၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ၂ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက် သည်လည်း လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ။ ၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။ ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။ ၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ ၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။ ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။ ၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ !

Tuesday, 17 July 2018

"အသင်းတော် ကို တည်ဆောက်ခြင်း"

အသင်းတော် တည်ဆောက်ခြင်းသည် အသင်းတော် ထောင်ခြင်းကို မဆိုလိုပါ။ ခရစ်တော်၏ ခန္ဓာကိုယ် ဖြစ်သည့် အသင်းတော်ကို ဆောက်တည် ခြင်း ဖြစ်သည်။ ထိုသို့ ဆောက်တည် ရာ၌ ခန္ဓာကိုယ် အင်္ဂါဝင် အသီးသီးသည် အဓိက အရေးပါသော သူများ ဖြစ်ကြသည်။ ထိုသို့ဆိုသော် တဦးချင်းစီသည် ယဇ်ပရောဟိတ် မင်း ဖြစ်သည်ကိုသိမြင်ပြီး ခရစ်တော် ထဲမှ အသန့်ရှင်းဆုံး အခန်းထဲသို့ ဝင်သော ယဇ်ပရောဟိတ် မင်းများ ဖြစ်ဖို့ လည်း လိုသည်။ ယဇ်ပရောဟိတ်မင်း များသည် ကြေးဝါ ရေအင်တုံ နှင့် ဆက်ဆံ ဖြေရှင်းပြီးသော သူများ ဖြစ်ရမည်။ ထို အဆင့်ကို မဖြတ်သန်းဘဲ ယဇ်ပရောဟိတ်မင်း ဖြစ်ခွင့် မရရှိနိုင်ပေ။ သို့ဖြစ်လျင် ထိုသို့သော သူများသည် အသင်းတော်ကို ဆောက်တည် ပေးနိုင်သောသူ မဖြစ်နိုင်ပေ။ တနည်းအားဖြင့် ဘုရားသခင်၏ ဘိသိတ်ဆီ လူးခြင်း မရရှိသောသူများဟုလည်း ဆိုနိုင်သည်။ မည်မျှပင် ဦးဆောင်သောသူ အဖြစ် မိမိကိုယ် မိမိ ခံယူစေကာမူ ဘုရားရှေ့တော၌ ရွံရှာဖွယ် ကောင်းသောသူ ဖြစ်မည်ကို သတိချပ်သင့်သည်။ ကြေးဝါ ရေအင်တုံ နှင့် ဆက်ဆံ ဖြေရှင်းခြင်း ဆိုသည်မှာ မိမိ၏ ဇာတိ ခံယူချက် လူဟောင်း စိတ်ထား ဖြစ်သည့် မာနထောင်လွှားခြင်း ကင်းသော၊ ကလေးသူငယ်ကဲ့သို့ မိမိကိုယ် မိမိ ဗလာနတ္တိ သက်သက် ဖြစ်ကြောင်း သိမြင်ဝန်ခံသော အသက်တာ ရှိသူ၊ သွန်သင်ခံယူလိုသော စိတ်ထားရှိသူ ဖြစ်ဖို့လိုသည် ဟု ဆိုလိုသည်။ ထိုကဲ့သို့သောသူသည် အသင်းတော် အသက်တာထဲ၌ ထောင်လွှားခြင်း ကင်ပြီး၊ နှိမ့်ချသော စိတ်သဘော ရှိလျှင် အဘယ်ကဲ့သို့သော အမှုအရာ၌မျှအငြင်းပွားခြင်း၊ ငြူစူခြင်း၊ စောင်းမြောင်း ပြောဆိုခြင်း မရှိဘဲ တဦးကို တဦး ဘုရားမေတ္တာ စီးဆင်းလျက် အချင်းချင်း တည်ဆောက်နိုင်ကြပေမည်။ ခရစ်တော်၏ ရှင်သန်ခြင်း အသက် ရှိနေသော အသင်းတော်၌ ချစ်ခြင်း နှင့် ဝမ်းး မြောက်ခြင်းမှ အပ အခြားသော အရာ မရှိပေ။ တဦးချင်း မိမိအသက်တာ ကို ကိုယ်တိုင် စမ်းစစ် အသက်မရှင်လျှင် ထာဝရ ကာလထဲ၌ မိမိထင်သလို ဖြစ်မလာသည့်အခါ လွန်စွာ ကြေကွဲရမည်ကို ယခု သိမြင်နောင်တ ရသာသူသည် မင်္ဂလာရှိပေသည်။ ဘုရားရည်ရွယ် ထားသော ယဇ်ပရောဟိတ် မင်းများ ဧကန်အမှန် ဖြစ်ကြပါစေသော။

" Correction Vs. Condemnation" သွန်သင်ပေးခြင်း vs အပြစ်တင်ရှုံ့ချခြင်း)

