မြစ် သည် အထူးခိုင်ခံ့ တောင်းတင်းဖို့လိုသည်။ အဆောက်အအုံတစ်ခု တည်ဆောက် ရာတွင် အဓိက အရေး ကြီးဆုံး အစိတ် အပိုင်းမှာ အခြေခံအုတ်မြစ်ပင် ဖြစသည်။ အုတ်မြစ်မခိုင်သော အဆောက်အအုံ သည် မုန်တိုင်းဒဏ်နှင့် ငလျင်ဒဏ်ကို ခံနိုင်စွမ်း မရှိချေ။ ထို့ကြောင့် အုတ်မြစ်ကို တည်ဆောက် သောအခါ ထုတည်ခိုင်ခံ့စွာနှင့် မြဲမြံနက်ရှိုင်းစွာ တည်ဆောက်ရန် အရေးကြီးလှသည်။ ဗိသုကာအရှင် ဘုရားသခင်သည် ရွှေအိမ်တော်၏ အခြေခံအုတ်မြစ်ကို ကြီးမားသော ငွေတုံး ကြီးများဖြင့် တည်ဆောက်ခဲ့သည်။
 ငွေတုံးတစ်တုံးစီသည် ပေါင်(၉၀)လေးပြီး ငွေတုံးတိုင်းတွင် ပျဉ်ချပ်ကို စွပ်ထည့်ရန် အပေါက်တစ်ခုကျစီ ပါရှိ၏။ တပ်ဆင်ပုံမှာ ပျဉ်ချပ်တစ်ခုစီ၏ အောက်ခြေတွင် ငွေတုံး(၂)တုံးစီ ချထားပြီး ပျဉ်ချပ်တစ်ချပ်စီ၏ အောက်ခြေရှိ ငုတ်နှစ်ခုဖြင့် ငွေတုံး(၂)တုံးရှိ အပေါက်ထဲသို့စွပ်လျက် တပ်ဆင်ရ၏။ အထက်ပါတည်းအတိုင်း ငွေတုံးကြီးများဖြင့် အခြေပြုပြီး တည်ဆောက်ထားသည့် ရွှေအိမ် တော်၏ အုတ်မြစ်သည် တန်ဘိုးမဖြတ်နိုင်လောက်အောင် အဖိုးထိုက်တန် ပေသည်။ ငွေ (ထွ၊ ၃၀-၁၁-၁၆။ ၃၈း၂၅-၂၈) ဤမျှများပြားသော ငွေတုံးများကို မည်သို့ ရရှိခဲ့သနည်း။ အသက်ရွေးရာ အဖိုးအခအဖြစ် ကောက်ခံ ထားသော ငွေများမှ ရရှိသွန်းလုပ်ခဲ့ခြင်း ဖြစ် သည်။ အသက်(၂၀)အရွယ်မှ အသက်(၅၀) အကြားရှိ ဣသရေလ အမျိုးသားအားလုံးကို ရေတွက်ရန် မောရှေအား ဘုရားသခင်မိန့်မှာထားသည့်အတိုင်း ဆင်းရဲ ချမ်းသာမရွေး ရေတွက်၍ စာရင်း ၀င်သမျှသော သူတို့သည် ငွေကျပ်ဝက်စီ ညီတူညီမျှ ပေးဆောင် ရလေသည်။ ထိုသို့ ပေးဆောင်ရ သောငွေကို အသက်ရွေးရန် အဖိုးအခ(သို့မဟုတ်) အသက်ဖိုးရွေးငွေ ဟုခေါ်သည်။ ဤအကြောင်းအရာက ကျွန်ုပ်တို့တစ်ဦးစီအား ယနေ့သတိပေးလျက်ရှိသည်။ အသက်ရွေး ရန် အဖိုးအခပေးဆပ်ပြီးသူသာလျှင် ဘုရားသခင်၏ လူမျိုးတော်ဖြစ် သကဲ့သို့ သခင်ယေရှုခရစ်၏ အသွေးတော်ဖြင့် ရွေးဝယ်ခြင်း ခံရသူသာလျှင် အသင်းတော်နှင့် သက်ဆိုင်သူဖြစ်ပြီး ဘုရားသခင် ၏စစ်မှန်သော လူမျိုး တော်ဖြစ် သည်။ ခရစ်ယာန်ဟု နာမည်ခံယူထားသော်လည်း အသွေးတော်ဖြင့် ၀ယ်ယူ ထားခြင်း မခံရသေးပါက ဘုရားသခင်၏ သားမဖြစ်နိုင်ပါ။ ရွှေအိမ်တော်၏ အခြေခံအုတ်မြစ်ကို အသက်ဖိုးရွေးငွေဖြင့် တည်ဆောက်ထားပြီး ပျဉ်ချပ် တိုင်း၏ အောက်ခြေကို အသက်ဖိုးရွေးငွေဖြင့် သွန်းထားသော ငွေတုံးကြီး(၂)တုံးပေါ်တွင် စိုက်ထူ ထာခြင်းကြောင့် ပျဉ်ချပ်တစ်ချပ်စီနှင့် ရွှေအိမ်တော် တစ်ဆောင်လုံးသည် အသက်ဖိုးရွေးငွေပေါ် တွင် အခြေပြု ရပ်တည်နေပေသည်။ ငွေကို အဖိုးအခပေးရာတွင် အသုံးပြုကြောင်း သမ္မာ ကျမ်းတစ်အုပ်လုံးတွင် တွေ့မြင်ရသည်။ အာဗြဟံသည် ငွေ(၄)ပိဿာ အဖိုးအခ ပေးပြီး မြေတစ်ကွက်ဝယ်ယူခဲ့သည်။ လူငယ်လေး ယော သပ်သည်လည်း ငွေကျပ်(၂၀)ဖြင့် ရောင်းစားခြင်းခံခဲ့ရသည်။ ယုဒရှကာယုတ်မူကား ငွေကျပ်(၃၀) ဖြင့် မိမိသခင်ကို ရောင်းစားခဲ့လေသည်။ အချို့ဘာသာစကားတွင် ငွေနှင့်အခကြေးငွေဟူသော စကားလုံးကို အဓိပ္ပါယ် တစ်ခုတည်း အဖြစ် သုံးနှုန်းလေ့ရှိသည်။ သမ္မာကျမ်း၌ကား ငွေကို “အပြစ် ဖြေလွှတ်ခြင်း” အတွက် ခရစ်တော် ပေးဆပ်ခဲ့သော အဖိုးအခအဖြစ် ပုံဆောင် ထားသည်။ အရှင်ယေရှုပေးဆပ်ခဲ့သည့် အဖိုးအခမှာ တန်ဖိုး အနဂ္ဃမက ထိုက်တန်သော မိမိအသွေးတော်ဖြစ်သတည်း။ တန်ဖိုးမဖြတ်နိုင်သော အဖိုး အခ ပါတကား။ ထိုနည်းတူ - ဘုရားသခင်၏ အိမ်တော်တည်းဟူသော ယနေ့အသင်းတော်သည်လည်း ကယ်တင်ရှင် ခရစ်တော်ဘုရာ ပေးဆပ်ခဲ့သော အဖိုးအနဂ္ဃထိုက်သည့် ရွေးနှုတ်ခြင်း အဖိုးအခပေါ်တွင် အခြေပြု တည်ဆောက်ထားသည်။ ဤအံ့သြထူးဆန်းဖွယ် ရွှေအိမ်တော် (၀ါ) အသင်းတော်ကို ခရစ်တော်အားဖြင့်သာ ထင်ရှား ဖြစ်ပွားစေခြင်းသည် ဘုရားသခင်၏ အကြံအစည်တော်ပင် မဟုတ်ပါလော။ ဟုတ်ပေသည်။ ယုံကြည်သူ ကျွန်ုပ်တို့ကို ဖောက်ပြန်ပျက်စီးတတ်သော ရွှေ၊ ငွေဖြင့် ရွှေး နှုတ်တော်မူသည် မဟုတ်။ အဘယ်အပြစ်မျှမရှိ။ အညစ်အကြေးနှင့် ကင်းစင်သည့် 
သိုးသူငယ် ကဲ့သို့သော ခရစ်တော်၏ အသွေးတော်မြတ်ဖြင့်
 ရွေးဝယ်ထားခြင်း ဖြစ်သည်။ (၁ပေ၊ ၁း၁၈-၁၉)။ 
မိုးတိမ် အခန်း (၇) ထွ၊ ၄၀း၃၄-၃၈ 
ပဋိညာဉ်သေတ္တာထားရှိရာ တဲတော်ထက်၌ မိုးတိမ်တည်လျက်ရှိသည်။ မိုးတိမ်သည် ဘုရား သခင်တည်ရှိကိန်းပပ်နေတော်မူသောကြောင့် အမှတ်လက္ခဏာဖြစ်ရုံမက၊ ဘုရားသခင်၏ လူမျိုး တော်တို့အား လမ်းညွန်ပြသသည့် အမှုကိုလည်း ဆောင်ရွက်သေး၏။ (ထွ၊ ၄၀း၃၆-၃၈)။ တဲတော်ထက် သို့ မိုးတိမ် ရွေ့လျား တက်ကြွသွားလျှင် ဘုရားသခင် ညွန်ကြားထားသည့်အတိုင်း တဲတော်နှင့်ဆိုင် သော အမှုတို့ကို လေ၀ိများက ကိုယ်စီတာဝန်ယူ သယ်ပိုး ကြရသည်။ လူမျိုးတော် တစ်ခုလုံးသည် မိမိ၏ အဆင့်အလိုက်၊ နေရာမှန်ယူလျှက် ခရီးထွက်ရန် အသင့်ဖြစ်နေ ကြရသည် (တော၊ ၄)။ ထို့နောက်မှ မိုးတိမ်ဖြင့် ဘုရားသခင်လမ်းညွန်ပြသည့် အရပ်သို့ ခရီးထွက်ခွာ သွားကြရ သည်။ ဘုရားသခင်သည်သာ ဣသရေလ လူမျိုးတို့၏ ဦးစီးခေါင်းဆောင် ဖြစ်၏။ မည်မျှ ဝေးဝေး သွားရမည်နည်း? မိုးတိမ် မရပ်နားမချင်း ခရီးဆက် သွားကြရသည်။ မိုးတိမ်ရပ်တန့်သွားသည်နှင့် တဲတော်ကို ထပ်မံတည်ဆောက်ကြရသည်။ မိုးတိမ် သည်လည်း တဲတော်ပေါ်တွင် တစ်ဖန်တည်တော်မူ၏။ ဤအကြောင်းကို (တော၊ ၉း၁၅-၂၃) နှင့် (တော၊ ၁၀း၃၃-၃၆) တွင် အကျဉ်းချုံး ဖော်ပြထားသည်။ ယနေ့ကျွန်ုပ်တို့၏ ခေတ်အခါ၌ ဘုရားသခင် မည်သို့လမ်းပြနေသနည်း။ မိုးတိမ်ဖြင့် လမ်းညွန်ခြင်း မပြုတော့ပါ။ ကန္တာရကဲ့သို့ ရှုတ်ထွေးညစ်ညူး၍ ကြမ်းတမ်းခက်ခဲသော ဤလောကကြီးထဲတွင် အသက် ရှင်နေရသော ကျွန်ုပ်တို့ ခရစ်ယာန်များအတွက် လမ်းညွန်ဦးဆောင်ပေး မည့်သူ ရှိပါသည်။ ကျွန်ုပ်တို့အတွက် ယနေ့လမ်းညွန်ဦးဆောင်ပေးနေသူကား မျက်စိဖြင့် တွေ့မြင် နိုင်သော မိုး တိမ်တိုင် မဟုတ်တော့ပါ။ ကျွန်ုပ်တို့အထဲ၌ ကိန်းဝပ်တော်မူသည့် သန့်ရှင်းသော ၀ိညာဉ်တော်ပင် တည်း။ ဘုရားသခင် အထံတော်သို့ အပြစ်သားတစ်ယောက်အဖြစ် ၀န်ခံချဉ်းကပ်ပြီး အရှင်ယေရှုကို မိမိ၏ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်သူတိုင်း၌ သန့်ရှင်း သောဝိညာဉ်တော် ကျိန်းဝပ်တော်မူ သည်။ (ဧ၊ ၁း၁၃) (၁ကော၊ ၆း၁၉)။ ထို့ကြောင့် ယုံကြည်သူများက “အဖဘုရားသခင်၊ အကျွန်ုပ်သွားရမည့်လမ်းကို မသိသော ကြောင့် ကိုယ်တော်တိုင် လမ်းပြသွန်သင်တော်မူပါ” ဟု ဒူးထောက် ဆုတောင်းလျှင် သန့်ရှင်းသော ၀ိညာဉ်တော်သည် ထိုသူတို့ကို လမ်းမှားမှကွယ်ကာ စောင့်ထိန်းလျက် ဘေးကင်းလုံခြုံရာသို့ ပို့ဆောင် ပေးတော်မူလိမ့်မည်။ ယုံကြည် သူတို့က ဘုရားသခင်အပေါ် အားကိုးခိုလှုံချင်သော စိတ်နှလုံးရှိဖို့သာ လိုသည်။ ထို စိတ်နှလုံးမျိုးရှိသူအား ကိုယ်တော်တိုင် ဧကန်မုချ လမ်းပြ ပို့ဆောင်ပေးလိမ့်မည်။
အခန်း (၈)- အခန်း (၉) - အခန်း (၁၀) - အခန်း (၁၁) ထွ ၃၁း၁-၁၁
အခန်း (၈) ထွ၊ ၂၆း၃၆ 
တဲတော်၏ ကန့်လန့်ကာများကို အရောင်(၄)မျုးဖြင့် 
ပန်းထိုးယက်လုပ်ထားသည်။ 
၁။ အဖြူရောင်၊ ၂။ အပြာရောင်၊ ၃။ ခရမ်းရောင်၊ ၄။ အနီရောင်၊ အထက်ပါအရောင်(၄)မျိုးနှင့်ပတ်သက်၍ သမ္မာကျမ်း၏ သွန်သင်ဖော်ပြချက်များကို ကျွန်ုပ် တို့ အသေးစိပ်လေ့လာကြည့်ကြပါစို့။ အရောင်(၄)မျိုးသည် အရှင်ယေရှုနှင့်စပ်ဆိုင်သော အကြောင်းအရာများကို ရှုထောင့် အသွယ်သွယ်မှ ဖော်ပြပေးနေသည်။ အရှင်ယေရှု၌ ဘုန်းအသ ရေ အမျိုးမျိုးရှိရာ 
တဲတော်အတွင်းရှိ အရာဝတ္ထုများက ထိုဘုန်းအသရေတို့ကို ရှုထောင့်အမျိုးမျိုးမှ မီးမောင်းထိုးပြလျက်ရှိသည်။ သို့သော် ခမည်းတော် တစ်ပါးတည်းသာ သားတော်၏ ဂုဏ်အင် လက္ခဏာအလုံးစုံကို သိကျွမ်းတော်မူ၏ (မ၊ ၁၁း၂၇)။ သားတော်၌ သိုဝှက်မြုပ်နှံထားသော အဖိုးတန် ဘဏ္ဍာများကို ယုံကြည်သူ သားသမီးများ သိရှိနားလည်ရန် ခမည်းတော်ဘုရား အလိုတော်ရှိ၏။ ခရစ်ဝင်ကျမ်း(၄)ကျမ်းတွင် အရှင်ယေရှု၏ ဂုဏ်အင်လက္ခဏာခြားနားချက် (၄)မျိုးရှုထောင့် (၄)ခုမှ ရှင်းလင်းတင်ပြထား၏။ အလားတူ တဲတော်၏ ကန့်လန့်ကာ အရောင်(၄)မျိုးက ဖော်ပြနေ သော ကိုယ်တော်၏ ဂုဏ်အင်လက္ခဏာ (၄)မျိုးကို ယခုကျွန်ုပ်တို့ လေ့လာကြည့်ကြစို့။ ပထမဦးဆုံး အရောင်မှာ အဖြူရောင်ဖြစ်သည်။ အဖြူရောင်သည် သန့်ရှင်းစင် ကြယ်ခြင်းနှင့် စစ်မှန်ဖြောင့်မတ်ခြင်းကို ဆိုလိုသည်။ အဖြူရောင်နှင့်စပ်လျဉ်း၍ ပလ္လင်ဖြူအကြောင်းကို ဆင်ခြင် အောက်မေ့သင့်သည်။ (ဗျာ၊ ၂၀)။ စင်ကြယ်ပြောင်လက်နေသော ပိတ်ချောသည် သည်သန့်ရှင်းသူ တို့၏ ဖြောင့်မတ်ခြင်းကို ပုံဆောင်သည်။ (ဗျာ၊ ၁၉း၈)။ တဲတော်၏ အဖြူရောင်ကန့်လန့်ကာသည် ခရစ်တော်၏ သန့်ရှင်းစင်ကြယ်ခြင်းကို သတိပေး ဖော်ပြနေသည်။ ခမည်းတော်ဘုရားနှင့် လူသားအပေါင်းတို့ကို ထာဝစဉ်အစေခံ လုပ်ကျွေးခဲ့သော ခရစ်တော်၏ သန့်ရှင်းစင်ကြယ်ခြင်း၊ နူးညံ့သိမ်မွေခြင်းနှင့် ပြည့်ဝစုံလင်သော အသက်တာကို ပိတ် ချောသည်က ပုံဆောင်ဖော်ပြနေသည်။ ခရစ်တော်သည် စုံလင်သော လူသားနှင့် သစ္စာရှိသော အစေခံ ဖြစ်တော်မူသောကြောင့် ရှင်မာကု ခရစ်ဝင်ကျမ်းက အထူးပေါ်လွင် ထင်ရှားအောင် ရေး သား တင်ဆက်ထားသည်။ 