Correction သည် ပြုပြင် စေဖို့ သွန်သင်ပေးခြင်း ဖြစ်ပြီး၊ Condemnation သည် အပြစ်တင် ရှုံ့ချခြင်းဖြစ်သည်။ ယနေ့ ခရစ်ယာန် များစွာတို့သည် ခံယူချက်လွဲ မှား စွာဖြင့် အသက်ရှင် နေကြသည် ကိုတွေ့ရသည်။ အထူးသဖြင့် အနှုတ်လက္ခဏာ ခံယူသူများနှင့် မိမိကိုယ် မိမိ မကောင်းဟု ဝန်မခံလိုသောသူများ ၌ ထို အရာကို ပိုမိုတွေ့မြင်ရသည်။ ဥပမာ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူ၏ ပြုပြင်ဖို့ လိုသည့် နေရာကို ထောက်ပြပြီး ပြင်ဆင်စေဖို့ သွန်သင်ပေးသည့်အခါ သတိမူမိပြီး ပြင်ဆင် ဖို့ သတိပေးနေတာပါလားလို့ မခံမယူ ၊ဘုရားသခင်က ကိုယ့် အနားမှာ ကိုယ်တိုးတက်စေဖို့ ကိုယ့် လင်ယောက်ကျားအဖြစ် ထားထားတာ ဘုရားကို ကျေးဇူးတင်တယ်လို့ မခံယူတတ်ဘဲ၊ အနှုတ်သဘော ဖြစ်တဲ့ ငါ့ကို ဘဲ အပြစ်မြင်ပြီး ပြောနေတယ်လို့ စတင် ခံယူ နှလုံးသွင်းခြင်းဟာ၊ ဘုရားရဲ့ ကျေးဇူးပြု ပေးနေခြင်းကိုလဲ မမြင်တတ်၊ ခံယူပြောင်းလဲဖို့လဲ မရှိဘဲ မိမိဆုံးရှုံးခြင်းဖြင့်သာ အသက် ရှင်နေရသည်ကို မမြင်ကြပေ။ ထိုကဲ့သို့ အိမ်ထောင်များနှင့် ချစ်သူဘဝ ရှိသူများ အထူးသတိပြုစေလိုတယ်။ ယောက်ကျား မကောင်းရင် ဘုရားကိုယ်တိုင် ဆုံးမမှာဖြစ်တယ်။ ယောက်ကျားမကောင်းလို့ မိန်မက လင်ကို ဆုံးမ ရတယ်လို့ မဖြစ်သင့်ဘူး။ ယောက်ကျားသည် ဘုရားပြီးရင် အိမ်ထောင်မိသားစုရဲ့ ဦးခေါင်းဖြစ်တယ် ဆိုတာ လူကြားကောင်းအောင် ပြောဆိုပြီး မချေမငန် ပြန်ပြောခြင်းများ ပြုလုပ်ခြင်းမျိုးမှ ရှောင်ကျင်သင့်သည်။ မိန်းမ ဖြစ်သူရဲ့ နှိမ်ချခြင်း မေတ္တာဖြင့်သာ မိုက်မဲသော လင်ယောက်ကျား ကို ဘုရားက ပြောင်းလဲ စေမှာဖြစ်တယ်။ ပြုပြင်စေဖို့ ပြောဆိုခြင်းကို condemnation ဆိုတဲ့ အပြစ်တင်စီရင်သည် ဟု ယူဆကာ ယေရှု အသွေးနဲ့ ချေဖျက်တယ်၊ တားဆီး တယ်၊ စသဖြင့် ရွတ်ဆိုပြီး correction ပြုပြင်ဖို့ မစဉ်းစားဘဲ နေခြင်းဟာ ခရစ်ယာန် တို့၏ မိုက်မဲခြင်း ဖြစ်သည်။ တကယ်တမ်းပြောရရင် negative အမြင်ဖြင့် ခံယူခြင်းသည် မေတ္တာ မပါသော တုန့်ပြန်ခြင်း၊ မိမိ အလို ဆန္ဒ တခုတည်းကိုသာ ရှုမြင်ပြီး ကိုယ့် ရဲ့စိတ် ခံစားချက် ထဲမှာ ဘဲ အသက်ရှင်ခဲ့လို့ ဖြစ်တယ်။ ဒီလို negative မျိုးစေ့ကို မိမိနှလုံးသားထဲ မျိုးကြဲနေခြင်းကြောင့် မိမိအသက်တာ၌ တောပင်ပေါက်နေတာဖြစ်တယ်။ positive ခံယူခြင်းက အကောင်းမြင်တဲ့ ကောင်းသောမျိုးစေ့ဖြစ်လို့ ခရစ်တော်ရဲ့ စိတ်သဘောရှိသူ ဖြစ်လာတယ်။ အကယ်၍ တဘက်လူက ကိုယ့်ကို condemnation အဖြစ်ပြောလာသည့်တိုင်အောင် ခံယူသူက positive အမြင်၊ ဘုရားထဲမှာ အသက်ရှင်သူဖြစ်ရင် correction အဖြစ် ခံယူလိုက်ခြင်းအားဖြင့် မိမိ အသက်တာထဲ တည်ဆောက်စရာ၊ အသက်ရှင်ခြင်းနှင့် တကွ တိုးတက်ခြင်းကို ခံစားရမည် ဖြစ်သည်။ correction အလုပ်ခံသူ၌ နှိန်ချသော စိတ်သဘော ကိုတွေ့ရပြီး condemnation ဟု ခံယူသူ၌ မာန နှင့် တကွ မိမိကိုယ် မိမိ ဘုရားထဲ ရှိနေသယောင် လှည့်စားခံနေရသည်ကို သတိရှိပါ။ correction အလုပ်မခံဘဲ အသွေးတော်နဲ့ ကွယ်ကာတယ်၊ ဆေးကြောတယ်လို့ ဘယ်လောက်ပြောပြော အဟောင်းနဲ့ မကောင်းတာက ထိုသူထဲက ထွက်မသွားပါဘူး။ correction လုပ်ခံလိုသူ ပြုပြင်ခံသူ၌ မူကား ဖွင့်ပြ သွန်သင် ပေးလို၊့ မြင်တွေ့ခွင့် ရလို့ ကျေးဇူးတော်ချီမွမ်းခြင်း နှင့်တကွ ထိုအားနည်းချက်ကို အသွေးတော်နဲ့ ဆေးကြောသန့်စင်ပေးလို့၊ ကျေးဇူးတင်ခြင်း များဖြင့် အသက်တာ၌ အမှန်တကယ် တိုးတက်ခြင်း သန့်စင်ခြင်း ဖြစ်လာတာကို တွေ့မြင်ရတယ်။ ထို့ကြောင့် ညီအကိုတို့ Correction နဲ့ Condemnation ကို နားလည်ပြီး အပေါင်း လက္ခဏာ အမြင်ဖြင့် ပြုပြင်ခံလိုသော နှလုံးသားဖြင့် ခံယူတတ်သောသူများ ဖြစ်ကြပါစေ။

|| ဘုရားဆိုင်ရာ ရူပါရုံ ||

 ခရစ်ယာန် တဦးသည် "ဘုရားဆိုင်ရာ" ရူပါရုံ ကို မှန်ကန်စွာ သိမြင်ဖို့ လိုပေသည်။ တနေ့က မျိုးစေ့ အကြောင်း ရေးသားပြီးဖြစ်သည်။ မျိုးစေ့တစေ့ မှ ထမ်မံ ပွားများလာသော အသီးများစွာသည် ထို မျိုးစေ့၏ အသွင် သဏ္ဍာန် တူညီယုံမျှမက အသီး အတွင်း ရှိ အသက် သည်လည်း ထို မျိုးစေ့၏ အသက်နှင့် ထပ်တူထပ်မျှ ဖြစ်ပေသည်။ ထို့ကြောင့် ယေရှုခရစ် ပျက်စီးအသေခံပြီး ရှင်ပြန်ထမြောက်သော အသက် အားဖြင့် ခရစ်တော် ထမြောက်လာသည့် အထဲ၌ အသီးများစွာကို သီးစေလိုက်သည့် အတွက် လက်ခံယုံကြည်သူများသည် လည်း ထို ထမြောက်ခြင်းနဲ့ အတူ တပြိုင်နက်တည်း ထွက်ပေါ်လာရသည်။ ထို့ကြောင့် ခရစ်တော်သည် ဘုရားဖြစ်သောကြောင့် ကျွန်ုပ်တို့အထဲ၌လည်း ထိုဘုရား၏ အသက်ကို သယ်ဆောင်လျက် ထွက်ပေါ်လာရသည်။ သရက် မျိုးစေ့ မှ အပင်ပေါက် အသီးသီးလျင် သရက်သီး သာ သီးလာမည်။ သရက်မျိုး ဖြစ်သကဲ့သို့ ခရစ်တော် ဘုရားထဲမှ ထွက်ပေါ်လာသော သူသည် ခရစ်တော် မျိုး ဖြစ်သည်။ ကျွန်ုပ်တို့ ဘိုးဘေးမိဘ ပထမ အာဒံမှ မွေးလာသော သူများသည် ပထမမွေးခြင်း ဇာတိပကတိ လူ ရုပ်ခန္ဓာ အဖြစ် နှင့် လောကထဲ ရောက်လာကြသူများဖြစ်ကာ အပြစ် ဗီဇ ပါရှိလာသောသူ အားလုံးဖြစ်ကြသည်။ ထို့နောက်မှ လူသည် နှုတ်အပတ်တော်ဆိုသည့် အသက်စကားကို ကြားသိ ပြီး ခရစ်တော်ကို လက်ခံ လိုက်သည်နှင့် ထိုသူသည် ခရစ်တော်အထဲမှ ဝိညာဉ်တော် အားဖြင့် ဒုတိယ အကြိမ် တဖန် မွေးဖွားလာရသည်။ ထိုသို့ ဝိညာဉ်တော် အားဖြင့် မွေးဖွားလာသူကို နှုတ်ကပတ်တော်ရေဖြင့် သန့်စင်စေပြီး လူ၏ ဝိညာဉ် တဖန်မွေးဖွားလာသည်။ ထိုအခါ လူသည် ရေနှင့် ဝိညာဉ်တော် အားဖြင့် ဒုတိယမွေးဖွားခြင်းကို ခံရသည်။ ထိုသူများသာ ကောင်းကင် နိုင်ငံကို ဝင်စားနိုင်သည်။ ပထမမွေးခြင်းသည် ဇာတိပကတိ အားဖြင့် ဖြစ်တည်လာသောကြောင့် ပုတ်ပျက်ခြင်း သဘောရှိသည်။ ဒုတိယမွေးခြင်းသည် ဝိညာဉ်ပကတိဖြင့် မွေးဖွားလာသော သူ ဖြစ်ပြီး ဝိညာဉ်ဖြစ်၏။ ထိုဝိညာဉ်သည်သာလျှင် အသက်ရှင်ခြင်း အကြောင်းဖြစ်၏။ ထိုအသစ်မွေးဖွားလာသော လူ၏ဝိညာဉ် ထဲ၌ ခရစ်တော်၏ အသက် ဝိညာဉ် အတူပါရှိလာသည်။ ထိုအခါ ဖန်ဆင်းခံ လူဖြစ်သော ကျွန်ုပ်တို့ အထဲ ဖန်ဆင်းရှင် ခရစ်တော်၏ အသက် ရရှိလာသောကြောင့် ဘုရားမျိုးနွယ်၊ မင်းမျိုး ဖြစ်လာရသည်။ ယဇ်ပရောဟိတ်မျိုးလည်း ဖြစ်သည်။ ထိုအသက်အားဖြင့် ကျွန်ုပ်တို့ အသက်ဆက်သည့်အခါ ကောင်းသော စပြစ်ပင်၌ စိုက်တည်သော စပြစ်နွယ်များ ဖြစ်စေလိုက်တယ်။ ထိုအခါမှသာ စပြစ်ပင် အတွင်းမှ အဟာရ ကြောင့် စပြစ်နွယ်မှ အခက်အလက်ဝေဆာ ပြီး စပြစ်သီး သီး လာရသကဲ့သို့ ကျွန်ုပ်တို့ ဝိညာဉ်ထဲရှိ ခရစ်တော်၏ အတွင်း အသက်မှ စီးဆင်းထွက်လာသော အဟာရအသက် က ကျွန်ုပ်တို့၏ စိတ် နှင့် ခန္ဓာကိုယ်ကို အသက်ရှင်ခြင်း လက္ခဏာ ဖြစ်သည့် ဝမ်းမြောက်ခြင်း၊ ချစ်ခြင်း၊ ကျေးဇူးပြုခြင်း၊ သနားခြင်း ဂရုဏာ စသဖြင့် အသီးများ ထွက်ပေါ်လာစေမည်ဖြစ်သည်။ ထို အရာများသည် ကျိုးစား ကျင့်ကြံ ခြင်းအားဖြင့် ထွက်ပေါ်လာခြင်း မဟုတ်ဘဲ အတွင်းရှိ ခရစ်တော်၏ အသက်ရှင်စေသော ဝိညာဉ်တော် အားဖြင့် ထွက်ပေါ်လာသည့် အသက်ရှင်ရာ အကြောင်းများ ဖြစ်သည်။ ထိုသို့ လူအထဲ ဘုရားဖြစ်အင် တစတစတိုးလာခြင်း ဖြင့် ဘုရား နှင့် တညီ တသဏ္ဍာန် တည်း ဖန်ဆင်းထားသော လူထဲသို့ ဘုရားကိုယ်တိုင် ဘုရားအသက်နှင့် ဘုရားသဘာဝကို ထည့်သွင်းပေးနေခြင်းဖြစ်သည်။ ဘုရားသည် လူတို့ အပြစ်လွှတ်စေရန် အဖို့ အလို့ငှာ အသွေးသွန်း ရွေးနှုတ် ကယ်တင်ပြီးနောက် ထမြောက်ခြင်း အကြောင်းဖြင့် လူကို သေခြင်းနှင့် အစဉ် ကင်းလွတ်စေရုံမျှ မက အထူးသဖြင့် ဘုရား၏ အသက်နှင့် ပြည့်စုံစေဖို့ ခရစ်တော် ကြွလာရခြင်းဖြစ်သည်။ ထို ဘုရားဆိုင်ရာ အားလုံး ကျမ်းစာ၌ ဖေါ်ပြထားသည်များကို မြေကြီး ခန္ဓာ လူအထဲ တည်ရှိလာဖို့ ဖြစ်သည်။ ထိုသူများ မြေပေါ် အတူတည်ရှိ လျင် အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံမည် ဖြစ်သည်။ ခရစ်တော် ကြွလာရခြင်းသည် လူ၌ ဘုရားဆိုင်ရာ ရရှိစေဖို့ဖြစ်သည်။ ဤသည်မှာ ကောင်းကင် နိုင်ငံတော် နှင့် ယှဉ်သော ဧဝံဂေလိ တရားဖြစ်သည်။ ကျွန်ုပ်တို့သည် ယနေ့ လူတို့ဝမ်းမြောက်စရာ ထို အမှုကို ကြားပြော နေရတာဖြစ်တယ်။ ထိုသို့ ကြားပြောသော သူတို့၏ နှုတ်သည် မင်္ဂလာ ရှိသည်။ ထိုသူတို့၏ ခြေသည် တင့်တယ်ခြင်း ရှိသည်။ ဟာလေလုယာ||

"နောက်ဆုံး အာဒံ"

ကျွန်ုပ်သည် ပထမ အာဒံ ထက် နောက်ဆုံး အာဒံ ကို သာ၍ သဘောကျသည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးသော အာဒံ၌ နက်နဲခြင်း များစွာ ရှိသည်။ ထို နောက်ဆုံး သော အာဒံ ၏ နက်နဲခြင်း များကြောင့် ယနေ့တိုင် လူများစွာ ဝိရောဓိ ဖြစ်နေကြဆဲ ဖြစ်သည်။ လောကထဲ၌ အဘယ်မည်သော ဘုရားမျှ ပုဂ္ဂိုလ် သုံးပါး တစ်ဘုရား ဖြစ်ခြင်း ဟု မကြားဘူးပေ။ ထိုနက်နဲ ဆန်းကျယ်သော ဘုရား ရဲ့ ဖြစ်ခြင်းကို နောက်ဆုံးသော အာဒံ အထဲ၌ တဖန် ရှိနေပြန်သော အခါ သာ၍ နက်နဲ ဆန်းကျယ် ရုံမျှ မက အလျား၊ အနံ၊ အမြင့်၊ အနက် တိုင်းတာ၍ မရနိုင်ခြင်း များ လည်း ထို နောက်ဆုံးသော အာဒံ၌ ရှိနေပြန်သည်။ ကျမ်းစာ၌ အာဒံ ဟု သုံးနှုန်း ထားခြင်းမှာ ဖန်ဆင်းခံ ဖြစ်သော လူသား ဟု ပြောနေခြင်း ဖြစ်သည်။ ကျမ်းစာထဲ၌ လူအာဒံ နှစ်ယောက်ရှိသည်။ ပထမ ဖန်ဆင်းခံ လူအာဒံ ၏ ဘုရားစကားကို နာမခံ ခြင်းကြောင့် ကျရှုံး ပျက်စီးသွားသည့် ဖန်ဆင်းရှင် ဘုရား၏ ရည်ရွယ်ချက်ကို ပြန်လည် ရရှိဖို့ရန် ဒုတိယ နှင့် နောက်ဆုံး ဖြစ်သော ဘုရားစကားကို နာခံ မည့် လူအာဒံကို တဖန် ပြင်ဆင် ဖန်ဆင်း ရပြန်သည်။ ထိုနောက်ဆုံး ဖန်ဆင်းခံ အာဒံ၏ နက်နဲခြင်း ဖြစ်သော ဖန်ဆင်းခံ လူအထဲ ဖန်ဆင်းရှင် ဘုရား ရှိနေခြင်း ပင် ဖြစ်သည်။ ပထမ အာဒံ ကျရှုံး ရခြင်းမှာ ဖန်ဆင်းခံလူ အထဲ ဘုရားအသက် ရယူခြင်း မရှိသောကြောင့် ဖြစ်သည်။ နောက်ဆုံးသော အာဒံ အထဲ၌ ဘုရားရှိ နေရုံမျှ မက ဘုရားကို လုံးလုံး လျားလျား အသက်ပေးရှင် ထားခြင်း အားဖြင့် နောက်ဆုံးသော ဖန်ဆင်းခံ လူ အာဒံ သည် စာတန်၊ လောက အပြစ် နဲ့ သေခြင်း ကို အောင်မြင်ကြောင်း လောကထဲရှိ လူသားအားလုံး နှင့် စာတန်ကို သက်သေပြခဲ့သည်။ ကျမ်းစာက လူသည် ဘုရား အသက်နှင့် ရှင်ပါက စာတန်၊ လောက နှင့် အပြစ်တို့ကို အောင်မြင် နိုင်ကြောင်း ယုံကြည် စေဖို့ ဖြစ်သည်။ သို့ဖြစ်လျင် တရားအားဖြင့် မအောင်မြင်နိုင်ဘဲ ဘုရား အသက် အားဖြင့်သာ အောင်မြင်နိုင်ကြောင်း မြင်တွေ့စေသည်။ ထို့ကြောင့် နောက်ဆုံးသော အာဒံ ဖြစ်သည့် ယေရှု ဆိုသည့် ဘုရား၏ သားတော် ခရစ်တော် ၏ အသက် အားဖြင့်သာ အထက်ပါ အချင်းအရာ တို့ကို အောင်မြင်နိုင်သည်။ ယနေ့ နောက်ဆုံးသော အာဒံသည် ဝိညာဉ်တော် အဖြစ်သို့ ရောက်ရှိကာ ယုံကြည် လက်ခံသော လူတိုင်း အထဲမှ ဘုရား အသက်ဖြင့် လူတိုင်း လောကကို အောင်နိုင်ဖို့ လာရောက် ရှင်ပေးနေသည်။ ကျွန်ုပ်တို့ အထဲ လာရောက် အသက်ရှင်ပေးနေသော နောက်ဆုံးသော အာဒံ ၏ ဝိညာဉ်သည် အလုံးစုံ တို့၏ အလုံးစုံ ဖြစ်သော ဘုရား၏ ဝိညာဉ် အဖြစ် ကျွန်ုပ် ပိုင်ဆိုင်နေရပြီ ဖြစ်သည်။ ခမည်းတော်ဘုရားက နောက်ဆုံးအာဒံ အားဖြင့် ပေးလိုက်သော တပါးတည်းသော သားတော်ကို ကျွန်ုပ်တို့ ရရှိပြီး ထိုသူ အထဲမှ ကြွယ်ဝခြင်း အလုံးစုံကို ယခု ရယူ သုံးစွဲ နေရလို့ ကျွန်ုပ်တို့ ၏ အသက်တာ ၌လည်း ကြွယ်ဝ ပြည့်စုံ နေပေသည်။ ထိုသတင်းကောင်းကို ညီကိုမောင်နှမ အယောက်တိုင်း ရယူ ခံစား တတ်ဖို့ ခမည်းတော် 
ဘုရား အလိုရှိသည် ဖြစ်၌ ဘုရားပေးလိုက်သော လက်ဆောင်ကို 
မနှေး အမြန် ရယူ ခံစားကြပါစို့။ အာမင်။ J.Lee 