အပြာရောင် အပြာရောင်၏ အနက်အဓိပ္ပါယ်ကို ကျွန်ုပ်တို့ အလွယ်တကူ သဘောပေါက်နိုင်သည်။ ယုတ်စွအဆုံး အထက်ကောင်းကင်ယံသို့ မော့ကြည့်လိုက်လျှင်ပင် အပြာရောင်၏ ဆိုလိုရင်းကို ရိပ် စားမိနိုင်သည်။ မိုးကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ကြားပြောလျက်ရှိ သည်။ (ဆာ၊ ၁၉း၁)ဆိုသည့်အတိုင်း အရှင်ယေရှု၏ ဘုရားဇာတိကို အပြာရောင်ဖြင့် ဖော်ကျူးထား သည်။ ခရစ်တော်အား ကောင်းကင်မှကြွလာသော အရှင်(၁ကော၊ ၁၅း၄၇) ဘုန်းကြီးတော်မူသော သခင် (၁ကော၊ ၂း၈) ဟု ခေါ်ဆိုထားသည်။ ဤလောက၌ သက်တော်ထင်ရှားစဉ် ခရစ်တော်သည် ကောင်း ကင်ဘုံမှ ကြွလာသော သူ (ယော ၃း၃၁) ဖြစ်သကဲ့သို့ ကောင်းကင်ဘုံ၌ရှိသော အရှင်(ယော ၃း၁၃)လည်း ဖြစ်သည်။ ကိုယ်တော်သည် လူသားတစ်ဦးအဖြစ် လူ့ဇာတိခံယူခဲ့သော်လည်း ဘုရားသခင်၏ သား တော်အဖြစ်မှ ရွေ့လျောနိမ့်ကျသါားခြင်း မရှိပေ။ အကြောင်းမူကား ခရစ်တော် ကိုယ်တော်တိုင် သက်တော်ထင်ရှား ဘုရားသခင်ဖြစ်နေခြင်း ကြောင့်တည်း။ အရှင်ယေရှုခရစ်သည် စစ်မှန်သော ဘုရားနှင့်ထာဝရ အသက်လည်းဖြစ်တော်မူ၏။ (၁ယော၊ ၅း၂၈) ၎င်းပြင် ဘုရားသားတော်လည်း ဖြစ်တော်မူ၏။ အကြောင်းအရာများကို ရှင်ယောဟန် ခရစ် ၀င်ကျမ်းအရ ကျွန်ုပ်တို့သိရသည်။ ခရမ်းရောင် ခရမ်းရောင် အ၀တ်အထည်သည် အလွန်တန်ဖိုးကြီး၍ ရှားပါးသော အသုံးအဆောင် ဖြစ် သည့်အလျှောက် ရှင်ဘုရင်နှင့် ဥစ္စာကြွယ်ဝချမ်းသာ သူများသာ ၀တ်ဆင်လေ့ရှိကြသည်။ ခရမ်း ရောင် အထည်များကို ဣသရေလနိုင်ငံ၌ မထုတ်လုပ်ဘဲ နိုင်ငံရပ်ခြား အင်ပိုင်ယာနိုင်ငံကြီးများ၌ သာ ထုတ်လုပ်ကြောင်း သမ္မာကျမ်းတွင် တွေ့ရှိရသည်။ အထူးသဖြင့် ကမ္ဘာကြီးကို လွှမ်းမိုးအုပ်စိုးခဲ့ သော ဧကရာဇ် ဘုရင်မင်းမြတ်တို့၏ နန်းတွင်း၌သာ ၀တ်ဆင်လေ့ရှိကြောင်း မှတ်သားဖွယ်ရာ တွေ့ ရှိရသည်။ 
ခရမ်းရောင်သည် ကြွယ်ဝချမ်းသာခြင်းနှင့် ဂုဏ်အသရေရှိခြင်းကို ပုံဆောင်သည်။ ဤ အရောင်သည် လူသားယေရှု၏ ပြည့်ဝစုံလင်ခြင်းနှင့် ဘုန်းအသရေရှိခြင်းကို ရည်ညွှန်းနေသည်။ ခရစ်တော်သည် လူသားအဖြစ် ဒုက္ခဝေဒနာခံ၍ အသေခံတော်မူသော်လည်း အရှင်တကာတို့၏ အရှင်ဘုရင်တကာတို့၏ ဘုရင်ဖြစ်တော်မူကြောင်း ရှင်လုကာ ခရစ်ဝင်ကျမ်းက တင်ဆက်ထား သည်။ (တရား၊ ၈း၂၆)၌ မိဒျန်ရှင်ဘုရင်တို့သည် ခရမ်း ရောင်ဝတ်လုံကို ၀တ်ဆင်ကြကြောင်း တွေ့ မြင်ရသည်။ ခရမ်းရောင်အသုံးပြုသော အခြားတိုင်းနိုင်ငံများမှာ တုရုပြည် (၆ ရာ၊ ၂း၁၃-၁၄)၊ ပါးရှား ပြည် (ဧသတာ၊ ၁း၆၊ ၈း၁၅) ဧလိရှ (ယေဇ၊ ၂၇း၇၊ ၅ရာ၊ ၁း၇) ဆီးရီးယား (ရှုရိ)ပြည် (ယေဇ၊ ၂၇း၁၆) ဗာဗုလုန်နိုင်ငံ (ဒံ၊ ၅း၂၉) တို့ ဖြစ်ကြသည်။ အနီရောင် အနီရောင်သည် ခရမ်းရောင်နှင့် အဓိပ္ပါယ်မတူဘဲ တစ်မူထူးခြားလျက်ရှိသည်။ ဤအရောင် သည် ထာဝရဘုရားကို ယုံကြည်ကိုးကွယ်သော ဣသရေလ လူမျိုးနှင့်သာ သက်ဆိုင်ကြောင်း သမ္မာကျမ်းတွင် တွေ့ရသည်။
အနီရောင်သည် လည်း ခရမ်းရောင်ကဲ့သို့ အဖိုးထိုက်တန်လှ ပေသည်။ အရှင်ယေရှုသည် ဣသရေလ ရှင်ဘုရင်အဖြစ် အလွန်ကြီးမြတ်လှသော ဘုန်းစည်းစိမ်ကို စိုးပိုင်တော်မူသောသူဖြစ်၏။ ကိုယ်တော်သည် နီမောင်းသော ၀တ်လုံကို ၀တ်ဆင် ထားကြောင်း (မ၊ ၂၇း၂၈)၌ ထူးဆန်းမှတ်သားဖွယ်ရာ အချက်မှာ ကန့်လန့် ကာများကို ခရမ်းရောင်၊ အပြာရောင်၊ ကြက်သွေးရောင်နှင့် အနီရောင်တို့ဖြင့် လှပစွာ စီခြယ်ထားခြင်းကြောင့် အရောင်ဆိုးဆေးရရှိရန် ထောင်ပေါင်းများစွာသော ပိုးကောင်နှင့် ပက်ကျိကောင်တို့ကို အသက်စတေးလျက် ဖော်စပ်ရလေ သည်။ ခရမ်းရောင်နှင့် အနီရောင်တို့သည် အသက်စတေးခံရပြီး ပူဇော်သက္ကာ ယဇ်အဖြစ်အသေခံ ခဲ့သော ခရစ်တော်၏ အသေခံခြင်းကို ကျွန်ုပ်တို့အား ပြန်ပြောင်းသတိရစေသည်။ အနီရောင်သည် ဣသရေလ လူမျိုးအတွက် အရေးကြီးသော အထိမ်းအမှတ် တစ်ခုဖြစ်၏။ ယုဒ၏ သားများကို အနီရောင်ကြိုးဖြင့် မှတ်သားကြောင်း (ကမ္ဘာ၊ ၃၈) တွင် တွေ့ရသည်။ (ယောရှု။ ၂း၁၈၊၂၁) တွင်လည်း ပြည့်တန်ဆာမ ရာခပ်သည် ကြိုးနီကြောင့် အသက်ဘေးမှ လွတ်မြောက်ရပြီး ယုဒအနွယ်ဝင်ဖြစ်လာကြောင်း တွေ့ရပြန်သည်။ ၎င်းပြင် ကြိုးနီကို အထူးသင်္ကေတ အမှတ်အသား အဖြစ် ဣသရေလ လူမျိုးများ အသုံးပြုလေ့ရှိကြောင်း လေ့လာတွေ့ရှိရသည်။ (၀တ် ၁၄း၁၄၊ တော ၁၉း၆)
။ ၀င်ပေါက် (၃)ဆင့် အခန်း (၉)
 ပိတ်ချောကန့်လန်ကာဖြင့် ပတ်ပတ်လည် ကာရံထားသော တဲတော်ဝင်း၏ အရှေ့ဘက်ရှိ တံခါးဝသည် ပထမဦးဆုံး ၀င်ပေါက်ဖြစသ်ည်။ တဲတော်ဝင်းအတွင်းသို့ ၀င်ရောက်လိုသူသည် ဤ တံခါးပေါက်အားဖြင့် အစပြုဝင်ရောက်ရသည်။ ဒုတိယ ၀င်ပေါက်မှာ ကန့်လန့်ကာဖြင့် ကာရံထားသော သန့်ရှင်းရာဌာန၏ အ၀င်တံခါးဝ ဖြစ် သည်။ ယဇ်ပုရောဟိတ်များသာ အမှုတော် ဆောင်ရွက်ရန် ဤဒုတိယ၀င်ပေါက်မှ ၀င်ရောက်ခွင့်ရှိ သည်။ တတိယ၀င်ပေါက်မှာ ကန့်လန့်ကာဖြင့် ကာရံထားသော အသန့်ရှင်းဆုံးဌာန၏ အ၀င်တံခါးဝ ဖြစ်သည်။ အသန့်ရှင်းဆုံးဌာနအတွင်းသို့ ယဇ်ပုရောဟိတ်များပင် ၀င်ရောက်ခွင့် မရှိချေ။ တစ်နှစ် တစ်ကြိမ်အဖြစ် ဖြေရာနေ့တွင် ယဇ်ပုရောဟိတ်မင်း ဖြစ်သူသာ ၀င်ရောက်ခွင့်ရှိသည်။ ၀င်ပေါက်သုံးခုရှိ ကန့်လန့်ကာသုံးထည် စလုံးကို ဆိုခြ့ပီးသော အရောင်လေးမျိုးဖြင့် လှပစွာ ရက်လုပ်ထားသည်။ ကန့်လန့်ကာ သုံးခုအနက် အသန့်ရှင်းဆုံးဌာနသို့ဝင်ရာ ကန့်လန့်ကာ တစ်ခု တည်း၌သာ ခေရုဗိမ်ရုပ်ပါရှိသည်။ ထိုသန့်ရှင်းသော ကောင်းကင်တမန်များသည် ဘုရားသခင်၏ ဘုန်းတော်ကို အစဉ်စောင့်ထိန်းရသော တာဝန်ရှိသည်။ အသန့်ရှင်းဆုံးဌာန၏ ကန့်လန့်ကာ နောက်ကွယ်တွင် ဘုရားသခင် ကျိန်းဝပ်တော်မူရာ ပဋိညာဉ် သေတ္တာရှိသည်။ ပထမဆုံး ကန့်လန့်ကာသည် အလျားအတောင်(၂၀)နှင့် အမြင့်(၅)တောင်ရှိပြီး ဒုတိယနှင့် တတိယ ကန့်လန့်ကာသည် အလျားအတောင်(၂၀)နှင့်အမြင့်(၁၀)တောင် အသီးသီးရှိကြသည်။ ဤနေရာတွင် ပထမကန့်လန့်ကာမှာ အထူးကျယ်ဝန်း၍ ကျန်ကန့်လန့်ကာနှစ်ခုတို့မှာ သိသိသာ သာ ကျဉ်းမြောင်း မြင့်မားနေသည်ကို တွေ့မြင်ရပေမည်။ ဤသို့ကွားခြားရခြင်း၏ အကြောင်းရင်းကို ဆက်လက် လေ့လာကြည့်ကြပါစို့။ လွတ်လပ်စွာ ၀င်ရောက် နိုင်သည်။ ဘုရားသခင်သည် ပထမတံခါးပေါက်မှနေ၍ လာလိုသူတိုင်းလာာကြဟု အပြစ်သားများကို ဖိတ်ခေါ်လျက်ရှိသည်။ အဓိပ္ပါယ်မှာ မည်သူမဆို လွတ်လပ်စွာ ၀င်ရောက်နိုင်ကြောင်း ဖော်ပြနေပါ သည်။ ထိုဖိတ်ခေါ်သံကို လက်ခံ၍ အပြစ်သားမြောက်မြားစွာ ၀င်ရောက်နေကြသည်မှာ ၀မ်း မြောက်ဖွယ် ကောင်းလှ၏ ဤလမ်းအတိုင်း ယဇ်ပလ္လင် (ကားတိုင်)ရှိရာသို့ ချဉ်းကပ်လာသူတိုင်း သည် ကယ်တင်ရှင်၏ ရွှေးနှုတ်ခြင်းကျေးဇူးကို ခံစားရကြသည်။ ထိုသူတို့သည် ရွေးနှုတ်ခြင်းခံရ သောကြောင့် ကောင်းချီးမင်္ဂလာ အမျိုးမျိုး ခံစားခွင့်ရှိကြသည်။ ကယ်တင်ခြင်း ခံစားရသည့်အတွက် ထိုသူတို့သည် အပြစ်သားဘ၀မှ ယဇ်ပုရော ဟိတ်များ ဖြစ်လာကြလေသည်။ ဤဓမ္မသစ်ကာလ၌ ရွေးနှုတ်ဖြင့် ခံစားရသူသည် အသန့်ရှင်းဆုံး ကောင်း ကင်အရပ်သို့ ၀်ရောက်ခွင့် ရရှိကြပြီး ကောင်းကင်စည်းစိမ်နှင့် ကောင်းကင် အမွေအနှစ်ကို ခံစား ပျော်မွေ့နိုင်လေပြီ။ကြီးမြတ်လှသော အခွင့်ထူးကြီး ပါတကား။ မှန်ပါသည်။ ဓမ္မဟောင်းကာလက ယဇ်ပုရောဟိတ်များကိုပင် တားမြစ်ပိတ် ပင်ထားသည့် အရာများအား ကျွန်ုပ်တို့ ယနေ့လုပ်ဆောင်ခွင့် ရရှိခဲ့ပြီး။ ထိုမျှမက ယုံကြည်သူတိုင်းသည် တတိယ ကန့်လန့်ကာကို ဖြတ်ကျော်၍ အသန့်ရှင်းဆုံးဌာနရှိ ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ယနေ့ ချဉ်းကပ်ခွင့်ရကြပြီ။ အဘယ့်ကြောင့်ဆိုသော် ကားတိုင်ပေါ်တွင် ကယ်တင်ရှင် သခင်ခရစ်တော် အသေခံသည့် အချိန်၌ ဗိမာန်တော်၏ အသန့်ရှင်းဆုံးဌာနကို ကာရံထားသော ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် စုတ်ကွဲသွားခဲ့သည်။ ယခုအခါတွင် ဘုရားသခင် အထံတော်သို့ သွားရာ လမ်းသည် အတား အဆီးမရှိပွင့်သွားခဲ့လေပြီ။ ဤအမူအရာသည် လူ၏လုပ်ဆောင်ချက် မဟုတ်ပါ။ ဘုရားသခင်၏ သနားခြင်းကရုဏာဖြင့် လမ်းဖွင့်ပေးခဲ့ခြင်းသာ ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်၏ ဘုန်းတော်ကို ဖူးမြင်ရာ ၀င်ပေါက်သည် ခရစ်တော်၏ အသေခံ တော်မူခြင်း ကျေးဇူးကြောင့် ပွင့်သွားခဲ့လေပြီ။ အရှင်ယေရှု၏ ကိုယ်ခန္ဓာ တည်းဟူသော ကန့်လန့် ကာ ပွင့်သွားခြင်းအားဖြင့် လမ်းသစ်တွင် အသက်သစ် ခံစားခွင့် ရရုံမျှမက သန့်ရှင်းရာဌာန အတွင်း သို့ လွတ်လပ်စွာ ၀င်ရောက်ခွင့်ရကြပြီး (ဟေဗြဲ၊ ၁၀း၁၉၊၂၀)။ အလွန်ထူးမြတ်လှသော ဤအခွင့်အရေးကြီးသည် မိတ်ဆွေနှင့် ကျွန်ုပ်အတွက် ဖြစ်သကဲ့သို့ ခရစ်တော်၌ ကယ်တင်ခြင်းရပြီးသော ညီအစ်ကို မောင်နှမ အားလုံးအတွက်လည်း ဖြစ်သည်။ ထို့ကြောင့် ဤအခွင့်အရေးကြီးကို လက်လွတ်မခံဘဲ ယခုမှစ၍ ရဲရဲဝံ့ဝံ့ခံယူ အသုံးချကြပါစို့။ တဲတော်၏ အမိုး ကန့်လန့်ကာများ အခန်း (၁၀) ထွ၊ ၃၆း၈-၁၉ ရွှေအိမ်တော်၏ အမိုးအဖြစ် ကြီးမားသော ကန့်လန့်ကာလေးထည်ကို တစ်ခုအပေါ်တစ်ခု ထပ်လျက် တဲတော်၏နံရံပေါ်တွင် ဖြန့်မိုးထားသည်။ ကန့်လန့်ကာ အမိုးများက ရွှေအိမ်တော်ကို လေဒဏ်၊ မိုးဒဏ်နှင့် ရာသီဥတုဒဏ်မှ လုံခြုံစွာ ကာကွယ်ပေးထားသည်။ သန့်ရှင်းရာဌာန (သို့မဟုတ်) အသန့်ရှင်းဆုံးဌာန အတွင်းဖက်၌ ရပ်နေသူတစ်ဦးအဖို့ အထက်သို့ မော်ကြည့်လိုက်လျှင် ကောင်းကင်ဘုံ၏ အလှကို မျက်ဝါးထင်ထင် တွေ့မြင်ရသကဲ့သို့ ကြည်နူးချမ်းမြေ့ဖွယ် ခံစားရပေလိမ့်မည်။ အရောင်လေးမျိုးဖြင့် လှပစွာ ယက်လုပ်ထားသော ကန့်လန့်ကာပေါ်ရှိ ခေရုဗိမ်ရုပ်များက ဤအရပ်၌ သန့်ရှင်းမြင့်မြတ်သည့် ထာဝရဘုရားသခင် ကိန်း ၀ပ်နေကြောင်း သတိပေး နေဘိသကဲ့သို့ ရှိသည်။ တဲတော်ကို ဖုံးအုပ်ကာရံထားသည့် ကန့်လန့်ကာ လေးထည်ရှိသည့်အနက် အောက်ဖက် ဆုံး၊ ကန့်လန့်ကာသည် အလျားအတောင်(၄၀)၊ အနံ(၂၈)တောင်ရှိ၏။ ၎င်းကန့်လန့်ကာအပေါ်၌ ဆိတ်မွှေးဖြင့် ယက်လုပ်သော ဒုတိယ ကန့်လန့်ကာကို ဖုံးအုပ်ထားပြန်သည်။ ဒုတိယ ကန့်လန့်ကာ သည် အောက်ဆုံးကန့်လန့်ကာထက် ပိုမိုကြီးမားကျယ်ပြန့်၍ အလျား(၄၄)တောင်နှင့် အနံ အတောင်(၃၀)ရှိလေ သည်။ ဤဒုတိယထပ် ကန့်လန့်ကာသည် အောက်ဆုံးထပ် ကန့်လန့်ကာကိုကွယ်ကာ ပေးထားရုံမျှ မက ရွှေအိမ်တော် အဆောက်အအုံတစ်ခုလုံးကို ပတ်ဝန်းကျင်နှင့် သီးသန့်ခွဲခြားထားလျှက် လုံခြုံ စွာ ဖုံးအုပ်ကာရံပေးထားသည်။ ဒုတိယ ကန့်လန့် ကာသည် သီးသန့်ခွဲခြားထားခြင်း (Separation) ၏ အမှတ်အသား လက္ခဏာဖြစ်၏။ ဆိုလိုသည်မှာဘုရားသခင်၏ အိမ်တော် (ယနေ့ယုံကြည်သူ လူစု)ကို ဘုရားသခင်၏ ရှေ့တော်၌ မရှိသင့်မရှိအပ်သော လောကအရာများနှင့် ခွဲခြားလျက် သီးသန့်ဖယ်ထားဖို့ လိုကြောင်း အဓိပ္ပါယ်ရသည်။ သို့သော် မယုံကြည်သူများနှင့် သီးသန့်ခွဲခြားနေရမည်ဟု တစ်ဖက်စွန်းရောက်လျက် လှေနံ ဓါးထစ်မယူဆသင့်ပေ။ ယုံကြည်သူကိုယ်တိုင်ကသာ မကောင်းမှုများနှင့် ကင်းကင်းရှင်းရှင်း ခွဲခြား နေဖို့ လိုသည်။ ခရစ်တော်ပင်လျှင် ဤလောက၌ ရှိနေစဉ် လောကီသားများနှင့် ပေါင်းဖေါ်ခဲ့သော် လည်း လောကနှင့်ခြားနားစွာ သက်ရှင်နေထိုင်ခဲ့သည်။ ကျွန်ုပ်တို့လည်း ခရစ်တော်နည်းတူ ခံယူ အသက်ရှင်ရပေမည်။ တတိယမြောက် အမိုးကန့်လန့်ကာကို အနီရောင်ဆိုးထားသော သိုးထီးသားရေဖြင့် ချုပ်လုပ် ထားသည်။ ယင်းသားရေသည် ယဇ်ပုရောဟိတ်များ ဘုရားသခင်၏ အမှုတော်ဆောင်ရန် သန့်ရှင်း ခြင်းပြုသည့်အခါ ဆက်ကပ်ပူဇော်သော သိုးထီး၏ အရေခွံဖြစ်သည်။ (ထွ၊ ၂၉း၁၅-၃၅) (၀တ် ၈း၂)။ အဆိုပါ ယဇ်ကောင်သည် ခမည်းတော်ဘုရားထံ ဆက်သသော သားတော်အရှင် ယေရှု၏ ပြီးပြည့်စုံလင် သည့် ဆက်ကပ် ပူဇော်ခြင်းကို ရည်ညွှန်းနေသည်။ ခရစ်တော်သည် ကားတိုင်ထက်၌ အသက်စွန့် သည်အထိ အဖဘုရားသခင်၏ အလိုတော်ကို နာခံခဲ့၏ (ဖိ ၂း၈)။ သားရေကို အနီဂေရာင်ဆိုးထား ခြင်းသည် ခရစ်တော်၏ အသေခံခြင်းနှင့် အသွေးသွန်းခြင်းကို ပုံဆောင်ခြင်းဖြစ်သည်။ အပြင်ဖက်ဆုံး စတုတ္ထကန့်လန့်ကာကို တဟာရှ (၀ါ) ဖျံသားရေဖြင့် ချုပ်လုပ်ထား၍ အပြင် ဖက်မျကြည့်လျှင် စိတ်ဝင်စားဖွယ်ရာ အကြောင်းမရှိပေ။ ဤကန့်လန့် ကာသည်လည်း ခရစ်တော် နှင့် ပတ်သက်ပြီး သွန်သင်မှု ပေးလျက်ရှိသည်။ နောင်တမရသေးသော အပြစ်သားများအတွက် ခရစ်တော်သည် စိတ်ဝင်စားဖွယ်ရာ မရှိကြောင်းဆိုလိုသည်။ သို့သော် ခရစ်တော်ထံသို့ ချဉ်းကပ် လာပြီး ခရစ်တော်နှင့် သိကျွမ်းရင်းနှီးသူတိုင်းအဖို့မူ ကိုယ်တော်ရှင်၏ တွယ်တာမှုအောက်တွင် ဘေးမဲ့ လုံခြုံစွာ နေရကြောင်း သတိပြုမိကြပေမည်။ ပြင်ပမှ လေဒဏ်၊ မိုးဒဏ်၊ ရာသီဥတု ဒဏ်တို့က အမိုးကို မဖောက်ထွင်းနိုင်သကဲ့သို့ မပြောင်း မလဲ မဖေါက်မပြန် တည်နေတော်မူသော ခရစ်တော်အား အဘယ်မည်သော ဒုစရိုက်အပြစ်ကမျှ မထိပါး မငြိစွန်းစေနိုင်ပါ။ ခရစ်တော်သည် စုံစမ်းနှောင့်ယှက်ခြင်းနှင့် ဆန့်ကျင်တိုက်ခိုက်မှုအားလုံးကို ခုခံအောင်မြင် နိုင်စွမ်းရှိသည်။ ထို့ကြောင့် ခရစ်တော်၏ တွယ်တာစောင့်ရှောက်မှု အရိပ်အာဝါသအောက်သို့ တိုး ၀င်ခိုလှုံပါက ကျွန်ုပ်တို့သည် ဘေးကင်းလုံခြုံ၍ ကိုယ်တော်နှင့်အတူတကွ မိတ်သဟာယဖွဲ့ခြင်း၌ တည်နေကြမည်။ လုပ်ဖော်ဆောင်ဖက်များ အခန်း (၁၁) ထွ ၃၁း၁-၁၁ ဤတဲတော်ကို ဆောက်လုပ်ရာတွင် လက်သမားအတတ်ပညာသည် ရွှေ၊ ငွေ၊ ကြေးသွန်း လုပ်သော ပန်းတိမ်၊ ပန်းတဉ်း၊ အတတ်ပညာရှင် ယက်ကန်းနှင့် ပန်းထိုး ကျွမ်းကျင်သူပေါင်း မြောက်မြားစွာ လိုအပ်သည်။ ရွှေအိမ်တော်ကို တည်ဆောက်ရာတွင် အကြီးအမှူးအဖြစ် ဘုရားသခင် ရွေးကောက်ခန့် ထားသော သူနှစ်ဦးမှာ “ဗေဇလေလ” နှင့် “အဟောလျဘ” တို့ဖြစ်ကြသ်။ ဗေဇလေလ၏ အဓိပ္ပါယ် မှာ “ဘုရားသခင်၏ အရိပ်အာဝါသအောက်” ဟုဆိုလိုပြီး အဟောလျဘ၏ အဓိပ္ပါယ်ကား “ဘုရား သခင်သည် အကျွန်ုပ်၏ ခိုလှုံရာတဲ” ဟု ဆိုလိုသည်။ သမ္မာကျမ်း၌ လူအချို့တို့၏ အကျင့်စရိုက်နှင့် စိတ်နေသဘောထားကို ထိုသူတို့၏ အမည်နာမအားဖြင့် သိသာထင်ရှားအောင် သုံးနှုန်းမှည့်ခေါ် ဖေါ်ပြလေ့ရှိသည်။ ယခုလည်း ဗေဇလေလနှင့် အဟောလျဘ တို့သည် ဘုရားသခင်နှင့် နီးကပ် စွာအသက်ရှင် နေသူများဖြစ်ကြောင်း ထိုသူတို့၏ အမည်များက ဖေါ်ပြသိမြင် စေသည်။ ဗေဇလေလသည် ဘုရားသခင်၏ ၀ိညာဉ်တော်နှင့် ပြည့်ဝသူဖြစ်ကြောင်း (ထွ ၃၁း၃)၌ ဖတ်ရှုမှတ်သားရသည်။ အိမ်တော်ကို ဆောက်လုပ်ရာ၌ အဟောလျဘက တစ်ဦးတည်းသာမက အခြားသူများလည်း ပါဝင်ကူညီခဲ့ကြပြီး ဘုရားသခင်သည် ထိုသူတို့အား ဥာဏ်ပညာကိုထည့်သွင်း ပေးကြောင်း တွေ့မြင်ရသည်။ “ငါသည် သင့်အား မှာထားသမျှတို့ကို လိမ္မာသောသူအပေါင်းတို့ သည်လုပ်တတ်မည့် အကြောင်း သူတို့နှလုံးထဲသို့ ဥာဏ်ပညာကို ငါသွင်းထားပြီ” (ထွ ၃၁း၆)။ ထို့ကြောင့် ယခုခေတ်ယုံကြည်သူတိုင်းအတွက်လည်း မိမိတို့လိုအပ်သော ဥာဏ်ပညာကို ဘုရားသခင်အထံတော်မှ ရနိုင်ပြီး မိမိကိုယ်ကို ဘုရားသခင်၏ ၀ိညာဉ်တော်နှင့် ပြည့်ဝစေမှသာ (ဧ ၅း၁၈) အသုံးဝင်သော လူဖြစ်လာပေမည်။ (ယာ ၁း၅)။ ဘုရားသခင်၏ ၀ိညာဉ်တော် ရရှိသူသည် ဤ လောက၌ ဘုရားသခင်၏ အိမ်တော် (အသင်းတော်) တည်ဆောက်ရာတွင် ပါဝင်ရလိမ့်မည်။ (၁ ကော ၃း၁၀-၁၅၊ ၁ ပေ ၂း၅)။ တဲတော် တည်ဆောက်ရာတွင် လိုအပ်သော ဆောက်လုပ် ရေးပစ္စည်းမျာဖြစ်သည့် ရွှေ၊ ငွေ၊ ကြေး .. အတတ်ပညာနှင့် လုပ်အား စသည်တို့ကို ဣသရေလ လူတိုင်းဆက်ကပ်လှူဒါန်းခွင့် ရှိကြ သည် (ထွ ၂၅း၁-၉။ ၃၅း၂၀-၂၄)။ ယခုခေတ်တွင် ကျွန်ုပ်တို့အနေဖြင့် ထိုထက်မက သာ၍ ပေးလှူ နိုင်ပါသည်။ ကျွန်ုပ်တို့ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများသာမက ကျွန်ုပ်တို့၏ အသက်တာ တစ်ခုလုံးကို ပေးလှူခွင့်ရှိသည်။ ပေးလှူသောအခါ မရှောင်မလွဲသာ၍ ပေးလှူရခြင်း မျိုး မဖြစ်စေဘဲ မိမိ၏ စေတနာကြောင့် အလိုအလျှောက် ပေးလှူခြင်း မျိုးသားဖြစ် ရမည်။ အမှန်ကိုဝန်ခံရလျှင် ကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်သည် ကျွန်ုပ်တို့ ပေးလှူနိုင်သည် ထက် အဆတစ်ထောင် အဆတစ်သောင်းမက သာ၍ ပေးလှူခြင်းခံလိုက်ပါသေးသည်။ ကျွန်ုပ်တို့ ကိုယ်ကျိုးအတွက် အသုံးပြုရန် ရှာဖေါသိုမှီးထားသော အရာများသည် တစ်နေ့ ဤလောကကြီးမှ ကျွန်ုပ်တို့ ထွက်ခွားသွားချိန်တွင် စွန့်ထားရမည့် အရာများ၊ ဆုံးရှုံးကျန်ရစ်မည့် အရာမျာသာဖြစ်သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ပိုင်ဆိုင်သော အရာများကို ကိုယ်တော်ရှင်ထံ ပေးအပ်ခဲ့ လျှင် ကျွန်ုပ်တို့အတွက် ထာဝရ တည်တံ့သည့် ကောင်းချီးမင်္ဂလာများနှင့် မတိုင်းဆနိုင်သော အကျိုး ကျေူးဇူးများကို ခံစားရရှိကြမည်မှာ ဧကန်မုချပေတည်း။
အခန်း (၁၂) အခန်း(၁၃) အခန်း (၁၄) အခန်း (၁၅) တော၊ ၎
အမျိုးသမီးများကဏ္ဍ အခန်း (၁၂) ထွက် ၃၅း၂၅-၂၆
တဲတော်၏ ကန့်လန့်ကာများနှင့် အမိုးမျာကို မည်သူပန်းထိုးယက်လုပ်ခဲ့သနည်း။ ဤမျှအနုစိပ်လှ၍ စိတ်ရှည်စွာ ယက်လုပ်ရမည့် အလုပ်မျိုးသည် အမျိုးသမီးများ၏ ဆက် ကပ် စွမ်းဆောင်မှုမှတစ်ပါး အခြားမဖြစ်နိုင်ရာ၊ အမျိုးသမီးများသည် ယဇ်ပုရောဟိတ်အဖြစ် တဲ တော်အတွင်း၌ အမှုတော်ဆောင်ရွက်ခွင့် မရှိရုံမျှမက လေ၀ိလူတို့၏ အလုပ်မျိုးကိုပင် လုပ်ဆောင် ခွင့်မရှိကြပါ။ သို့သော် ဘုရား သခင်သည် အမျိုးသမီးများ၏ သေးသွယ်နုနယ်လှသည့် လက်ချောင်း ကလေးများဖြင့် တဲတော် ကန့်လန့်ကာများကို ပန်းထိုးယက်လုပ်ရန် အထူးတာဝန်တစ်ရပ် အပ်နှင်း ခဲ့သည်။ ယနေ့ယုံကြည်သူ အမျိုးသမီးများကို အထက်ပါတာဝန်အပ်နှင်းပေးထားလျက် ရှိသည်။ ယနေ့လည်း ဘုရားသခင် ကျိန်းဝပ်တော်မူရာ ဗိမာန်ဖြစ်သည့် ယုံကြည်သူ များအတွက် ၀တ်စားတန်ဆာ ဆင်ယင်မှုနှင့် အသက်တာ သန့်ရှင်းသေသပ်မှုရှိရန် စီမံဆောင်ရွက်ပေးရမည့် အထူးတာဝန်ဝတ္တရားတစ်ရပ်ကို အမျိုးသမီးများအား ဘုရားသခင် အပ်နှင်းထား၏။ ယုံကြည်သူ အမျိုးသမီးတိုင်းသည် မိမိကိုယ်တိုင် ဣနြေ္ဒသိက္ခာရှိရှိ ဂုဏ်အသရေရှိရှိ ၀တ်စားဆင်ယင်တတ်ဖို့ ဂရုစိုက်ရရုံမျှသာမက မိသားစုတစ်ခုလုံးအတွက်လည်း တာဝန်ရှိပေသေးသည်။ သားသမီးများကို ကလေးသူငယ်အရွယ်မှစ၍ အကျင့်စာရိတ္တကောင်းရန်နှင့် ယဉ်ကျေးသိမ်မွေ့စွာ ၀တ်စားဆင်ယင် အသက်ရှင်တတ်ရန် မိခင်ဖြစ်သူက သွန်သင်ပေးရမည်။ ကလေးသူငယ်များ၏ ၀တ်စားဆင်ယင်မှု နှင့် အနေအထိုင် သန့်ရှင်းသပ်ယပ်မှုကို ကြည့်ခြင်းဖြင့် မိခင်ဖြစ်သူ၏ အရည်အချင်းကို သိနိုင်သည်။ ထို့ပြင် ခင်ပွန်းသည် လင်ယောက်ျား၏ သွင်ပြင်လက္ခဏာကို ကြည့်ခြင်းဖြင့် အိမ်ထောင် ရှင်မ၏ အရည်အသွေးကို အကဲဖြတ် ခန့်မှန်းနိုင်ပေမည်။ ယုံကြည်သူ အိမ်ထောင်စုတစ်ခုတွင် ဘုရားသခင်၏ အလိုတော်နှင့်အညီ ၀တ်စားဆင်ယင် တတ်ခြင်းသည် အိမ်ထောင်ရှင်မကောင်း တစ်ဦး၏ အရည်အချင်းပေါ်တွင် လုံးဝမူတည်နေသည်။ ဘုရားသခင်ကျိန်းဝပ်ရာ အိမ်တော် (ယုံကြည်သူ တစ်ဦးစီ) ကို သန့်ရှင်းသေသပ် စွာနှင့် လှပ တင့်တယ်အောင် စီမံဆောင် ရွက်ပေး ရသည့် အခွင့်ထူးသည် အမျိုးသမီး များအတွက် မည်မျှကြီး မြတ်လှသည့် တာဝန်ဖြစ်ကြောင်း ဆင်ခြင်နိုင်ပါသည်။ ဘုရားသခင် နှစ်သက်သည့် သန့်ရှင်း မွန်မြတ်သော အသက်တာမျိုးဖြစ်အောင် မိသားစုကို နေ့စဉ်နေ့တိုင် တန်ဆာဆင် ပြုပြင်ပေးရမည့် တာဝန်သည် အမျိုးသမီးများ၏ အမွန်မြတ်ဆုံး အခွင့် ထုးကြီးပင် မဟုတ်ပါလော။ ဘုန်းတော်၏ ဘုန်းအသရေကိုထင်ရှားစေသည့် အမိုးအထည်မျာကို ဣသရေလ အမျိုးသမီးများ ယက်လုပ်ဆင်ယင်ရသည့်နည်းတူ ယနေ့ခရစ်တော်၌ ရှိသော ယုံကြည်သူအမျိုးသမီးများသည်လည်း မိမိတို့၏ အပြုအမူစိတ်နေသဘောထား နှုတ်ထွက်စကားနှင့် အိမ်မှုရေးရာ ပုံသက် သေများဖြင့် ခရစ်တော်၏ ဘုန်းတော်ကို ထင်ရှားစေနိုင်သည်။ ခရစ်တော်၌ ချစ်စွာသော ညီမအစ်မအပေါင်းတို့ - ခရစ်တော်၏ ဘုန်းတော်ထင်ရှားစေရန် သင့်အပြုအမူ၊ အကြံအစည်၊ အပြောအဆို၊ အနေ အထိုင်နှင့် သားသမီးစသည်တို့ကို ဆက်ကပ်အပ်နှံပြီးပြီလား။ မအပ်နှံရ သေးလျှင် ယခုအချိန်သည် အပ်နှံဖို့ အကောင်းဆုံး အချိန်ပင်ဖြစ်သည်။