|| အတွင်းလူကို ခိုင်ခန့်စေသော ဝိညာဉ်တော် ||

"အတွင်းလူ" ဟူသော စကားသည် အဘယ် သူနည်း။ 
အတွင်းလူ ဟူသော စကားရှိလျှင် ဆန့်ကျင်ဘက် 
"အပြင်လူ" လည်း ရှိသည်။ 
အပြင်လူ ဟူသည် မိဘ နှစ်ပါး အားဖြင့်
 မွေးဖွားလာသော ဇာတိပကတိ သွေးသား ခန္ဓာနှင့် 
စိတ် သက် ဖြင့် အသက်ရှင်နေသူကို အပြင်လူ ဟူ၍ ခေါ်ဆိုသည်။ အတွင်းလူ ဟူမူကား ယေရှု ခရစ်ကို မိမိ၏ ကယ်တင်သော အရှင်၊ သခင် အဖြစ် လက်ခံရယူ ခြင်းကြောင့် ဂတိတော် အားဖြင့် ဘုရားတဖန် မွေးဖွား ပေးလိုက်သော လူ၏ ဝိညာဉ် ဖြစ်ပေသည်။ ခရစ်ယာန် တိုင်းသည် တဖန်မွေးခြင်းကို ခံယူထားသော သူများ ဖြစ်ကြရမည်။ ခရစ်ယာန်တိုင်း သည် မိမိ၌ အပြစ်ရှိကြောင်း ဝန်ခံပြီး၊ ကျွန်ုပ် အပြစ်အတွက် သခင်ယေရှု အသွေးသွန်း အသေခံ ပေးခဲ့ခြင်းကို ယုံကြည်လက်ခံသူ အမှန် ဖြစ်လျှင် ဒုတိယ မွေးခြင်းကို ခံယူပြီးသူဖြစ်သည်။ ထိုအချိန်မှ စပြီး အတွင်းလူ နဲ့ အပြင်လူ နှစ်ဦး သည် မြေကြီးခန္ဓာ အိမ် တလုံးထဲတွင် အတူနေထိုင်လျှက်ရှိသည်။ သာမန် အားဖြင့် အပြင်လူသည် အရင်မွေးဖွားထားပြီး အတွင်းလူသည် နောက်မှ မွေးဖွား လာသည့် အတွက် အပြင်လူက အတွင်းလူကို အမြဲ အနိုင်အထက် ပြုကျင့်လေ့ ရှိသည်။ အပြင်လူ၏ စိတ်သည် ကျရှုံး အာဒံ မျိုး မှ အမွေခံ လာရ၍ နတ်ဆိုး စာတန် ၏ အတ္တ နှင့် မာန ပါရှိထားပြီး ဖြစ်သည်။ သို့ဖြစ်၍ မွေးစ အတွင်းလူသည် ခွန်အားနှင့် ပြည့်စုံ ပြီး သန်စွမ်း ကြီးထွား သန်မာ လာမှ အပြင်လူ၏ ညှင်းပန်း အနိုင်ကျင့်ခြင်းမှ လွတ်မြောက် နိုင်ပေမည်။ အတွင်းလူ ကို သန်စွမ်းကြီးထွား လာစေဖို့ အပြင် အစာ တရားအားဖြင့် ကြီးထွားခြင်း မရနိုင်ပေ။ အတွင်းလူကို အတွင်း အစာ အစာအဟာရ ဖြင့်သာ ကြီးထွား စေနိုင်သည် ဖြစ်၍ ဘုရားက လူ၏ ဝိညာဉ် အတွင်း၌ နေထိုင်လျှက် ဘုရား အသက် နှင့် တကွ ဘုရားသဘာဝ ကို လူအား ကျွေးနေခြင်းကို အတွင်းလူက စားမှသာ အတွင်းလူသည် တစတစ ခိုင်ခန့် မြဲမြန် မည် ဖြစ်သည်။ သို့ဖြစ်၍ အတွင်း တရားဖြစ်သည့် အသက်ရှင်စေသော ဝိညာဉ်တော်၏ တရား လုပ်ဆောင် ပေးနေခြင်းကို သိမြင်နိုင်ဖို့ အပြင်တရားကို ချထားပေးရသည်။ အပြင်တရားသည် ကျရှုံး သော အပြင်လူ အတွက် စောင့်ထိန်းဖို့ ဖြစ်ပြီး အတွင်း လူ အတွက် အတွင်း တရား၏ လုပ်ပေးနေခြင်းကို သိမြင်ဝန်ခံ တတ်လာစေဖို့ ဖြစ်သည်။ သို့ဖြစ်၍ အပြင်တရား ကို ကြိုးစား ကျင့်ကြံ အားထုတ်ခြင်း အောက်မှ လွတ်မြောက်လိုလျှင် အတွင်းတရား ဖြစ်သော အသက်ရှင်စေသော ဝိညာဉ်တော် တရား နှင့် အတူ ဝမ်းမြောက် နေသော အသက်တာ ဖြစ်ဖို့လိုသည်။ ထို တရားသည် ရှင်ပြန်ထမြောက်သော ခရစ်တော်၏ ဝိညာဉ် ဖြစ်ပြီး မိမိ အထဲ စဉ်ဆက်မပျက် အသက်ရှင်စေပေး နေသည့် အတွက် အတွင်း တရား အဖြစ် လူအထဲ ပေါ်ထွန်း နေခြင်းဖြစ်သည်။ ထိုအမှုအရာကို စဉ်းစား ဝမ်းမြောက် ခံယူ နေသောသူသည် ထိုအစာကို စားသုံး နေသည့် အတွက် တစတစ ကြီးထွားလာသည့် အခါ ဝိညာဉ်တော်၏ မစခြင်း အကြောင်းတရားကြောင့် စိတ်သောက ဖိစီးခြင်း၊ စိတ် ဝေဒနာ ခံစားခြင်း၊ စိတ်မသာ ငြီးထွားခြင်း များမှ ကျော်လွန် လွတ်မြောက်လာပေမည်။ (J.Lee)

|| ပုံသဏ္ဍာန်သစ် သို့ ပြောင်းလဲရောက်ရှိခြင်း ||

လူသည် မိမိကိုယ် မိမိ လူသစ် တဦး၏ ပုံသဏ္ဍာန်သစ် စီသို့ ကူးပြောင်း ရောက်ရှိလာဖို့ လုပ်ယူ၍ မရနိုင်ပေ။ လူသစ် တဦး ဟု ဆိုသော အဓိပ္ပါယ်ကို ဦးစွာသိမြင်မှ ဘာကြောင့် ကိုယ်တိုင် ပြောင်းလဲ ယူလို့ မရနိုင်သလဲ ဆိုတာ သဘော ပေါက်နိုင်မည် ဖြစ်သည်။ လူက မိမိကိုယ် မိမိ တရားနဲ့ အညီ လိုက်နာ စောင့်ထိန်းခြင်း အားဖြင့် လူ၏ အကျင့် ဆိုးများ ကို အကျင့် ကောင်းသော လူ ဖြစ်လာဖို့ လုပ်ယူလို့ ရကောင်း ရပေလိမ့်မည်။ ထိုသူသည် ကောင်းသော လူဟောင်း သာ ဖြစ်ပေမည်။ လူသစ် တဦး ဖြစ်မလာပါ။ လူသစ် ဆိုသည်မှာ သဘာဝ လူ၏ ဖြစ်ခြင်း အထဲသို့ ဘုရား၏သဘာဝ ဖြစ်အင်ကို လူအတွင်းထဲသို့ ဘုရားက ထည့်သွင်း ပေးခြင်း အားဖြင့် လူဟောင်း၏ သဘာဝ ဖြစ်ခြင်းများ လွင့်ပျောက်သွားကာ ဘုရား၏ သဘာဝ ဖြစ်အင်က အစားထိုး နေရာယူ သွားခြင်း အားဖြင့် ဖြစ်တည်လာသော အသွင်ပြောင်းလဲ လာသည့် လူကို လူသစ် တဦးဟု ဆိုလိုခြင်း ဖြစ်သည်။ တနည်းအားဖြင့် လူ၏ဇာတိ သဘာဝကို ဘုရား၏ ဝိညာဉ် သဘာဝ ဖြစ်ခြင်းက အစားထိုး နေရာယူ သွားခြင်း အားဖြင့် ထွက်ပေါ်လာသော အကျိုး ရလဒ် ဖြစ်သည်။ ထိုအခါ ကျရှုံးသော လူသား သဘာဝအား ဘုရား၏ သဘာဝ ဖြစ်ခြင်း အလုံးစုံက အုပ်စိုး ထိန်းချုပ်ထားခြင်း ကြောင့် လူ၏ နှလုံးသားသည် ဘုရားနှလုံးသားဖြင့် အစားထိုး ရှင်သန် နေသော လူ ဖြစ်လာရသည်။ ထိုအခါ ထိုသူအထဲမှ ဘုရား၏ အသက်ရှင်ခြင်း က ဘုန်းထင်ရှားခြင်း အဖြစ် ထွက်ပေါ်လာကာ သူ၏ ရုပ်သက် မှ ပြောဆို ဆက်ဆံ လှုပ်ရှား သွားလာခြင်း အမှု အရာတိုင်း၌ တန်ခိုး သြဇာ နှင့် ပြည့်ဝ လာသော လူသစ် တဦး အဖြစ်သို့ အသွင်ကူးပြောင်း ရောက်ရှိလာရသည်။ ယနေ့ ခရစ်တော် ဘုရားသည် ဝိညာဉ်တော် အဖြစ်နှင့် ယုံကြည်လက်ခံထားသူများ အထဲမှ အစဉ် ကျေးဇူးပြု ပေးလျှက်ရှိသည်ကို သတိမူလျှက် ထိုသခင်၏ လူအထဲ တည်ဆောက် ပေးနေခြင်းကို လက်ခံ ရယူတတ်ဖို့ လိုပေသည်။ (J.Lee)

|| ခရစ်တော်၏ ရနံ့ ||

In spirit, "ဝိညာဉ် အထဲ၌" ဆိုသော စကားလုံးကို 
သိသော်ငြားလည်း အဘယ် အရာကို ပြောဆို သည်ကို မူကား သေခြာစွာ သိရှိသူ နည်းပါးသည်။ တဖန် "ဝိညာဉ်၌" ဆိုသည့် ဆိုလိုရင်းကို သိငြားလည်း ဝိညာဉ်၌ အသက်ရှင်သူ သာ၍ နည်းပါးသည် ဖြစ်၍ အသင်းတော် အသက်တာဟု ဆိုနေငြားလည်း အကယ်စင်စစ် အသင်းတော် အသက်တာ ဖြစ်မနေသည်ကို ပင် သတိမမူမိရခြင်းမှာ လူသည် ဇာတိ နှင့် ဝိညာဉ် ဟု ပြောဆို ငြင်းခုံ နေလင့် ကစား မိမိ၏ နေ့စဉ် အသက်ရှင်ခြင်းကို အစဉ် စမ်းစစ်ပြီး အလေးအနက်ထား အသက်ရှင်ခြင်း မရှိခြင်း ကြောင့်ပင် ဖြစ်သည်။ သို့ဖြစ်၍ အသင်းတော် အသက်တာထဲ၌ ရနံ့  ဆိုးနေရခြင်း ဖြစ်သည်။ အသက်ရှင်သော နှုတ်ကပတ်တော် ကို ခံယူလျက် ယုံကြည် ခံယူထားသည့် အတိုင်း အသက်တာ၌ ဖြစ်မလာရခြင်း အဓိက အချက်မှာ လူဟောင်းကို အသက် ပေးရှင် နေသောကြောင့် ဖြစ်သည်။ မိမိ အသိက လူဟောင်းကို ငြင်းပယ်ရမယ်၊ ဒါမှ လူသစ် ရှင်မယ် ဆိုတာ သိပြီး ဘာကြောင့် အဖန် တလဲလဲ အသက်ရှင်သော နှုတ်ကပတ်တော်ကို နားထောင်သော်လည်း လူသစ်ဖြစ်ခြင်း ရဲ့ ရလဒ် အသက်တာမှ ထွက်ပေါ် မလာသလဲ။ မိမိစိတ်နှလုံးသည် နိုကြားနေခြင်း မရှိဘဲ နှုတ်ကပတ်တော် ကို နားထောင် သည့်အခါ ထိုနှုတ်ကပတ်တော် အထဲပါရှိသည့် ဝိညာဉ် အရာများကို နှလုံးသွင်းယူမိခြင်း မရှိ သည်ကို သတိချပ်သင့်သည်။ နှလုံးသွင်း ခံယူ ထားပြီး သူသည်လည်း မိမိ "ဝိညာဉ်၌" အသက်မရှင်လျှင် လူဟောင်း အသက်တာ သာ ဖြစ်နေပေဦးမည်။ ယုံကြည်သူ သည် မိမိ "ဝိညာဉ်၌" အသက်ရှင်နေမှသာ "ခရစ်တော်၌" အသက်ရှင်သူ ဖြစ်ပေမည်။ အဘယ်ကြောင့် ဆိုသော် ခရစ်တော် ၏ ဝိညာဉ်သည် ကျွန်ုပ်တို့၏ "ဝိညာဉ်၌" တည်နေ၊ ရှိနေ သောကြောင့် ကျွန်ုပ်တို့ ဝိညာဉ်သက် နှင့် ရှင်နေမှသာ စစ်မှန်သော အသင်းတော် အသက်တာ ဖြစ်မည်ကို သတိမူမိစေလိုသည်။ မိမိကိုယ် မိမိ "ဝိညာဉ်၌" ရှိ မရှိ ဘယ်လို စမ်းစစ် သိရှိနိုင်မည်နည်း။ ၁။ စိတ်နဲ့ ဝိညာဉ်ကို ပိုင်းခြား နားလည်သူ ဖြစ်ဖို့ ဦးစွာ လိုသည်။ ၂။ မိမိ အသက်တာ မှ ထွက်ရှိနေသော အနံ့ အသက် အားဖြင့် မိမိကိုယ် မိမိ ဇာတိလူ နဲ့ ဝိညာဉ်လူ ကို သိမြင် နိုင်သည်။ ဇာတိလူ၏ အနံ့ အသက် ဥပမာ တခုမှာ- ဇာတိလူသည် သွန်သင်ခြင်းကို မခံမယူလို၊ မိမိသည် တပါးသူထက် သာ၍ သိမြင်သည်ဟု ခံယူလျက် တပါးသူကို ဆုံးမ လိုသည်၊ ကိုယ်တိုင် မခံယူလိုပေ။ ဇာတိလူသည် တပါးသူ၏ ဂရုစိုက်ခြင်းကို ခံယူလိုခြင်း၊ တပါးသူ၏ အထင်ကြီး လေးစားမှုကို ခံယူလိုခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ ဝါကြွားခြင်း၊ အစရှိသည် တို့သည် ဇာတိလူ၏ အနံ့  အသက် ဖြစ်သည်။ ထိုသို့ သော အနံ့  အသက်ဆိုး မှ ကင်းစင် လိုလျှင် "ဝိညာဉ်၌" အသက်ရှင် ခြင်းမှ တပါး အခြား လမ်း မရှိပေ။ လောက၌ ခရစ်တော်၏ ရနံ့  မှ တပါး အခြားသော အရာများဖြင့် မိမိဂုဏ်သတင်း မွှေးကြိုင်စေဖို့ မဖြစ်နိုင်ရာ။ ထို့ကြောင့် ခရစ်တော်၏ သင်းပြန့်သော ရနံ့  မိမိအထဲမှ ထွက်ရှိလိုလျှင် မိမိ၏ "ဝိညာဉ်၌" အသက်ရှင်နေသောသူ ဖြစ်မှသာ ခရစ်တော်၏ ရနံ့  ကို ရရှိ ပိုင်ဆိုင်သူ ဖြစ်ပေမည်။

|| သားဦး ဖြစ်သော ခရစ်တော် ||

ထာဝရ အတိတ် ကာလမှ ယနေ့တိုင် မက နောင်ထာဝရ ကာလ အထိ ရှိသည့် ပုဂ္ဂိုလ် သုံးပါး ဖြစ်သည့် ခမည်းတော်၊ နှုတ်ကပတ်တော်၊ ဝိညာဉ်တော် သည် တစ်ဘုရားတည်း ဖြစ်သည်။ တချိန်၌ လူတို့ အဖို့ အလို့ ငှာ နှုတ်ကပတ်တော်သည် လူဇာတိ ခံယူချိန်မှ စ၍ ခရစ်တော် ဟူသော ဘွဲ့နာမတော်ဖြင့် ဘုရား၏ သားတော် စဖြစ်လာခဲ့ရသည်။ လူဇာတိ ခံယူချိန် လူမိန်းမ မာရိ၏ ဝမ်းမှ လူအဖြစ် မွေးလာ ခဲ့ ရသည့် အတွက် လူသား ဟု ဘုရားကိုယ်တိုင် ထွက်ဆိုခဲ့သည့် အတွက် ယေရှုခရစ်တော်သည် ကာတိုင်မတက်မှီ ကာလအထိ လူသဘာဝ နှင့် ဘုရားသဘာဝ နှစ်မျိုး ပိုင်ထားသော်လည်း ယေရှု လူသားအပိုင်း သည် ခရစ်တော် ဘုရားအပိုင်း နှင့် တသဘောတည်း ရှိပြီး တလုံးတဝတည်း ရှင်သန် ခဲ့သော်လည်း တပေါင်းတစည်းတည်း တစ်ဝိညာဉ် အဖြစ် မရောက်ရှိသွားသေးပါ။ ကားတိုင်တက်ပြီး နောက် ရှင်ပြန် ထမြောက်သည့် အချိန်၌လူသားယေရှု ဝိညာဉ်နှင့် ခရစ်တော်၏ ဝိညာဉ် တလုံးတဝတည်းသာမက တပေါင်းတစည်းတည်း တစ် ဝိညာဉ် တည်း အဖြစ် ပေါင်းစည်း သွားသည့် အတွက် ယေရှုကို ခရစ်တော်မဟုတ်ဟု ဆိုသောသူသည် အန္တိ ခရစ် ဖြစ်သည် ဟု ကျမ်းစာ၌ ဆိုထားခြင်း ဖြစ်သည်။ သေခြင်းမှ ရှင်ပြန် ထမြောက်သည့် အခါ ယေရှုသည် ဘုန်ပွင့်ခြင်း ရှိသော သားဉီး အဖြစ် ရောက်ရှိသွားသည်။ ထိုအခါ ရှင်ပြန် ထမြောက်သော ခရစ်တ်ာထဲ ထဲ့ထားသည့် ကျွန်ုပ်တို့ သည်လည်း ခရစ်တော်နှင့် တပြိုင်နက်တည်း ထမြောက် ရသည့် အတွက် ယုံကြည်သူ ကျွန်ုပ်တို့သည်လည်း သားဦးများ ဖြစ်ကြသည်။ သားဦးတိုင်းကို ဘုရားပြန်တောင်းပြီး အသေခံ ပြီးမှ ရှင်ပြန်ထမြောက်စေသည့် အခါ တန်ခိုးနှင့် ပြည့်စုံ စေခဲ့သည့် အမှုအရာ များစွာ ကျမ်းစာ၌ ရေးသားထားသည်။ ထို့ကြောင့် ကယ်တင်ခြင်း ရပြီးသောသူ သားဦးများ မိမိ အသက်တာ တခုလုံး ဘုရားလက်တော်ထဲ အသက်ရှင်သော ယဇ်ကောင် အဖြစ် ပေးအပ်သည် မှန်လျှင် ထိုသူကို ဘုရား သေစေပြီးမှ တဖန် ပြန်ရှင်စေမည်။ ထိုအခါ ဇာတိလူသည် ဘုရား၏ မီးဖြင့် လောင်ကျွမ်း ပြာကျ ပြီး နောက် အသက်သစ် ဖြင့် ပြန်ရှင်လာသောအခါ ဒုတိယမွေးခြင်းကို ခံရပြီး ဘုန်းဝင်စားရာ ကောင်းကင် နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိ တရားဖြစ်သော ခရစ်တော်၏ အသက်ရှင်ခြင်း ထမြောက်ရာ တရား ဖြစ်သည့် "The Law Of Life" ကို ဖြန့်ဝေသူ ဖြစ်စေမည် ဖြစ်သည်။ ထိုသူတို့သည် ပညတ် တရားတော်ကို ဝေငှခြင်း မပြုတော့ဘဲ အသက်ရှင်စေသော ဝိညာဉ်တော်၏ တရား ဖြစ်သည့် "The Law Of Life Giving Spirit" က လူအထဲ အလုပ်လုပ်ပေးပြီး ကျေးဇူးပြု နေခြင်းကို မြင်တွေ့ လက်ခံ နိုင်စေဖို့သာ ဖွင့်ပြ ပြောကြားနေကြသည်။ ထိုသို့ဆိုသော် ကျွန်ုပ်တို့ထဲရှိ ကျေးဇူတော်က လူတိုင်းအား တဖန် ကျေးဇူးပြုပေးနေခြင်းဖြစ်သည်။ ကျေးဇူးတော်ကို လူတိုင်း ခံစား နိုင်ပါစေသော။(J.Lee)