 သန့်ရှင်းရာဌာန အခန်း(၁၃) ထွ ၂၅း၂၃-၄၀ 
 သန့်ရှင်းရာ ဌာနအတွင်းရှိ ပစ္စည်းများမှာ - 
 (က) ရွှေမီးခုံ၊ 
(ခ) ရှေ့တော်မုန့် စားပွဲ၊ 
(ဂ) နံ့သာပေါင်း မီးရှို့ရာ ရွှေယဇ်ပလ္လင် တို့ဖြစ်ကြသည်။ 
 ရွှေမီးခုံ (ထွ ၂၅း၃၀-၄၀) 
သန့်ရှင်းရာ ဌာနအတွင်း၌ ပထမဦးဆုံး တွေ့မြင်ရသည့်အရာမှာ ရွှေမီးခုံမှ ထွန်းလင်း တောက်ပလျက်ရှိသော အလင်းရောင်ဖြစ်သည်။ အကြောင်းမှာ သန့်ရှင်းရာဌာန အတွင်း၌ ပြတင်း ပေါက် လုံးဝမရှိသဖြင့် မှောင်မည်းနေသော်လည်း ရွှေမီးခုံ၏ အလင်းရောင်ကြောင့်အခန်းတစ်ခုလုံး လင်းထိန်နေသည်။ ထာဝရဘုရားသည် မှောင်မိုက်ထဲ၌ နေတော်မူ၏။ (၃ ရာ၊ ၈း၁၂) ခရစ်တော်သည် ဒုစရိုက် အမှောင်ဖုံးလွှမ်းသည့် ဤလောက၏ အလင်းဖြစ်တော်မူ၏ (ယော ၉း၅)။ ရွှေမီးခုံ အလယ်ဗဟိုရှိ ပင်မအခက်ကြီးကို ရွှေမီးခုံတိုင်ဟု ခေါ်သည်။ ရွှေမီးခုံတိုင်ကို ရွှေသားစစ်စစ်ဖြင့် ပြုလုပ်ထားသည်။ အလက်များ၊ ခွက်များ၊ ကြာပွင့်များ၊ ဗူးသီး များကို တစ်ဆက် တည်းဖြစ်အောင် အထူးကျွမ်းကျင်လိမ္မာသည့် ရွှေပန်းတိမ် ဆရာက ရွှေစင်တစ်ပြားတည်းကို အထပ်ထပ်အဖန်ဖန် ထုနှက်၍ ပြုလုပ်ထားသည်။ ထိုနည်းတူ ခရစ်တော်သည် ဘုရားသခင်၏ စီရင်ခြင်းဒဏ်ကို ပြင်းထန်စွာ ခံရသည်။ ရွှေမီးခုံတိုင်မှ ဖြာထွက်နေသော အလက်(၆)လက်လုံးကို တစ်စပ်တည်း ထုလုပ်ထားပြီး အလက်များပေါ်ရှိ ရွှေမီးခွက်ခုနှစ်လုံးတို့က အမှောင်ထုကိုခွင်းပြီး အလင်းရောင်ဆောင်လျက် ရှိ သည်။ ရွှေမီးခုံတိုင်သည် ခရစ်တော်ကို ဆိုလိုပြီး ကျန်အလက်(၆)လက်မှာ ယုံကြည်သူတို့ကို ဆိုလို သည်။ (ယော ၈း၁၂)။ ခရစ်တော်၌တည်သော ယုံကြည်သူများသည် ဤလောက၏ အလင်းဖြစ်ကြ၏။ 
(မ ၅း၁၄)။ မီးခွက်များထဲတွင် သံလွင်ဆီအပြည့် ဖြည့်ထားကာ နေ့ညဥ့်မပြတ် မီးထွန်းညှိထားရသည်။ (ထွ ၂၇း၂၀)။ သံလွင်ဆီမူကား သန့်ရှင်းသော ၀ိညာဉ်တော်ကို ပုံဆောင်သည် (ဇာ ၄း၁-၆)။ ယနေ့လည်း ခရစ်တော်၌တည်၍ ခရစ်တော်နှင့် ဆက်နွယ်လျက်ရှိသော ယုံကြည်သူများသည် သန့်ရှင်းသော ၀ိညာဉ်တော်အားဖြင့် လောက အမှောင်ထု ထဲတွင် အလင်းထွန်းလင်းနိုင်စွမ်း ရှိသည် (ဧ ၅း၈)။ ယဇ်ပုရောဟိတ်ဖြစ်သူသည် မီးခွက်တစ်ခုစီကို အမြဲတစေ ဂရုစိုက်ကြည့်ရှု နေရသည်။ မီး လောင်ကျွမ်းသွားသော မီးစာ၌ အလင်းပေးနိုင်စွမ်း မရှိသောကြောင့် ယဇ်ပုရောဟိတ်သည် မီးစာ၌ ကပ်ငြိနေသည့် ချေးညှော်များကို ပထမဦးဆုံး ဖယ်ရှားသန့်စင် ပစ်ရသည်။ ထိုနောက်မှ မီးထွန်းညှိ လျှင် အလင်းရောင်တစ်ဖန် ထွန်းလင်းလာလိမ့်မည်။ ထို့အတူ ယုံကြည်သူတစ်ယောက်စီ၏ အသက်တာသည် မီးစာကဲ့သို့ဖြစ်၏။ မသန့်ရှင်းသည့်အရာများ ပိတ်ဆို့ကပ်ငြိနေလျှင် အလင်း ထွန်းလင်းနိုင်မည် မဟုတ်၍ ဇာတိတပ်မက်မှု အညစ်အကြေးများကို ဖယ်ရှားရပေမည်။ မီးခုံတိုင်နှင့်သက်ဆိုင်သော မီးညှပ်ခံစရာခွက်တို့ကိုလည်း ရွှေဖြင့်ပြုလုပ်ထားသည်။ ရွှေ မီးညှပ်ဖြင့် မီးစာတွင် ကပ်ငြိနေသော ချေးညှော်များကို ဂရုတစိုက် တစ်ခုချင်း ရှင်းလင်းဖယ်ရှားပြီး မှသာ မီးခွက်သည် တစ်ဖန်တောက်ပစွာ ပြန်လည်ထွန်းလင်း လာလေသည်။ မီးထွန်းညှိရာတွင် ရွှေစားပွဲပေါ်သို့ အလင်းရောင် ကျရောက်အောင် ထွန်းညှိဖို့ အထူးသတိပြု ရလိမ့်မည်။ (တော ၈း၃)။ အလင်းရောင်ကို ကျွန်ုပ်တို့အပေါ်သို့ မကျရောက်စေဘဲ ရွှေစားပွဲတည်း ဟူသော အရှင်ယေရှုအပေါ်သို့ ကျရောက် စေရမည်။ ဤအချက်ကို ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင် အစဉ်မှတ်သား ထားရမည်။ မည်သည့်အရာကို လုပ်သည်ဖြစ်စေ ကိုယ်တော်ရှင်၏ အလင်းနှင့် ကိုယ်တော်ရှင်၏ ဘုန်းတော်ကိုသာ ထင်ရှားစေရမည်။ ကောင်းကင်ဘုံသို့ ကျွန်ုပ်တို့ ရောက်သွားသောအခါတွင်လည်း ကိုယ်တော်သည် အလင်း အဖြစ် ဆက်လက်တည်ရှိနေဦးမည်။ “မြို့လမ်းမသည် ရွှေစင်အစစ်ဖြစ်၏။ ထိုမြို့တွင် နေ၏အလင်း ရောင် လ၏အလင်းရောင်မလို အကြောင်းမူကား ဘုရားသခင်၏ ဘုန်းတော်သည် ထိုမြို့ကို လင်း စေ၏။ သိုးသူငယ်သည် ထိုမြို့၏ ဆီမီးဖြစ်သည်”။ (ဗျာ ၂၁း၂၂-၂၃) 
 ရှေ့တော်မုန့်စားပွဲ (ထွ ၂၅း၂၃-၃၀)
 ရွှေမီးခုံ၏ မျက်နှာချင်းဆိုင် တစ်ဖက်၌ မုန့်(၁၂)လုံးတင်ထားသည့် ရွှေစားပွဲ တစ်လုံးရှိသည်။ အရေအတွက်မှာ ဣသရေလ လူမျိုးစုအနွယ် အရေအတွက်နှင့် ထပ်တူထပ်မျှ ဖြစ်သည်။ ရွှေဖြင့်ကွပ်ထားသည့် သစ်သားစားပွဲမှာ ခရစ်တော်၏ ဘုရားဇာတိနှင့် လူဇာတိကို ပုံဆောင် သည်။ စားပွဲက မုန့်များကို ထမ်းရွက်သယ်ပိုးထားသကဲ့သို့ ဘုရားသခင်ပိုင် ဆိုင်သည့် ယနေ့ ယုံကြည်သူများကို ခရစ်တော်သည် ထမ်းရွက်သယ်ပိုးထား၏။ ယုံကြည်သူများကို ဘုရားသခင် လက်ခံရခြင်းသည် ခရစ်တော်ပေါ်တွင် ရှိနေခြင်း ကြောင့် ဖြစ်သည်။ ဘုရားသခင်သည်လည်း ယုံကြည်သူများအား ကောင်းကင် မီးတိုင်၏ အလင်းရောင်အောက်တွင်မျက်ခြေမပြတ် ဂရုစိုက် ကြည့်ရုနေတော်မူ၏။ ရှေ့တော်မုန့်(၁၂)လုံးသည် ဣသရေလ လူမျိုး တော်တစ်ခုလုံးကို ပုံဆောင် ဖော်ပြ နေခြင်း ဖြစ် သည်။ ဘုရားစကား နားမောထင်၍ ဣသရေလ လူမျိုး(၁၀)နွယ်အား အာရှရိပြည်သို့ ကျွန်အဖြစ် ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် ဣသရေလ လူမျိုး(၂)နွယ်သာ နေရင်းမိခင် တိုင်းပြည်တွင် ကျန် ရစ်ခဲ့သော်လည်း ဘုရားသခင်၏ ရှေ့တော်မှောက်၌ မုန့်အရေအတွက် (၁၂)လုံးကို တင်ထားမြဲဖြစ် သည်။ မုန့်အရေအတွက်ကို လျော့ပေါ့တင်ထားခြင်း မရှိပေ။ အကြောင်းမူကား ဘုရားသခင်၏ သားသမီးများသည် နေရာဒေသအသီးသီးတွင် သီးခြား တကွဲတပြား ရှိနေစေကာမူ ဘုရားသခင်ရှေ့တော်မှောက်၌ ခြားနားခြင်း အလျဉ်းမရှိ။ တစ်လုံးတစ်ဝ တည်း တစ်စုတည်းအဖြစ်ရှိနေကြောင်း ဖေါ်ပြ လိုခြင်းဖြစ်သည်။ အကြောင်းမူကား ကျွန်ုပ်၏ ယခုခေတ်တွင် မုန့်(၁၂)လုံး၏ ဆိုလိုရင်း အဓိပ္ပါယ်ကို အမှန် အတိုင်း သိမြင်ခံယူတတ်ဖို့ လိုသည်။ ကျွန်ုပ်တို့ ခံယူရမည့်အချက်မှာ ကျွန်ုပ်တို့၏ စိတ်နှလုံးမှ ချစ် ခြင်းမေတ္တာနှင့် ဆုတောင်းပတ္ထနာဖြင့် ဘုရားသခင်၏ သားသမီး (လူမျိုးတော်) အားလုံးကို အစဉ် ယုယပိုက်ထွေးနေရမည်။ တစ်ဦးနှင့်တစ်ဦး ဆက်နွယ်သက်ဆိုင်နေကြောင်း ၀န်ခံရမည်။ သို့ရာတွင် မျက်မှောက်ခေတ် ခရစ်ယာန်အများမှာ လက်တွေ့၌ စာတန်မာရ်နတ်ဆိုး ၏ သွေး ထိုးမှုကြောင့် ဂိုဏ်းဂဏစွဲ၊ အုပ်စုစွဲ၊ လူမျိုးစွဲဖြင့် အကွဲကွဲအပြားပြား ခြားနားလျက် ရှိကြသည်မှာ ၀မ်းနည်းဖွယ် ကောင်းလှ၏။ ဤရှက်ဖွယ် အဖြစ်ဆိုးကြီးကို ကျွန်ုပ်တို့ အယောက်တိုင်း နောင်တရ လျက် နှိမ့်ချစွာ ၀န်ခံရပေမည်။ သို့ဖြစ်ငြားလည်း ကွဲပြားခြားနားနေသည့် ဂိုဏ်းဂဏ၊ လူမျိုးစု အသီးသီးကြားတွင် လူနည်းစု ဖြစ်သည့် စစ်မျန်သော ဘုရားသား (Born Again Believers) ၀ိညာဉ်အသက်သစ် မွေးဖွားခြင်းခံရ သော ယုံကြည်သူ)များ ရှိပါသည်။ မည်သူတွေမည်သို့ပင် ကွဲပြားနေပါစေ။ စစ်မှန်သော ဘုရား သခင်၏ သားသမီး များမူကား တစ်လုံးတစ်ဝတည်း ရှိကြသည်။ စစ်မှန်သော ယုံကြည်သူ များသည် လူမျိုး၊ ဒေသနှင့် ဂိုဏ်းဂဏ မတူသော်လည်း စိတ်ဝမ်းကွဲ ပြား ခြားနားခြင်း မရှိပေ။ တွေ့ရာနေရာတိုင်းတွင် မိတ်သဟာယဖွဲ့လျက် ပေါင်းသင်း နိုင်သည်။ အတူ လက်တွဲလျက် တစ်ပါးတည်းသော အဘ၊ တစ်ပါးတည်းသော အရှင်သခင် အတွက် အမှု တော်ဆောင်နိုင်ကြသည်။ ညီရင်းအစ်ကိုပမာ စိတ်နှလုံး အကြွင်းမဲ့ ချစ်နိုင်ကြသည်။ ခရစ်တော် ဘုရားကိုယ်တိုင်က ယုံကြည်သူအားလုံး တစ်လုံးတစ်ဝ တည်းရှိရန် အလိုတော်ရှိသောကြောင့် အောက်ပါအတိုင်း ဆုတောင်းခဲ့လေသည်။ “အို အဖ၊ သူတို့အဖို့ အလို့ငှာ ကျွန်ုပ် ဆုတောင်းပါ၏။ ကိုယ်တော်နှင့် ကျွန်ုပ်သည် တစ်လုံးတစ်ဝတည်း ဖြစ်သကဲ့သို့ ကျွန်ုပ်အား ပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည့်အကြောင်း တောင်းလျှောက်ပါ၏ ၊ (၁၇း၉-၁၁) စစ်မှန်သော ဘုရားသခင်၏ သားသမီးများသည် ခရစ်တော်၌ တစ်လုံးတစ်ဝတည်း ရှိ ကြောင်း ကျမ်းစာ၌ အကြိမ်ကြိမ် သွန်သင် ဖော်ပြထား၏ (ဧ၊ ၄း၎။ ဂလ၊ ၃း၂၈)။ ရွှေစားပွဲ၏ ပတ်လည်၌ အနံလက်တစ်ဝါးကျယ်သော ရွှေခါးပန်းရှိ၍ ခါးပန်း ပတ်လည်ကို ရွှေ ဖြင့်တန်ဆာဆင်ထား၏။ ရွှေခါးပန်းသည် ရွှေစားပွဲပေါ်ရှိ မုန့်များကို အောက်သို့လျှော့မကျစေရန် ကွယ်ကာပေးထားသည်။ ၎င်းရွှေခါးပန်းသည်လည်း ခရစ်တော်ကိုပင် ပုံဆောင်လျက်ရှိပြီး အဓိပ္ပါယ်မှာ တန်ခိုးကြီးသော အရှင်ယေရှု၏ လက်တော်သည် သူပိုင်ဆိုင်သောသူများကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားရုံမျှမက ဘေးကင်းလုံခြုံစွာ ကာကွယ်ထားကြောင်း ဆိုလိုသည်။ သို့ဖြစ်၍ ခရစ်တော် ပိုင်ဆိုင်သော ကယ်တင်ခြင်းရပြီးသူများသည် ထာဝရ အသက်မပျောက်ပျက် မဆုံးရှုံးနိုင်ကြောင်း ယုံကြည်စိတ်ချနိုင်သည်။ (ယော၊ ၁၀း၂၈)။ နံ့သာပေါင်း နံ့သာပေါင်းကို ဘုရားသခင် ညွှန်ကြားထားသည့် အမျိုးအမည်၊ အချိုးအဆအလိုက် အတိ အကျ ဖော်စပ်ရသည် (ထွ၊ ၃၀း၃၄-၃၈)။ အရာ လေးမျိုးဖြင့် ရောနှောဖော်စပ်ထားသော နံ့သာပေါင်းကို အဘယ်သူမျှ တုပကူးယူ
 ဖော်စပ်ခွင့်မရှိ။ ရှုရှိုက်သုံးစွဲခွင့်လည်း မရှိချေ။ ဘုရားသခင် တစ်ပါးတည်းအတွက်သာ သီးသန့်လျှို့ဝှက် ဖော်စပ်ထားခြင်းကြောင့် 
နံ့သာ ပေါင်း၏ နှစ်သက်မြတ်နိုးဖွယ်ရာ အကြောင်းကို ကိုယ်တော်ရှင် တစ်ပါးတည်းသာ သိကျွမ်းတော်မူ ၏။ အဓိပ္ပါယ်မှာ ခမည်းတော်ဘုရားသာ တစ်ပါးတည်းသော သားတော်၏ နှစ်သက်မြတ်နိုးဖွယ်ရာ အကြောင်းစုံကို သိကျွမ်းတော်မူ၏။ ခမည်းတော်သာလျှင် သားတော်၌ရှိသော ဘုန်းစည်းစိမ် အားလုံးကို သိမြင်ခံစားနိုင်စွမ်းရှိတော်မူ၏။ ခမည်းတော်က “ဤသူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ ချစ်သားပေတည်း” ဟု မြွက်ဆိုလျက် သားတော်အပေါ် ချစ်ခြင်းမေတ္တာ ပြည့်လျှမ်းသည့်အကြည့် ဖြင့် ထာဝစဉ် စိုက်ကြည့်လျှက် ရှိသည်။ မီးရှို့ရာယဇ်အကြောင်းကို စဉ်းစား ဆင်ခြင်ကြည့် သည့်အခါ ခရစ်တော် လုပ်ဆောင်ခဲ့ပြီးသော ရွေးနှုတ်ခြင်းအမှုကို ကျွန်ုပ်တို့တွေ့မြင် ရပေမည်။ ယခုနံ့သာပေါင်းအကြောင်းကို ဆက်လက် ဆင်ခြင်ကြည့်သော အခါ ခရစ်တော်၌ရှိသည့် “ဂုဏ်တော်” အပေါင်းကို ကျွန်ုပ်တို့ တွေ့မြင်လာ ရသည်။ ခရစ်တော် ဘာတွေ လုပ်ဆောင်ပြီးစီးခဲ့သလဲ။ ခရစ်တော် လုပ်ဆောင်ခဲ့သော အလုပ်မည်မျှ ကြီးမားသလဲဟု မိတ်ဆွေအား မမေးလိုပါ။ ကိုယ်တော်ရှင်၏ ဂုဏ်တော်ကို သင်မည်မျှ သိပါသလဲ ဟုသာ မေးလိုပါသည်။ အကြောင်းမူကား လူပုဂ္ဂိုလ်တစ်ဦး လုပ်ဆောင်ခဲ့သော အမူအရာအားလုံးထက် ထိုပုဂ္ဂိုလ် ကိုယ်တိုင်က ပိုမိုကြီးမြတ်သည့်နည်းတူ ခရစ်တော်၏ လုပ်ဆောင်ချက် ထက် ခရစ်တော်၏ ကြီး မြတ်ခြင်း၊ ကောင်းမြတ်ခြင်း၊ အံ့သြဖွယ်မေတ္တာတော်နှင့် အခြားဘုန်းအသရေများက ပိုမိုအရေးကြီး ပါသည်။ သို့ဖြစ်၍ ယုံကြည်သူတို့သည် ခရစ် တော်၏ ဂုဏ်တော်အပေါင်းကို “ဆင်ခြင် ချီးမွမ်းခြင်း” ဟူသည့် ယဇ်ကို ဘုရားသခင် အထံတော်သို့ အမြဲပူဇော် ဆက်သနေရမည်။ သားတော်၌ ကျွန်ုပ်တို့ တွေ့မြင်ခံစားရသော မြတ်နိုးဖွယ် အံ့သြဖွယ် အချက်များကို စဉ်းစား ဆင်ခြင်လျက် ကျေးဇူးတင် ချီးမွမ်းခြင်း အားဖြင့် ခမည်းတောင်ထံသို့ ချဉ်းကပ် ကိုးကွယ်နိုင်သည်။ ကျွန်ုပ်တို့ တစ်ဦးစီ၌လည်းယေရှုခရစ်တွင်ရှိသော နှစ်သက်မြတ်နိုးဖွယ် ကောင်းသော အရာများ ဖြင့် ပြည့်ဝစုံလင်စေရမည်။ ကိုယ်တော်ရှင်၌ 
ခံစားရသော ၀မ်းမြောက် ရွှင်လန်းခြင်းများကို ခမည်း တော်အား ပြောပြတတ်ရမည်။ ကျေးဇူးလည်း တင်တတ် ရမည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့သည် ခမည်းတော်နှင့်လည်းကောင်း၊ သားတော်နှင့်လည်းကောင်း၊ မိတ်သဟာယဖွဲ့၍ အတူဆက်ဆံ နိုင်ပါသည်။ သတိပြုရမည်မှာ ထိုသို့ ကျေးဇူးတင် ချီးမွမ်းလင့်ကစား ခရစ်တော် ဆောင်ရွက် ခဲ့သော ရွေး နှုတ်ခြင်းအမှုနှင့် ကျွန်ုပ်တို့ တစ်ယောက်စီ ခံစားရသော ကောင်းချီး မင်္ဂလာအပေါင်းကို ကုန်စင်ပြည့် စုံအောင် ကျေးဇူးတင် ချီးမွမ်းနိုင်လိမ့်မည် မဟုတ်ပါ။ အမှန်စင်စစ် နံ့သာပေါင်းပူဇော်ခြင်း (၀ါ) ကိုးကွယ်ဝတ်ပြုခြင်းသည် ကျေးဇူးတော် ချီးမွမ်း ခြင်းထက်သာ၍ နက်နဲကျယ်ပြန့်ပြီး အရေးကြီးလှသည်။ အဘယ့်ကြောင့်ဆိုသော် ကိုးကွယ်ဝတ်ပြု ခြင်းဆိုသည်မှာ ခရစ်တော်၌ရျိသော တင့်တယ်မြတ်နိုးဖွယ်ကောင်းသည့် အရာများချစ်ခြင်းမေတ္တာ နှင့် ဘုန်းစည်းစိမ် ရှိသမျှကို နှစ်ထောင်းအားရဖြစ်လျက် ဘုရားသခင်ထံ ၀မ်းမြောက်ဝမ်းသာစွာ ကျေးဇူးတင် ချီးမွမ်းခြင်းပင်ဖြစ်သည်။ ဤသို့ကိုးကွယ် ၀တ်ပြုခြင်းသည် အလွန်မွှေးကြိုင်သော ရနံ့ အဖြစ် ဘုရားသခင် အထံတော်သို့ တက်ကြွသွားကာ ကိုယ်တော်ရှင်အား နှစ်သက်ရွှင်လန်း စေ သည်။
ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတိုအရှင်ယေရှုကို သင်ချစ်ပါသလား။ အကယ်၍ အရှင်ယေရှု၏ ကြီးမြတ်ခြင်း၊ ကောင်းမြတ်ခြင်း၊ ကရုဏာသဘော ရှိခြင်းနှင့် ထာဝရ မေတ္တာတော်အကြောင်းကို သင်စေ့စေ့ ဆင်ခြင် အောက်မေ့လျှင် ယခုချက်ချင်း ဘုရား သခင်ထံသို့ ချဉ်းကပ်ပြီး ကျေးဇူးတင်ကြောင်း ပြောပြလို စိတ်များ ချီးမွမ်းလိုစိတ်များ တားဆီးမရ နိုင်လောက်အောင် တဖွားဖွား ဖြစ်ပေါ်လာလိမ့်မည်။ ဤအရာသည် စစ်မှန်သော ကိုးကွယ်ဝတ်ပြု ခြင်းဖြစ်သည်။ အရှင်ယေရှု၏ ခြေတော်ကို ဗေသနိရွာမှ မာရိက ဆီမွှေးလောင်း၍ လိမ်းကျံပေးသည့်အခါ တွင် တစ်အိမ်လုံး သင်းပျံ့ထုံလှိုင်သွားသကဲ့သို့ ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်ထဲမှ ဂုဏ်တော်ချီးမွမ်းခြင်း ဟူသည့် နံ့သာဆီမွှေးကို သွန်းလောင်း ဆက်သဖို့ လိုသည်။ ဤအရာသည် ကိုးကွယ်ဝတ်ပြုခြင်း ဖြစ်သည်။ တစ်နည်း အားဖြင့် သင်းပျံ့မွှေးကြိုင်သော နံ့သာပေါင်းကို ဆက်သပူဇော်ခြင်းပင် ဖြစ်သည်။
 အောက်ခံ ကြမ်းပြင် အခန်း (၁၄)
 ရွှေအိမ်တော်၏ အောက်ခံကြမ်းပြင်ကို အဘယ်အရာဖြင့် ပြုလုပ်ထားသနည်း။ ရွှေ(သို့မဟုတ်) သစ်သားခင်းထားလိမ့်မည်ဟု သင်ထင်ကောင်း ထင်ပေလိမ့်မည်။ ဤသို့ ထင်လျှင် မှားသွားပေမည်။ အကြောင်းမှာ ရွှေအိမ်တော်၏ ကြမ်းပြင်သည် သဲပြင်အတိ ဖြစ်နေခြင်း ကြောင့်ပေတည်း။ အမြင့်မြတ်ဆုံးသော ဘုရားသခင် အတွက် အထူးသီးသန့် ဆောက်လုပ်ထားပြီး အလွန်လှပ ဆန်းကြယ်၍ တင့်တယ် မြတ်နိုးဖွယ်ရာ ကောင်းသော ရွှေအိမ်တော်၏ ကြမ်းပြင်သည် အဘယ် ကြောင့် သဲမြေဖြစ်နေသနည်းဟု မေးစရာရှိသည်။ မှန်ပါသည်။ ရွှေသားအသုံး အဆောင် ပစ္စည်းအားလုံးနှင့် ဘုရားသခင်၏ အိမ်တော်တစ်ခုလုံး သည် သဲမြေကြမ်းပြင်ပေါ်၌ တည်ရှိနေခြင်းမှာ တစ်မျိုးတစ်ဖုံ ထူခြားနေလေသည်။ ဤအကြောင်း အရာက ကျွန်ုပ်တို့အတွက် အဓိပ္ပါယ်ရှိသော သင်ခန်းစာတစ်ခု သွန်သင်လျက်ရှိသည်။ ကန္တာရနှင့် အလားသဏ္ဍာန်တူသော ဤလောကအတွင်းမှ အာဂန္တုခရီးသည်များ ဖြစ်ကြသည့် အစ္စရေးလ် လူမျိုးတော် (ယုံကြည်သူ)၏ အသက်တာသစ်အတွက် ဤလောကသည် ဘာမျှလိုချင် တက်မက် စရာ၊ ခံစားစာ၊ စွဲမက်စရာမရှိကြောင်း ဆိုလိုသည်။ ကန္တာရခရီးသည် တန်းကြီးကာ ရှေ့သို့ရွှေ့လျားနေသည်။ ယုကြည်သူ ကျွန်ုပ်တို့၏ လောက ခရီးတစ်လျှောက်တွင် ပင်ပမ်းခြင်း၊ ၀မ်းနည်းခြင်း၊ စိတ်ပျက်ခြင်း၊ ဖျားနားခြင်းနှင့် သေခြင်း- စသည့် အခက်အခဲပြဿနာ အမျိုးမျိုးတို့ကို ဓမ္မတာအတိုင်း နေ့စဉ်ရင်ဆိုင်တွေ့ကြုံရမည် ဖြစ်သော် လည်း လက်လျော့ အရှုံးပေးစရာ အကြောင်းလုံးဝမရှိပါ။ ကျွန်ုပ်တို့ချည်း အားကိုးရမဲ့ အထီးကျန် လျှောက်လှမ်းနေခြင်း မဟုတ်ပါ။ သဲကန္တာရကဲ့သို့ ခက်ခဲကြမ်းတမ်းသော ဤလောကတွင် ဘုရား သခင်သည် ကျွန်ုပ်တို့နှင့် မကွဲမကွာ နေ့စဉ်အတူ ရှိတော်မူ သဖြင့် စိုးရိမ်စရာမလိုပေ။ ကိုယ်တော် သည် မိမိသားသမီးများကို လျစ်လျူရှုမထားပေ။ ဘုရားသခင် အထံတော်သို့ နေ့စဉ်ရှေ့ရှု ချီတက်ရွေးလျား တိုးတက်နေရမည်။ မည်သည့်အရာကမျှ မိမိ၏ ခရီးစဉ်ကို ရပ်တံ့စေပြီး အမွေခံရာ ကတိတော်ပြည်သို့ သွားသည့် ခရီးစဉ်ကို ရပ်တံ့ဆီးတား မသွာပါစေနှင့်။ ချစ်မိတ်ဆွေ - စိုးရိမ်စရာအမှုများ အခက်အခဲပြဿနာများကို သင်ရင်ဆိုင်နေရချိန်တွင် ကိုယ်တော်ရှင် သည် သင့်အနီးအပါး၌ ရှိတော်မူပြီး ဘေးအန္တရာယ်အမျိုးမျိုးမှ ကွယ်ကာစောင့်ထိန်း ပေးနေ ကြောင်း သတိပြုမိပါရဲ့လား။ ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့နှင့်အတူ ရှိနေသဖြင့် အစဉ်အားယူ၍ ရဲရင့်ခြင်းရှိပါလေ။ ကျန်ရှိသော သင့်အသက်တာကို ဘုရားရှင်အပေါ် အမှီပြုပြီး ရင်ဆိုင် လျှောက် လှမ်းပါ။ “ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌ လည်း ကောင်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိ သမျှကို ငါခံရပြီ။ သင်တို့သွား၍ လူမျိုး တကာတို့ကို ငါ့တပည့်ဖြစ်စေလျှက် ခမည်းတော်၊သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်၏ နာမ၌ဗတ္တိဇံကို ပေးကြလော့-ငါသည် သင်တို့အား ပေးသမျှသော ပညတ်တို့ကို စောင့်ရှောက်မစခြင်းငှာ ဆုံးမသြ၀ါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန် သည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိမည်” (မ ၂၈း၁၈-၂၀) ဟု ကတိပေးထားခဲ့သော ခရစ်တော်ကို အားကိုးပါ။ ကျွန်ုပ်တို့၏ ရည်မှန်း ချက်ပန်းတိုင်ဖြစ်သော ခရစ်တော်နှင့်အတူဘုန်း တော်ဝင်စားရမည့် အချိန် ကာလသည် များမကြာမီ ဆိုက်ရောက်လာတော့မည်။ ထမ်းပိုး အခန်း (၁၅) တော၊ ၄ ရှေ့တော်မုန့်စားပွဲနှင့် ပဋိညာဉ်သေတ္တာတို့ကို ထမ်းပိုးဖြင့် သယ်ဆောင် ထမ်းပိုး သွားရသကဲ့ သို့ ဘုရားသခင်၏ အိမ်တော်အတွင်းရှိ အခြားအသုံးအဆောင် ပစ္စည်းများကိုလည်း ခရီးသွားသော အခါတွင် ထမ်းပိုးဖြင့် သယ်ဆောင် ထမ်းသွား ရသည်။ “ထမ်းပိုး” ၏ အနက်အဓိပ္ပါယ်မျာ - ယုံကြည် သူများ ထမ်းဆောင်ရမည့် “တာဝန်ဝတ္တရား” ကို ဆိုလိုသည်။ ပစ္စည်းများကို သယ်ဆောင်သည့်အခါ အသုံးပြုသော ထမ်းပိုးသည် ကျွန်ုပ်တို့ တစ်ယောက် စီ၌ ထမ်းဆောင်ရမည့် တာဝန် များရှိကြောင်း သတိပေးနေပါသည်။ အိမ်တော်အတွင်း၌ အဖိုးထိုက် အသုံးအဆောင် ပစ္စည်းများကို လေ၀ိလူတို့က ထမ်းပိုး သယ်ဆောင်ကြရသည်။ အိမ်တော်အတွင်း မှ အဖိုးတန်းပစ္စည်းများသည် ခရစ်တော်ကို ပုံဆောင်ပြီး လေ၀ိလူမှာ ယုံကြည်သူများကို ပုံဆောင် သည် သာမန်လူတစ်ယောက်အတွက် သဲကန္တာရအတွင်း၌ လေ၀ိလူများ ခရီးသွားနေကြသည် ဟု အပေါ်ယံကြောသာ မြင်မိကြပေမည်။ သို့သော်လည်း သတိနှင့် ဂရုစိုက်ကြည့်သူများသာ အလွန် တန်ဖိုးကြီးမားလှသော ရတနာ ပစ္စည်းများကို လေ၀ိလူတို့ ထမ်းပိုးသယ်ဆောင်လာကြောင်း တွေ့မြင်ရပေမည်။ ထို့အတူ ယုံကြည်သူ ကျွန်ုပ်တို့သည် အလွန်တန်ဖိုးကြီးမားသော အံ့သြထူးဆန်းရာ ပစ္စည်း များကို ထမ်းရွက်သယ်ဆောင် ထားသူများဖြစ်ကြသည်။ အရှင်ယေရ တည်းဟူသော တန်ဖိုးမဖြတ် နိုင်လောက်အောင် အဖိုးထိုက်တန်သည့် ရတနာ သိုက်ကြီးကို ကျွန်ုပ်တို့ ပိုင်ဆိုင်ထားခြင်းကြောင့် ကြွယ်ဝချမ်းသာသူများ ဖြစ်ကြ သည်။ သို့ဖြစ်၍ အရှင်ယေရှုအားဖြင့် ကျွန်ုပ်တို့ခံစားရသော အရာများနှင့် ကိုယ်တော်၏တန်ခိုးကြီး ခြင်း၊ ကောင်းမြတ်ခြင်း၊ ချစ်ခြင်းနှင့် ကယ်မသနားခြင်းတို့ကို အခြား သူများ သိရှိခံစားလာအောင် ကျွန်ုပ်တို့ သက်သေခံရမည့် တာဝန်ရှိသည်။ မေတ္တာကရုဏာဖြင့် ခရစ်တော်ဘုရား၏ ကယ်တင်ခြင်းအကြောင်းကို သင်နှင့်ကျွန်ုပ် သက်သေခံလျှင် အပြစ်ကျွန်ဘ၀ ရောက်နေသော အပြစ်သားများ ကယ်တင်ခြင်း ရလာကြမည်။ ချစ်မိတ်ဆွေ…….. ကယ်တင်ရှင် ခရစ်တော်ဘုရားအကြောင်းကို သင်လက်တွေ့ သက်သေခံ နေပါသလား။ ရိုး သားစွာ ၀န်ခံရလျှင် ယုံကြည်သူအများစုမှာ ယနေ့တိုင်အောင် တစ်ကြိမ်တစ်ခါမျှ သက်သေမခံဖူး ကြပါ။ အကြောင်းရင်းကို ရှာကြည့်သော် ထိုသူတို့တွင် ခရစ်တော်၏ စိတ်သဘော မရှိခြင်းကြောင့် ဖြစ်သည်။ ခရစ်တော်၏ ထမ်းပိုးကို ထမ်းထားသူမှန်လျှင် မိမိတို့ခံစားရသော ခရစ်တော်၏ မေတ္တာ အရှိန်အဟုန်ကြောင့် သူတစ်ပါးကို မဝေငှဘဲ မနေနိုင်ချေ။ ဘုရာသခင်သည် ကယ်တင်ခြင်းခံစားရရှိပြီးသူများကို အသုံးပြု၍ ၀မ်းမြောက်ဖွယ် သတင်း ကောင်း ပျံ့နှံ့စေလိုသည်။ ယနေ့လောကီသားအပေါင်းတို့သည် ကျွန်ုပ်တို့အားဖြင့်သာ ဘုရားသခင် ၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတန်ခိုးကို ခံစားနိုင်မည်။ သို့ဖြစ်ခြင်းကြောင့် ဘုရားသခင်၏ ကောင်းမြတ်ခြင်း၊ ချစ်ခြင်း၊ အပြစ်လွှတ်ခြင်းနှင့် ၀မ်းမြောက်ဖွယ် ကယ်တင်ခြင်း သတင်းစကား ပျံ့နှံ့ ရေးသည် မိတ်ဆွေနှင့် ကျွန်ုပ်အတွက် အကြီးမြတ်ဆုံးသော တာဝန်ဝတ္တရားပင် မဟုတ်လော။ ခရစ်တော်ကို မရသေးသူများအား မေတ္တာကရုဏ)ာထားလျက် ယခုအချိန်မှစ၍ ၀မ်းမြောက် ဖွယ် သတင်းကောင်းကို ဝေငှပြောကြားကြပါစို့။ 
|| အခန်း (၁၆) ထွ၊ ၂၈ ||
ယဇ်ပုရောဟိတ်မင်းကို ဂရုစိုက်ကြည့်သူတိုင်း ယဇ်ပုရောဟိတ်မင်း ၀တ်ဆင် ထားသော အ၀တ်တန်ဆာကို စိတ်မ၀င်စားဘဲ မနေနိုင်ပေ။ ထိုဝတ်စားတန်ဆာ၏ အနက်အဓိပ္ပါယ်ကို သိမှ ကောင်းကင် ယဇ်ပုရောဟိတ်မင်းနှင့် သိကျွမ်းရင်းနှီး လာနိုင်ပြီး ဘုရားသခင်အား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လျှက် ဘုရားသခင်အပေါ် လုံးဝဥဿုံ ယုံကြည်ကိုးစားသည့် အသက်တာနှင့် 
အသက် ရှင် နိုင်လိမ့်မည်။ 
သင်တိုင်း 
ယဇ်ပုရောဟိတ် မင်းဝတ်ဆင်ထားသော ၀တ်လုံရှည်ကြီး၏ အထက်ပိုင်းကို သင်တိုင်းဟု ခေါ်သည်။ သင်တိုင်းအကြောင်းကို အနည်းငယ် လေ့လာကြည့်ကြစို့။ ထိုသင်တိုင်းကို ကျွန်ုပ်တို့ လေ့လြာ့ပီးခဲ့သော အရောင်လေမျိုးဖြင့် လှပစွာပန်းထိုး ယက်လုပ်ထားပြီး ရွှေနန်းကြိုးကို အပ်ချည် အဖြစ် အသုံးပြုလျက် ချုပ်လုပ်ထား လေသည်။ (ထွ၊ ၃၉း၃)။ ရွှေသည် ဘုရားသခင်နှင့် စပ်ဆိုင်သော ကောင်းကင် ဘုန်းအသရေကို ဆိုလိုသည်။ အဓိပ္ပါယ် မှာ အရှင်ယေရှုသည် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းအဖြစ် ကောင်းကင်ဘုံ၌ ယခု အမှုဆောင် လျက်ရှိကြောင်း ဖော်ပြနေခြင်းဖြစ်သည်။ ကိုယ်တော်သည် ဤလောက၌ လူ့ဇာတိဖြင့် သက်ရှင်စဉ် ကျွန်ုပ်တို့ခံစားနေရသော ဆင်းရဲခက်ခဲခြင်းများ၊ ၀မ်းနည်းခြင်းများကို ကိုယ်တော်တိုင် တွေ့ကြုံခံစားခဲ့၏။ ကျွန်ုပ်တို့၏ အခက်အခဲ ပြဿနာများကို ကိုယ်တော်လောက် ကိုယ်ချင်းစာတတ်သူ သိမြင်နားလည်သူ ဘယ်မှာ ရှိအံ့နည်း။ ထို့ကြောင့် ကျွန်ုပ်တို့ ယနေ့ ဝေဒနာခံစားရသည့် အချိန်တိုင်းတွင် ကိုယ်တော်သည် ကျွန်ုပ် တို့နှင့် အတူရှိလျှက် ကျွန်ုပ်တို့ကို ဂရုစိုက်ကူညီ မစနေကြောင်း အစဉ် အောက်မေ့နေရမည်။ သင်နှင့် ကျွန်ုပ် တွေ့ကြုံရင်ဆိုင် ခံစားနေရသည့် အခြေအနေအရပ်ရပ်ကို ကိုယ်တော်သိမြင် နားလည်တော် မူသကဲ့သို့ ကိုယ်ချင်းစာ ခံစားတတ်၏။ အကြောင်း မူကား ကိုယ်တော်သည် သနားကြင်နာတတ် သော ယဇ်ပုရောဟိတ် ဖြစ်တော်မူ၏။ (ဟေဗြဲ၊ ၄း၁၅)။ 
ပုခုံးပေါ်ရှိ ကျောက်မြတ်များ 
ယဇ်ပုရောဟိတ်မင်း၏ လက်ဝဲဘက်နှင့် လက်ျာဘက်ပုခုံးပေါ်တွင် တင်ထားသော ကျောက် မြတ်နှစ်လုံးက မည်သည့်အရာကို ရည်ညွှန်းနေပါလိမ့်။ ထိုကျောက်မြတ် များမှာ အဖိုးတန်ရတနာများဖြစ်၏။ ကျောက်မြတ်တစ်လုံးစီ၌ အစ္စရေးလ် လူမျိုးစု၏ အမည်(၆)ခုစီကို အက္ခရာတင် ရေးထိုးထားသဖြင့် ထာာဝရဘုရားကို ယုံကြည် ကိုးကွယ် သော လူမျိုးနွယ်စု ၁၂ စုလုံး၏ အမည်နာမ ၁၂ခုစလုံးကို ယဇ်ပုရောဟိတ်မင်း၏ ပုခုံးနှစ်ဖက်ပေါ် တွင် ထမ်းရွက်သယ်ဆောင်ထားသည်။ အလားတူ ယနေ့တွင် အရှင်ယေရှုသည် မိမိ၏အားကြီးသော ပုခုံးဖြင့် ယုံကြည်သူ များကို ထမ်းရွက်သယ်ဆောင်ထားသည်။ ပုံပမာနှိုင်းရလျှင် ကောင်းသောသိုးထိန်းက သိုးသူငယ်ကို ပုခုံး ထက်တွင် ထမ်းလျက် အိမ်သို့ပြန်လည် ခေါ်ဆောင်လာသည်နှင့် အလားသဏ္ဍာန် တူနေ၏။ အဓိပ္ပါယ်မှာ ကိုယ်တော်သည် အနန္တတန်ခိုးတော်၊ မေတ္တာတော်ဖြင့် ယုံကြည်သူအပေါင်းကို ကောင်းကင်အိမ်တော် ရောက်သည်အထိ အစဉ်တစိုက် ကွယ်ကာလျက်ရှိကြောင်း ဆိုလိုသည်။ ဓမ္မဟောင်းကာလတွင် အစ္စရေးလ်လူမျိုးတော် တစ်ခုလုံး၏ ကိုယ်စား ယဇ်ပုရောဟိတ်မင်းက ဘုရားသခင်ရှေ့တော်သို့ တိုးဝင်ချဉ်းကပ်၍ ဆုတောင်း ပေးရသည်။ ကျွန်ုပ်တို့၏ ကောင်းကင် ယဇ်ပုရောဟိတ်မင်းဖြစ်သော 
အရှင်ယေရှုက ကျွန်ုပ်တို့ကိုယ်စား ဘုရားသခင် ရှေ့တော်သို့ဝင်ကာ နေ့စဉ် ဆုတောင်းပေးနေသည်။ (ဟေဗြဲ၊ ၇း၂၅)။
ရင်ဖုံးတန်ဆာ ရင်ဖုံးတန်ဆာမှာ 
စတုရန်းပုံ လေးထောင့်ဖြစ်ပြီး ရွှေဖြင့် ပန်းထိုးယက်လုပ်ထားသည်။ ရင်ဖုံး တန်ဆာပေါ်တွင် အမျိုးမတူသော ကျောက်မျက်ရတနာ ၁၂လုံးကို ရွှေဖြင့်စီချယ် တပ်ဆင်ထားပြီး အစ္စရေးလ်လူမျိုးစု (၁၂)နွယ်၏ အမည်နာမများကို အက္ခရာတင် ရေးထိုးထားသည်။ လူမျိုးနွယ်စု (၁၂)နွယ်၏ အမည်နာမများကို အမျိုးမတူသော ကျောက်မျက်(၁၂)လုံးပေါ်တွင် သီးခြားစီ အက္ခရာ ရေးထိုး ထားသည်။ ထိုကျောက်မျက်ရတနာတို့သည် ဤကမ္ဘာလောကကြီးတွင် အလှပဆုံး အဖိုးအတန်ဆုံး ကျောက်မျက်များဖြစ်သည်။ ရင်ဖုံးပေါ်ရှိ ကျောက်မြတ်ရတနာတို့နှင့် ပုခုံးပေါ်မှ ကျောက်မျက် ရတနာတို့နှင့် ပခုံးပေါ်မှ ကျောက်မျက်ရတနာတို့သည် တစ်မူကွဲပြား ခြားနားနေ၏။ ပုခုံးပေါ်ရှိ ကျောက်မျက်နှစ်လုံးသည် အမျိုးအစား တူညီကြသော်လည်း ရင်ဖုံးပေါ်မှ ကျောက် မျက်(၁၂)လုံးမူကား အမျိုးအစား မတူညီရုံမက ထိုကျောက်များအပေါ်တွင် ရေးထိုးထားသော အမည်နာမများလည်း မတူညီကြပေ။ ခြားနားရခြင်းအကြောင်းမှာ ပုခုံးပေါ်ရှိ မျိုးတူသော ကျောက် မျက်များက အစ္စရေးလ်လူမျိုးနွယ်စု တစ်ခုစီကို ပုံဆောင်သည်။ ဤခြားနားချက်က ကျွန်ုပ်တို့ အတွက် ၀မ်းမြောက်စရာ အကြောင်းရင်းနှစ်ရပ်ကို ဖြစ်ထွန်းစေ၏။ ပထမအချက်မှာ - အရှင်ယေရှုသည် အသင်းတော်တစ်ခုလုံးကို ထမ်းရွက်ထားကြောင်း ပုံ ဆောင်ပြီး၊ ဒုတိယအချက်မှာ သခင်ယေရှုသည် မိမိပိုင်ဆိုင်သော သားသမီးတစ်ဦးချင်းစီ၏ အမည် နာမကို သေချာတပ်အပ် သိရုံမက သားသမီးအယောက်တိုင်းကို ချစ်သနား၍ မိမိ၏နှလုံးသားဖြင့် ယုယပိုက်ထွေးထားကြောင်း ဆိုလိုသည်။ ကယ်တင်ခြင်း လက်ခံရရှိပြီးပြီးချင်း မိတ်ဆွေ၏ အမည်နာမသည် ကောင်းကင်နိုင်ငံရှိ အသက်စာစောင်တွင် စာရင်းဝင်သွားပြီဖြစ်၍ မိတ်ဆွေအား အဖိုးတန် အသက်ကျောက်မြတ်တစ်ခု ပမာ အရှင်ယေရှု အလေးထားတော်မူ၏။ ထို့ကြောင့် ကျွန်ုပ်တို့ တန်ဖိုးသည် ကျွန်ုပ်တို့အခြေအနေ စွမ်းရည်ပေါ်တွင် မူမတည်ဘဲ ခရစ်တော်ပေါ်တွင်သာ မူတည်နေ၏။ ခရစ်တော်သည် မိမိအပေါ် ခိုလှုံ ကိုးစားသူတိုင်းကို ချစ်ြခင်းမေတ္တာ ပြည့်လျှမ်းနေ သည့် နှလုံးသားဖြင့် ယူယ ပိုက်ထွေး ထား တော်မူ၏။ ဤအကြောင်းအရာသည် မယုံကြည်သူတို့နှင့် လုံးဝမသက်ဆိုင်ချေ။ အကြောင်းမူကား မယုံ ကြည်သူတို့၏ အမည်နာမသည် ဘုရားသခင်အတွက် လုံးဝတန်ဖိုးမရှိပါ။ ရှင်လုကာ (၁၆)တွင် မယုံကြည်သူဖြစ်သော သူဌေးကြီး၏ နာမည်ကို ဖော်ပြထားခြင်းမရှိဘဲ ယုံကြည်သူ ဆင်းရဲသား လာဇရု၏ အမည်ကို ဖော်ပြထားခြင်းမှာ စိတ်ဝင်စားခြင်းအပေါ် မူတည်၏။ လာဇရု၏ အမည်သည် ဤလောက၍ ထင်ရှားပေါ်လွင်လျက်ရှိသည်။ ထိုနည်းတူ ယုံကြည်သူ ကျွန်ုပ်တို့၏ အမည်ကို ကောင်းကင်၌ အက္ခရာတင်ထားပြီးဖြစ်၍ ထို အမည်နာမများကို ဘယ်သောအခါမျှ စာရင်းမှ ပယ်ဖျက်တော့မည် မဟုတ်ပါ။ ထိုနာမများသည် ကောင်းကင်ဘုံ၏ ထွန်းလင်းတောက်ပသော အလင်းရောင်အောက်တွင် ထင်ရှားပေါ်လွင်နေ၏။ အလင်းရောင် ထွန်းလင်းလေ ယုံကြည်သူတို့၏ အမည်နာမများ ထွန်းလင်းတောက်ပလေ ဖြစ် သည်။ အရာခပ်သိမ်းမှာ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်သကဲ့သို့ ယဇ် ပုရောဟိတ်မင်း အရှင်ယေရှုအားဖြင့် တည်ရှိနေရခြင်းလည်းဖြစ်သည်။ ကိုယ်တော်၏ ပုခုံးပေါ်၌ ယုံကြည်သူအားလုံး တစ်စုတစ်ဝေးတည်း ရှိနေရခြင်းမှာ တန်ခိုးတော်ဖြင့် ထမ်းရွက်ထားခြင်းကြောင့်ဖြစ်သည်။ ကိုယ်တော်၏ မေတ္တာ နှလုံးသားပေါ်တွင် ယုံ ကြည်သူတစ်ဦးချင်းစီ နီးကပ်စွ တည်ရှိ နေရခြင်းမှာလည်း ထာဝရမေတ္တာတော်ဖြင့် ယုယပိုက်ထွေး ထားခြင်းကြောင့်သာဖြစ်သည်။ 
 ချစ်လှစွာ စာရှုသူ ………..ကျွန်ုပ်တို့၏ တမန်တော်နှင့် ယဇ်ပုရောဟိတ်မင်းဖြစ်သော ယေရှုခရစ်အကြောင်းကို စေ့စေ့ ဆင်ခြင်ကြည့်ဖို့ ကောင်းကင်ဘုန်းစည်းစိမ်ကို အမွေခံခြင်းငှာ ရွေးကောက်ခြင်းခံရသော သန့်ရှင်း သူ ညီအစ်ကိုအပေါင်းတို့အား အလေးအနက်တိုက်တွန်း လိုပါသည်။ (ဟေဗြဲ၊ ၃)။ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် ထာဝရအမှုဆောင်ခြင်းငှာ အသက်ရှင် တော်မူ၏။ ဤသို့သော် ယဇ်ပုရောဟိတ်မင်းတို့ ကျွန်ုပ်တို့ 
အမှန်တကယ် လိုအပ်လှပေသည်။ (ဟေဗြဲ၊ ၇)။
 ဥရိမ်နှင့် သုမိမ် 
ယဇ်ပုရောဟိတ်မင်း၏ ရင်ဖုံးတန်ဆာကို အဘယ့်ကြောင့် နှစ်ထပ် ခေါက်ထား ရသနည်း။ ဥရိမ်နှင့် သုမိမ်ကို ရင်ဖုံးတန်ဆာအတွင်း၌ ထည့်သွင်းထားခြင်းကြောင့် ဖြစ်သည်။ ဥရိမ်နှင့်သုမိမ်၏ အနက်အဓိပ္ပါယ်ကား “အလင်း”နှင့်“စုံလင်းခြင်း”ဟု အနက်ရပြီး အဖိုးတန်ကျောက်မြတ်ရတနာများ ဖြစ်သည်။ တစ်စုံတစ်ယောက်၌ အလွန်အရေးကြီးသော ဆုံးဖြတ်ချက်တစ်ရပ် ချရမည့်အချိန်တွင် ဘုရားသခင်၏ အလိုတော်ကို အတိအကျ မပိုင်းခြားနိုင်ဘဲ ဖြစ်နေလျှင် ယဇ်ပုရောဟိတ်မင်းထံ သို့ လာ၍ မေးရသည်။ ထိုအချိန်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သူက ဥရိမ်နှင့်သုမိမ်ကို အသုံးပြုပြီး ဘုရားသခင်၏ အလိုတော်ကို ဖွင့်ပြရလေသည်။ ဘုရားသခင်သည် အလိုတော်သိလိုသော သူတို့ ကို ဥရိမ်နှင့်သုမိမ်တို့မှတစ်ဆင့် အဖြေပေးတော်မူ၏။ ဤနည်းအားဖြင့် အလိုတော်သိလိုသော သူသည် မိမိမည်သို့ အသက်ရှင် လုပ်ဆောင်ရမည်ကို တိတိကျကျ သိမြင်နိုင်သည့် အလင်းရရှိလာ သည်။ ယနေ့ လည်း အရာရာတွင် ကျွန်ုပ်တို့အား ဘုရားသခင်၏အလိုတော်ကို ဖွင့်ပြမည့် ယဇ်ပုရောဟိတ် မင်းတစ်ပါးပါးရှိလျှင် အလွန်ကောင်းလိမ့်မည်ဟု တွေးဆမျှော်မှန်း နေသူများ ရှိ ကောင်းရှိမည်။ သင်ကော ထိုသို့ မျှော်လင့်အားထူးဖူးပါသလား။ ယနေ့တွင်လည်း ကျွန်ုပ်တို့အား လမ်းညွှန်ပြမည့် အသက်ရှင်နေသည့် ယဇ်ပုရောဟိတ် မင်း တစ်ပါးရှိပါသည်။ သို့သော် ဤလောကတွင်ရှိနေသည် မဟုတ်။ ထို ယဇ်ပုရောဟိတ် မင်းသည် ကောင်းကင်ဘုံ၌ ရှိနေခြင်းကြောင့် ကျွန်ုပ်တို့လိုအပ်သော အကူအညီများကို ကိုယ်တော်ထံချဉ်း ကပ်ဆုတောင်းခြင်းဖြင့် ရနိုင်ပေသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် ယခုတိုင် အမှုဆောင် ပေးလျက်ရျိသည်။ မည်မျှခက်လဲ ရှုပ်ထွေးသော ပြဿနာရှိနေပါစေ။ ကိုယ်တော်ထံသို့ ကျွန်ုပ်တို့ တိုးဝင်ချဉ်းကပ်လျက် ပြဿနာဖြေရှင်းရမည့် 
နည်းလမ်း နှင့်အစွမ်းကို တောင်းခံရယူနိုင်ပါသည်။ ကိုယ်တော်သည် မိမိပိုင်ဆိုင်သော ယုံကြည်သူများအတွက် အသက်ရှင်လျက် ရှိသဖြင့် ကျွန်ုပ်တို့ စိတ်ထဲ၌ ယုံမှားသံသယဖြစ်ပြီး ဇဝေဇ၀ါ ရှုပ်ထွေးနေဖို့ ဘုရားသခင် အလိုတော် မရှိပါ။ ကျွန်ုပ်တို့၏ အခက်အခဲပြဿနာ ရှိသမျှကို ကိုယ်တော်ရှင်ထံ တင်ပြအပ်နှံပြီး အဖြေမရမချင်း ငြိမ် ၀ပ်စွာ စောင့်ဆိုင်းနေဖို့ လိုပါသည်။ အချိန်တန်လျှင် ကျွန်ုပ်တို့ သွားရမည့် လမ်းခရီးကို ကိုယ်တော် က ထင်ရှားစွာ ဖော်ပြလိမ့်မည်။
သင်တိုင်းနှင့်စပ်ဆိုင်သော ၀တ်လုံတစ်ထည်လုံးမှာ အပြာရောင်ဖြစ်ပြီး ၀တ်လုံ၏ အောက် ဘက်အနားပတ်လည်တွင် အပြာရောင်၊ မရမ်းရောင်နှင့် အနီရောင် သလဲသီးများကို တွဲလွဲဆွဲထား ၏။ သလဲသီးများအကြားတွင် ရွှေခေါင်းလောင်း လေးများကို တစ်လုံးစီခြားလျှက် ချိတ်ဆွဲထား သေးသည်။ ယဇ်ပုရောဟိတ် မင်းလှမ်းလျှောက်သွားချိန်တွင် အလွန်သာယာနာ ပျော်ဖွယ် ကောင်းသည့် ရွှေခေါင်းလောင်းသံများ ထွက်ပေါ်လာသည်။ နေရာတွင် ယုံကြည်သူများအတွက် အဓိပ္ပါယ် လေး နက်သော သွန်သင်ချက်တစ်ခု ရှိနေသည်။ ယုံကြည်သူတစ်ယောက်၏ အသက်တာတွင် သာယာ နာပျော်ဖွယ်အသံမြည်ရုံဖြင့် မလုံလောက်ဘဲ ၀ိညာဉ်အသီးသီးဖို့လည်း လိုသေးကြောင်း သွန်သင် နေခြင်းဖြစ်သည်။ ယုံကြည်သူတိုင်းသည် နှုတ်သတ္တိရှိသကဲ့သို့ လက်သတ္တိ နှင့်ပြည့်စုံရပေမည်။ အပြောသမားသက်သက် မဖြစ်စေဘဲ 
အသက်ရှင်မှုပါ ပြည့်စုံ နေရမည်။ 
ချစ်မိတ်ဆွေ- သင့်အသက်တာ၌ သာယာနာပျော်ဖွယ် အသံမြည်ပါသလား။ သို့မဟုတ် ဆူညံသံ ထွက်နေ သလား။ သင်သည် အသံမြည်ရုံသာရှိပြီး ၀ိညာဉ်အသီးကင်းမဲ့ နေသလား။ ဦးရစ်ဗောင်းထုပ် ပိတ်ချောဖြင့် ယက်လုပ်ထားသော ယဇ်ပုရောဟိတ် မင်း၏ ဗောင်းထုပ် နဖူးစည်းတွင် “ထာဝရဘုရားအား သန့်ရှင်းခြင်း” ဟု အက္ခရာရေး ထိုးထားသော ရွှေသင်းကျစ်ကို ချည်ထား၏။ အစ္စရေလ် လူမျိုးတော်သည် ဘုရားသခင်ရှေ့တော်မှောက်သို့ ၀င်ရောက်ရန် ထိုက်တန်သူများ မဟုတ်ကြသော်လည်း ယဇ်ပုရောဟိတ် မင်း၏ ရွှေးသင်း ကျစ်ထက်မှ ထာဝရဘုရားအား သန့်ရှင်း ခြင်း စာတန်းကို ဘုရားသခင် တွေ့မြင်ရသည့်အခါ စိတ်တော်တွေ့လျက် အစ္စရေးလ်လူမျိုးများကို သန့်ရှင်းသူ များအဖြစ် သတ်မှတ်ကာ ရှေ့တော်သို့ ၀င်ခွင့်ပေးတော်မူ၏။ ဤခေတ်အချိန်အခါလည်း ယုံကြည်သူ ကျွန်ုပ်တို့သည် ယဇ်ပုရောဟိတ် မင်းအရှင် ယေရှု အားဖြင့်သာ ဘုရားသခင် ရှေ့တော်၌ လက်ခံဖွယ်ရာ သန့်ရှင်း သူများ ဖြစ်လာကြသည်။ အကြောင်းမူကား “ဘုရားသခင်သည် မုသားမသုံးနိုင်သော အရာတည်းဟူသော မဖေါက် ပြန် မပြောင်းလဲနိုင်သော အရာနှစ်ပါးကို အမှီပြု၍ ကိုယ်ရှေ့၌ထားသော မျှော်လင့်ရာကို ခိုလှုံခြင်း ငှာ ပြေးသောငါတို့သည် သက်သာအားကြီးကြမည့် အကြောင်းတည်း။ ထိုမျှော်လင့်ခြင်းမူကား ကန့်လန့်ကာအတွင်း၌ချ၍ မြဲမြံခိုင်ခံ့သော စိတ်နှလုံး၏ ကျောက်ဆူးကဲ့သို့ ငါတို့၌ ရှိသနည်း။ မေလခိဇောက်နည်းတူ ထာဝရယ ပုရောဟိတ်မင်းဖြစ်သော ယေရှုသည် ငါတို့ အတွက် အရပ်ထဲသို့ ရှေ့ဆောင်၍ ၀င်သောသူဖြစ်၏ (ဟေဗြဲ ၆း၁၈-၂၀)။
|| အသန့်ရှင်းဆုံးဌာနအခန်း (၁၇)ထွက် ၂၅း၁၀-၂၂ ||
ပဋိညာဉ် သေတ္တာ 
 အသန့်ရှင်းဆုံးဌာနထဲ ၀င်ရောက်လေ့လာကြည့်ကြပါဦးစို့။ အသန့်ရှင်းဆုံးဌာနသည် အလျား(၁၀)တောင်၊ အနံ(၁၀)တောင်၊ အမြင့်(၁၀)တောင်ရှိပြီး အတွင်းရှိ အရာဝတ္ထုအားလုံးကို ရွှေဖြင့်ပြုလုပ်ထားသည်။ အခန်းဝကို ကာရံထားသည့် ကန့်လန့် ကာ၏ နောက်ကွယ်တွင် ဘုရားသခင်၏ ကျေးဇူးပလ္လင်တည်ရာ ပဋိညာဉ်သေတ္တာရှိပြီး ထိုနေရာ သည် ဘုရားသခင် ကျိန်းဝပ်တော်မူရာ အရပ်လည်းဖြစ်သည်။ ပဋိညာဉ်သေတ္တာကို သစ်သားဖြင့်ပြုလုပ်၍ အတွင်းအပြင် နှစ်ဖက်စလုံးကို ရွှေစင်အတိ ဖုံးအုပ်မွမ်းမံထားသည်။ သစ်သားကိုရွှေဖြင့် မွမ်းမံထားသော ပဋိညာဉ်သေတ္တာသည် လူ့ဇာတိ၊ ဘုရားဇာတိဖြင့် အသက်ရှင် ခဲ့သော ခရစ်တော်ကို ပုံဆောင်၏။ သေတ္တာပေါ်တွင် အလွန်ကြီးမား သော ရွှေပြားတစ်ချပ် ဖုံးအုပ်ထားပြီး ထိုရွှေပြားကို သေတ္တာအဖုံးဟုခေါ်သည်။ အလျား နှစ်တောင် ခွဲနှင့် အနံတစ်တောင်ခွဲရှိသော သေတ္တာအဖုံး၏ ဘေးတစ်ဖက် တစ်ချက်တွင် ရွှေဖြင့်ထုလုပ်ထား သော ခေရုဗိမ်နှစ်ပါး မျက်နှာချင်းဆိုင်တည်ရှိကာ သေတ္တာအဖုံးကို အတောင်ဖြင့် ဖြန့်မိုးထားကြ သည်။ ဤနေရာ၌ ဘုရားသခင် ကျိန်းဝပ် ထင်ရှားချိန်တွင် မျက်စိကျိန်းဝပ်လုမတတ် စူးရှအောက် ပြောင်သော အလင်းရောင်ထွန်းတောက်နေသဖြင့် အဘယ်သူမျှ မချဉ်းကပ်နိုင်ပေ။ ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည် အလင်းကိုမဲမှောင်နေသည့် မိုးတိမ်က ပတ်ပတ်လည် ၀န်းရံထားသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်ကို ဖူးမြင်ပြီးသော သူတစ်ယောက်မျှ အသက်ရှင်ခွင့်မရခြင်း ကြောင့် မိုးတိမ်ဝန်းရံ ထားရခြင်း ဖြစ်သည်။ (ထွ၊ ၃၃၊၂၀)။ ပညတ်တော်ကာလ၌ အသက်မရှင်ရဘဲ ကျေးဇူးတော်ကာလကျမှ ကျွန်ုပ်တို့ ယနေ့ အသက် ရှင်နေရခြင်းသည် မည်မျှ ကောင်း လေစွတကား (ရော ၆း၁၄)။ ယခုအခါ ခရစ်တော်ကို ယုံကြည် သောသူ ရှိသမျှတို့သည် မျက်နှာကို ဖုံးအုပ်စရာမလိုဘဲ သခင်ဘုရား၏ ဘုန်းတော်ကို ဖူးမြော် နိုင်ကြပြီ (၂ကော၊ ၃း၁၈)။ ပဋိညာဉ်သေတ္တာ အတွင်းရှိ အရာဝတ္ထုများ ပဋိညာဉ်သေတ္တာအတွင်းရှိ အရာဝတ္ထုများက ပဋိညာဉ်သေတ္တာသည် ခရစ်တော်ကို ပုံ ဆောင်နေကြောင်း ထင်ရှားစွာ ဖော်ပြနေပါသည်။ သေတ္တာအတွင်း၌ ပညတ်တော်(၁၀)ပါးရှိသည်။ ဤလောက၌ ခရစ်တော်ဘုရား သက်တော် ထင်ရှားစဉ်က ခမည်းတော်အား “ကိုယ်တော်၏တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာ ရှိပါ၏”ဟု လျှောက်ဆိုခဲ့၏။ (ဆာ ၄၀း၈)။ မှန်ပါသည်။ ပဋိညာဉ်သေတ္တာသည် ပညတ်တော်(၁၀)ပါးကို လုံခြုံ စွာ စောင့်ထိန်းနိုင်စွမ်းရှိသည်။ သေတ္တာအတွင်း၌ မန္နမုန့်ထည့်ထားသော ရွှေအိုးရှိ၏။ ၎င်းမန္နမုန့်သည်လည်း ခရစ်တော်ကို ပင် ရည်ညွှန်းနေ၏။ 
တစ်ချိန်က အစ္စရေးလ် လူမျိုးများသည် ကောင်းကင်မှချပေးသော 
မန္နမုန့်ကို စားသုံးမှီဝဲ၍ ကန္တာရခရီးကြမ်းနှင်ရသလို ဤလောက၌ ဧည့်သည်အာဂန္တုဖြစ်လျက် ကောင်းကင် နိုင်ငံသို့ ခရီးသွားနေကြသော 
ယုံကြည်သူ ကျွန်ုပ်တို့သည်လည်း မန္နမုန့် (၀ါ) စစ်မှန်သော အသက် မုန့်ဖြစ်သည်။ ခရစ်တော်ကို မှီဝဲစားသုံးကြဖို့ လိုသည် (ယော ၆)။ အသန့်ရှင်းဆုံးဌာနမှာ မန္နမုန့်စားသုံးမှီဝဲစရာ မလိုသည့် ကောင်းကင်ဘုံကို ပုံဆောင်၏။ 
ဤသို့ဆိုလဆင် မန္နမုန့်ကို အဘယ့်ကြောင့် ပဋိညာဉ် သေတ္တာအတွင်း၌ ထည့်သွင်းသိမ်းဆည်း ထားရသနည်း။ အကြောင်းရင်းမှာ ကောင်းကင်နိုင်ငံ ရောက်သောအခါ ဤလောက်၌ ကျွန်ုပ်တို့ အသက်ရှင် စဉ်အချိန်က ခရစ်တော်ထံမှ ခံစားရရှိခဲ့သော ၀မ်းမြောက်ပျော်ရွှင်မှု အလုံးစုံကို ပြန်လည်အောက် မေ့ သတိရရန်ဖြစ်သည်။ ပဋိညာဉ်သေတ္တာအတွင်းရှိ တတိယမြောက် အရာဝတ္ထုမှာ ဗာဒံအပွင့်ပွင့်သော အာရုန်၏ လှံတံဖြစ်သည်။ (ယော၊ ၁၇)။ 
ဗာဒံပင်မှာ ဆောင်းရာသီ ကုန်ဆုံးပြီးနောက် အစောဆုံး အပွင့်ပွင့် သော အပင်ဖြစ်သည်။ ထိုအပွင့်ပွင့်နေသော ဗာဒံပင်က ဆောင်းရာသီ (၀ါ) သေခြင်း၏ အခြားတစ် ဖက်ရှိ အသက်တာသစ်ကို ပုံဆောင်နေ၏။ ထို့ကြောင့် 
အတက် ပေါက်သော လှံတံသည် ရှင်ပြန်ထ မြောက်ခြင်းကို ဆိုလိုသည်။
 သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သော အောင်နိုင်သူ အရှင်ယေရှုသည် ယနေ့တိုင်အောင် အသက်ရှင်လျက် ယဇ်ပုရောဟိတ်မင်းအဖြစ် အမှုဆောင်နေသည်။ သေတ္တာအဖုံး ပဋိညာဉ်သေတ္တာအဖုံးမှာ ရွှေသားစစ်စစ်ဖြင့် ဖုံးအုပ်ထားသည်။ ဘုရားသခင် ကျိန်းဝပ်ရာ ပလ္လင်ဖြစ်သည်။ 
သန့်ရှင်းမြင့်မြတ်သော အနန္တတန်ခိုးရှင် ထာဝရ ဘုရားသခင် ကျိန်းဝပ်တော်မူ၏။ ယင်းပလ္လင်မှာ တရားစီရင်ရာ ပလ္လင် လည်းဖြစ်သည်။ ဤတရားပလ္လင်အောက်တွင် အစ္စရေးလ် လူမျိုးများ ဖောါက်ဖျက ကျူးလွန်ခဲ့သည့် ပညတ်တရားတော်ရှိသည်။ ဘုရားသခင်သည် အပြစ်သား တို့အလယ်တွင် ကျိန်းဝပ်၍ ကင်းလွတ်ခွင့်ရခြင်းဖြစ်သည်။ အမှန်စင်စစ် အပြစ်သားများကို ပြစ်ဒဏ်စီရင်၍ ထာဝရဖျက်ဆီးသင့်သော်လည်း ယဇ်ပုရော ဟိတ် မင်းက တစ်နှစ်တစ်ကြိမ် ဤပလ္လင်ထက်၌ အသွေးပက်ဖျန်းထားခြင်းကြောင့် ပြစ်ဒဏ်စီရင် ခြင်းမှ ကင်းလွတ်ခွင့်ရခြင်းဖြစ်သည်။ ယဇ်ပုရောဟိတ် မင်းပက် ဖျန်းသည့် အသွေးတော်မှာ ခရစ်တော်၏ စုံလင်သော ပူဇော် သက္ကာယဇ်ကို ပုံဆောင်သည်။ ဓမ္မစောင်းခေတ်က တရားစီရင်ရာ တရားပလ္လင်သည် ဓမ္မသစ်ခေတ် တွင် ကရုဏာကျေးဇူးခံစားရာ ပလ္လင်အဖြစ်သို့ ပြောင်းလဲလာသည်။ (ရော၊ ၃း၂၅)။
 ခေရုဗိမ် ဘုရားသခင် ဖန်ဆင်းထားသော သက်ရှိသတ္တ၀ါအပေါင်းတို့တွင် ခေရုဗိမ်တို့သည် ချီး မြှောက်ခြင်း အခံရဆုံးသော ပုဂ္ဂိုလ်မြတ်များဖြစ်ကာ ဘုရားသခင်၏ ပလ္လင်ကိုစောင့်ကြည့်ရသူများ လည်း ဖြစ်သည်။ ဧဒင်ဥယျာဉ်ထဲသို့ ၀င်ရာလမ်းကို ခေရုဗိမ်များက မီးစက်လက်နက် ကိုင်စွဲစောင့် ရှောက်ကြသည်။ (က၊ ၃း၂၄)။ တဲတော်အတွင်း၌ ခေရုဗိမ်တို့သည် ကျေးဇူးတော်နှင့် ဆက်နွယ်နေကြ၏။ ပဋိညာဉ်သေတ္တာ အဖုံးပေါ်တွင် အတောင်များဖြန့်မိုးလျက် အသွေးပက်ဖြန်း ထားသော သေတ္တာအဖုံးဘက်သို့ မျက်နှာမူပြီး ငုံ့ကြည့်နေကြသည့် ခေရုဗိမ်တို့၏ ရုပ်ဆင်းသဏ္ဍာန်မှာ နှစ်လိုဖွယ်ရာ ကောင်းလှပေ ၏။ ကျေးဇူးပလ္လင် ကျေးဇူးတို့၏ ယဇ်ပုရောဟိတ်မင်းကြီး အရှင်ယေရှုသည် မိမိ၏ အသွေးတော်ကို ဘုရား သခင်အထံတော်သို့ ယူဆောင်လာပြီး ကောင်းကင် ဘုံသန့်ရှင်းရာ ဌာနထဲသို့ တစ်ခါတည်း ၀င်တော်မူ၏။(ဟေဗြဲ၊ ၄း၁၄၊ ၉း၁၁-၁၂)။ ထို့ကြောင့် ကောင်းကင်ဘုံ၌ တရားစီရင်ရာ ပလ္လင် မရှိတော့ဘဲ ကျေးဇူး ပလ္လင်သာ ရှိတော့၏။ ချစ်မိတ်ဆွေ - ယခုပင် ဘုရားသခင်၏ ကျေးဇူးပလ္လင်သို့ ချဉ်းကပ်ပြီးကရုဏာနှင့် ကောင်းချီးမင်္ဂလာခံယူ၍ ၀မ်းမြောက်ရွှင်မြူးစွာ အသက်ရှင်ပါလေ။ ကျေးဇူးတော် ခံစားရာ ကာလသည် နှစ်ပေါင်း(၂၀၀၀)ရှိခဲ့ လေပြီ။ ယခုကျေးဇူး တော်ကာလ ကုန်လုနီးပြီဖြစ်၍ ခရစ်တော်တဖန် ပြန်လည်ကြွလာပြီး တရားစီ ရင်တော့မည်။ ကျေးဇူးတော်ကာလ ကုန်ဆုံးသွားပြီးနောက် သင့်အတွက် ကယ်တင်ခြင်းခံစားခွင့် မရနိုင်တော့ကြောင်း အထူးသတိပေးလိုပါသည်။ နောက်မှ ခရစ်တော်ကို လက်ခံရန် အချိန်နှောင်း သွားပြီဖြစ်၍ သင်နှင့်တကွ နောင်တမရ သောသူ 
ရှိသမျှတို့ ရင်ဆိုင်ရမည့် ပလ္လင်မှာတရားပလ္လင်သာ ရှိတော့မည်။ သေလွန်သောသူ အကြီးအငယ်ရှိ သမျှတို့သည် ပလ္လင်ဖြူကြီးရှေ့၌ ရပ်လျှက် တရားစီရင်ခြင်း ခံရမည် (ဗျာ၊ ၂၀း၁၁-၁၅)။ ပလ္လင်ဖြူရှေ့၌ ရပ်နေသူတစ်ဦးတစ်ယောက်မျှ အပြစ်ခွင့်လွှတ်ခြင်း ခံရ တော့မည် မဟုတ်ချေ။ ကျေးဇူးပလ္လင်သို့ 
မချဉ်းကပ်သောသူ မှန်သမျှသည် ကြောက်မက်ဖွယ်ရာ ပလ္လင်ဖြူကြီးရှေ့တွင် ရပ်ကြရပြီး မိမိတို့အသီးသီး ကျူးလွန်ခဲ့သော အပြစ်နှင့်အညီ တရားစီရင် ချက်ကို ကိုယ်တိုင်ကြားနာကြရလိမ့်မည်။ ဤမြေပေါ်တွင် အသက်ရှင်ခဲ့စဉ်က ဘုရားသခင်၏ ကယ်တင်ခြင်း ကျေးဇူးကို ငြင်းပယ်ခဲ့သူတို့သည် ကန့်နှင့်မီးလောင်ကျွမ်းနေသော မီးအိုင်ထဲသို့ ပစ်ချခြင်း ခံရလိမ့်မည်။ ငရဲထဲ ပစ်ချခံရလျှင် ဘုရားသခင်အပေါ် သင်အပြစ် တင်စရာအကြောင်း လုံးဝမရှိပါ။ ဘုရား သခင်က ကြီးများလှသော မေတ္တာ ကရုဏာဖြင့် လူသားတိုင်းကို ကယ်တင်ခြင်း ရစေလိုသော ကြောင့် ကျေးဇူးတော် တံခါးကို ကြာမြင့်စွာ ဖွင့်ထားသော်လည်း လူသားများက ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံဘဲ ငြင်းပယ်ခဲ့သဖြင့် “ဘယ်သူမပြု မိမိမှု” စကားရှိသည့်အတိုင်း မိမိတို့ ကံကြမ္မာကို မိမိတို့ ဖန်တီးခြင်းသာ ဖြစ်ပေသည်။ ပြစ်ဒဏ်ခံရာအရပ်သည် ထာဝရငိုကြွေးခြင်း၊ အံသွား ခဲကြိတ်ခြင်းဖြင့် ဝေဒနာခံစားရာ အရပ်ဖြစ်၏။ ထိုနေရာသို့ ရောက်သောသူအဖို့ ၀မ်းနည်းကြေကွဲ၍ ဆုံးနိုင်မည် မထင်။ 
စာရှုသူ မိတ်ဆွေ - --။ 
သင်သည် ရွှေအိမ်တော်၏ အပြစ်ဘက် မှောင်မိုက် ဒုစရိုက်ထဲတွင် ရှိနေသူဖြစ်ကြောင်း ၀န်ခံလျက် နောင်တနှလုံးသားဖြင့် ဘုရားသခင်အထံတော်သို့ ယခုပင် ချဉ်းကပ်လျှင် ကယ်တင် ခြင်းခံရပြီး ငရဲကျမည့်အဖြစ်ဆိုးကြီးမှ ကင်းလွှတ်ရလိမ့်မည်။ သင်နှင့်လူသား ရှိရှိသမျှတို့ ကယ်တင်ခြင်းရလျှက် ထာဝရပျော်ရွှင်ခြင်းဖြင့် အသက်ရှင်ဖို့ ဘုရားသခင် အလိုရှိသည်။ ဤလိုလား တောင့်တမှုသည်ပင် ကျွန်ုပ်တို့၏ ဆန္ဒ၊ ကျွန်ုပ်တို့၏ ရည်မှန်းချက် ဖြစ်သည်။ ရွှေအိမ်တော်သို့ ကြွလှမ်းခဲ့ပါ အခန်း (၁၈) မ၊ ၁၁း၂၈၊ ၂ ကော ၆း၂ ကျွန်ုပ်တို့အယောက်တိုင်းသည် အိမ်တော်၏အပြင်ဘက်၌ ရှိပြီး ဘုရားသခင်နှင့် ဝေးကွာနေ သော အပြစ်သားများ ဖြစ်ကြ၏။ ဘုရားသခင်အား ရန်ဖက်ပြု နေသူ များလည်း ဖြစ်ကြသည်။ ကျွန်ုပ် တို့အယောက်တိုင်း၌ အလွန်ကြီး လေးလံသော အပြစ်ကြွေးရှိသောကြောင့် ထာဝရမှောင်မိုက်အရပ် တွင် ကြေကွဲဖွယ်ရာ အဖြစ်ဆိုးကြီးနှင့် ကြုံတွေ့ရမည့်သူများ ဖြစ်ကြသည်။ သို့ရာတွင် ကျွန်ုပ်တို့အတွက် အရှင်ယေရှုတည်းဟူသော တံခါးပေါက်တစ်ပေါက် ဖွင့်ထား လျက်ရှိသည်။ ထိုဖွင့်ထားသော တံခါးပေါက်မှ အိမ်တော်အတွင်းသို့ ကျွန်ုပ်တို့ ၀င်ရောက်လာသော အခါ ကြေးဝါယဇ်ပလ္လင်ကို ပထမဦးဆုံး တွေ့မြင်ရသည်။ ယဇ်ပလ္လင်ကို မြင်သည်နှင့် မိမိ၏တစ်ပါး တည်းသော သားတော်ရင်းကို မနှမြောဘဲ ကားတိုင်ထက်၌ ကျွန်ုပ်တို့ကိုယ်စား အသေခံစေသည် အထိ ကျွန်ုပ်တို့ကို ချစ်တော်မူသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ကြီးမားလှပုံကို နားလည်ခံစား ရသည်။ ထို ယဇ်ပလ္လင်၌ ဘုရားသခင်နှင့် ကျွန်ုပ်ကိုရန်ငြိမ်းလျက် ငြိမ်းချမ်းစွာ မိတ်သဟာယ ဖွဲ့ခွင့်ရ လာသည်။ တဖန် အင်တုံသို့ ဆက်လက် ချဉ်းကပ်ပြီးမှ အိမ်တော်အတွင်းပိုင်းသို့ ၀င်ရောက်ရသည်။ ကျွန်ုပ်တို့ တွေးဆမျှော်လင့်ထားသည်ထက် သာလွန်ထူးမြတ်သော အရာများ ရွှေအိမ်တော် အတွင်း၌ ရှိနေသည်။ ရွှေ မီးခုံ၊ ရွှေ စားပွဲနှင့် ရွှေယဇ်ပလ္လင်တို့တွင် အရှင်ယေရှု၏ ကြွယ်ဝသော ဘုန်းအသရေ စည်းစိမ်များကို တွေ့မြင်ရလေသည်။ ကန့်လန့်ကာကို ဖြတ်ကျော်လိုက်သည်နှင့် ဘုန်းတော်ရောင်ခြည် ၀န်းရတောက်ပနေသော ဘုရားသခင် ကျိန်းဝပ်ရာ ပလ္လင်ရှိသည်။ ဤနေရာတွင် လူသားများကို ဘုရားသခင်နှင့်အတူ ရှိစေလို၏။ သာယာချမ်းမြေ့ဖွယ်ရာ ဤအရပ်သည် ကျွန်ုပ်တို့၏ဘူမိနက်သန် နေစရာအိမ်ဖြစ်သတည်း။ ကျွန်ုပ်တို့ လူသားတိုင်းကို ဤနေရာမျိုး၌ ဘုရားသခင် နေစေချင်လှသည်။ ဤအကြောင်း အရာများသည် သင့်အတွက် စိတ်ကူးယဉ် အိမ်မက် (၀ါ) ဒဏ္ဍာရီပုံပြင် ဆန်လှသည်ဟု ထင် ကောင်းထင်မိလိမ့်မည်။ ဖြစ်နိုင်ဖွယ်ရာ မရှိဟု အလျင်စလို မဆုံးဖြတ်သင့်ပါ။ အမှန်တကယ် ယုံကြည်ခြင်းဖြင့် မျှော်လင့်မည်ဆိုပါက များမကြာမီ အချိန်အတွင်း ကျွန်ုပ်တို့ကိုယ်တိုင် မျက်ဝါး ထင်ထင် တွေ့မြင်ခံစားရလိမ့်မည်။ ဘုရားရှင်၏ ချစ်ခြင်းမေတ္တာသည် တုဖက်ကင်းသော မေတ္တာပါတကား။ ကျေးဇူးတော်သည် လည်း တိုင်းဆနှိုင်းမရလောက်အောင် ကြီးမားလှပေစွ။ ဤအမူအရာ အားလုံး ကို ပြီးပြည့်စုံအောင် ဆောင်ရွက်ခဲ့သော ဘုရားသခင်၏ သားတော်သည် အံ့သြဖွယ်ရာ ပုဂ္ဂိုလ်ဖြစ်သတည်း။ အဘယ်မည်သောသူသည် ကိုယ်တော်နှင့် တူနိုင်အံ့နည်း။ ဤအမှုအားလုံးကို ပြီးပြည့်စုံစေ ခဲ့သည့် အရှင်က “ငါသည် အလျင်အမြန် လာမည်၊ မှန်ပေ၏” ဟု အသက်သေခံထား၏။ ယုံကြည်သူများကို ကောင်းကင်အိမ်တော်သို့ သိမ်းဆည်းရန် ကိုယ်တော်ရှင် ကြွလာသော အခါ ကုဋေသင်္ချေမကသော ရွေးနှုတ်ခြင်းခံရသူတို့သည် ကောင်းကင်ဘုံ သန့်ရှင်းရာအရပ်တွင် ချီး မွမ်းတေး ထာဝရသီဆိုကြလိမ့်မည်။ စောင်းတီးလျက် အလွန်သာယာနာပျော်ဖွယ်ကောင်းပြီး ခံ့ညားထယ်ဝါသောအသံဖြင့် ဂုဏ်တော်ချီးမွမ်းကြလိမ့်မည်။ ကျွန်ုပ်တို့ကို ချစ်တော်မူ၍ မိမိအသွေးတော်ဖြင့် အပြစ်များကို ဆေးကြောပေးရုံမျှမက ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တော်၌ ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ် အရာ၌လည်း ကောင်း၊ ခန့်ထားတော်မူသော ကိုယ်တော်ရှင်သည် ကမ္ဘာ အဆက်ဆက် ဘုန်းကြီး၍ မင်္ဂလာရှိပါ စေသော။ အာမင်။ 
ချစ်မိတ်ဆွေ - ကောင်းကင်ဘုံ အိမ်တော်၌ သင်ဧကန်မုချ ၀င်စားရမည်ဟု ယုံကြည်စိတ်ချ နိုင်ပြီလား။ ယုံကြည်သူများကို သိမ်းဆည်းရန် ကိုယ်တော်ရှင် ပြန်လည်ကြွ လာသောအခါ သင်လည်း ကျွန်ုပ် တို့နှင့်အတူ လိုက်ပါလိုပါသလား။ ကာင်းကင်ရွှေပြည်သို့ ရှေ့ရှုလျှောက်လှမ်းနေသူ၏ အသက်တာသည် အဘယ် မျှလောက် ၀မ်းမြောက်ကြည်နူးဖွယ် ကောင်းလေစွ။ သင်လည်း ကျွန်ုပ်တို့နှင့်အတူ လိုက်ပါနိုင်သည်။ သင့်အား လှိုက်လှဲပျူငှာစွာ ဖိတ်ခေါ်ပါသည်။ မေတ္တာတော်ရှင် ဘုရားသခင်က “၀န်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်” ဟု ယနေ့တိုင် စိတ်ရှည်စွာ ဖိတ်ခေါ်နေပါသည်။(မ၊၂၂း၂၈)။ “ယခုပင် နှစ်သက်ဖွယ်သော အချိန်ရှိ၏။ ယခုပင် ကယ်တင်ရာ နေ့ရက်ကာလ ဖြစ်၏” (၂ကော ၆း၂)။ ယခုပင် လှမ်းခဲ့ပါ အသင်ချစ်မိတ်ဆွေ။ By – Zaw Kun