Monday, 16 July 2018

|| အတွင်းတရား နှင့် အပြင်တရား ||

"အတွင်းတရား " 
အတွင်းတရားဟု ဆိုသော် လူအတွင်း၌ ဖြစ်တည်နေသော 
တရားကို ဆိုလိုသည်။ 
အပြင်တရား မှာ 
ဘုရားချမှတ်ထားသော ဘုရား၏ စံထားချက် ဖြစ်သည်။ လူတို့သည် အပြင်တရားကို ဆင်ချင်လျက် စိတ်ထား ကောင်းမွန်လာဖို့ ကျိုးစားကြသည်။ လူ၏ စိတ်နှလုံးသဏ္ဍာန်သည် ဖေါက်ပြန် သော သဘောရှိသောကြောင့် အပြင်တရားကို ကိုးစားပြီး အတွင်းသဘော ပြောင်းလဲ ဖို့ ကျိုးစားနေခြင်းသည် ဘာသာရေး ယုံကြည်ချက် ဖြင့် အသက်ရှင်ခြင်း ဖြစ်သည်။ ခရစ်တော်ကို ရရှိပြီး ခရစ်ယာန် တဦးသည် ဘာသာရေး ခံယူချက် အမြင်ဖြင့် အသက်ရှင်ရမည် မဟုတ်ပေ။ လူသစ်တဦး အဖြစ် အသက်ရှင်ရမည်ဖြစ်သည်။ ခရစ်တော်၌ ရှိလျင် အသစ်သော သတ္တဝါဖြစ်သည်။ နှစ်လုံးသား အသစ်ကို ငါပေးမည်။ စသဖြင့် ကျမ်းစာ၌ ဆိုထားခြင်းသည် ခရစ်တော်၌ မရှိလျင် လူဟောင်း သာဖြစ်မည်ဖြစ်ပြီး လူဟောင်းထဲ၌ ကျောက် နှလုံးသား ရှိနေသောကြောင့် ဘုရားသွန်သင် ဆုံးမခြင်း ကို မခံ မယူနိုင်ဘဲ မိမိအလိုရှိသည့် အတိုင်း အသက်ရှင်သော သတ္တဝါ ဟောင်းသာ ဖြစ်ပေမည်။ အတွင်းတရားသည် ခရစ်တော်၏ တရား၊ အသက်ရှင်စေသောဝိညာဉ်တော်၏ တရား၊ တနည်းဆိုသော် ကျေးဇူးတော်တရား ဖြစ်သည်။ ထို့ကြောင့် ငါသည် ကိုယ်တိုင်ကျိုးစား နေသည် မဟုတ် ငါ့အထဲမှ ကျေးဇူးတော်က ကျိုးစားပေးနေခြင်းဖြစ်သည် ဟု ဆိုထားခြင်း။ ကျေးဇူးတော် တရားသည် အသက်ရှင်သော ပုဂ္ဂိုလ်တော် ဖြစ်သည်။ အပြင်တရားသည် ကျင့်ခိုင်းသော တရားဖြစ်ပြီး အတွင်းတရားသည် ကျင့်ပေးနေသော တရားဖြစ်သည်။ ကိုယ်တိုင်ကျင့်ကြံနေခြင်းမဟုတ်ဘဲ ကျေးဇူးပြုသူက ကျင့်ကြံပေးနေခြင်းကြောင့် ကျေးဇူးတော်ဟု ခေါ်ဆိုခြင်းဖြစ်သည်။ ထိုအတွင်းတရားက လူကို သတ္တဝါသစ်၊ အမြင်သစ်၊ ခံယူချက်အသစ်ဖြင့် အသက်ရှင်စေသောကြောင့် လူ၌ အသက်သစ်ကို မွေးဖွားစေလာတာဖြစ်တယ်။ အသက်ရှင်ခြင်းကို ထွက်ပေါ်စေနေတာဖြစ်လို့ အသက်ရှင်စေသော ဝိညာဉ်တော်၏ တရားဟု ဆိုခြင်း ဖြစ်သည်။ အတွင်းတရားကို လူထဲ ရောက်ရှိလာစေဖို့ ဘုရားကိုယ်တိုင် အသွင်ပြောင်းရသည်။ ဘုရားသည် ဘုန်းစည်းစိမ်ကို စွန့်ပြီလူအဖြစ် ခံယူရခြင်း (incarnation) ၊လူလို အသက်ရှင်ရခြင်း (human living)၊ လူတို့ကိုယ်စား အသွေးသွန်း အသေခံခြင်း (crucifixion) ၊ ရှင်ပြန်ထမြောက်ခြင်း(resurrection) ၊ ကောင်းကင်သို့ တက်ကြွခြင်း (ascension) စသည့် ဖြစ်စဉ်များ ဖြတ်သန်းပြီး နောက်မှ လူတို့အား ဘုရားအသက်ကို ပေးလို့ ရသော ဘုရား၏ ဝိညာဉ် ဖြစ်လာရသည်။ ထို့နောက် လူအထဲ ဘုရား၏ဝိညာဉ် ရောက်ရှိလာသည့်အခါ ဘုရား၏ အလိုတော်ကို လူက သိရှိနိုင်ပြီး လူက ဘုရား၏ ဝိညာဉ်ကို အတွင်း နှလုံးသားမှ ခွင့်ပြုသည့်အခါ ဘုရား၏ အသက်သည် လူ၏အတွင်းတရားအဖြစ် ရရှိ ဖြစ်တည်သွားရသည်။ ထိုအတွင်းတရားကို အသက်တာထဲမှ အကျင့်တခု အဖြစ် ထွက်ပေါ်လာသည့်အထိ ခွင့်ပြုသော အကျင့်ကို အစဉ်လေ့ကျင့်ပေးဖို့လိုအပ်သည်။ ထိုသို့ မိမိ၏ အကျင့်ထဲအထိ စွဲမြဲလာမှသာ အသက်ရှင်သော ဘုရားကို ယုံကြည်သော ခရစ်ယာန်တို့၌ အသက်ရှင်ခြင်း အကြောင်း ပေါ်ထွန်းပေမည်။ ထိုသို့ မဟုတ်ပါက ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် အသေဖြစ်နေပေမည်။ အတွင်းတရားကို အပြင်သို့ ပေါ်ထွန်းလာသည့် အသက်တာ ဖြစ်ဖို့ ဘုရားအလိုတော်ရှိသည်။ ချစ်သော ညီအကိုတို့ ဇာတိသေမှ ဝိညာဉ်ရှင်မည် မှန်သော်လည်း မိမိကိုယ်တိုင်ဇာတိ မသေနိုင်ကြောင်း အရင်သိပါ။ တကယ်တော့ လူ့ဇာတိပကတိ သေဖို့ သူ့ဝိညာဉ် လာရှင်ပေးနေတာ ဖြစ်တယ်။ ထို့ကြောင့် အတွင်းတရား၏ အသက်ရှင်ပေးနေခြင်းအပေါ် အာရုံစိုက် အသက်ရှင်သည့်အခါ မိမိဇာတိ အသက်ရှင်ခြင်း ထွက်ပေါ်လာခြင်းမရှိသည်ကို တွေ့ရမည်။ အကျွန်ုပ်၏ ဇာတိ သေစေဖို့ ဘုရား၏ ဝိညာဉ် လာရှင်ပေးကြောင်းမြင်သည့် အခါ ကျေးဇူးတော်ကို ချီးမွမ်းမိသည်။ တနည်းအားဖြင့် အတွင်းတရားအပေါ် အာရုံစိုက်ခြင်းသည် ခရစ်တော် ၌ တည်နေခြင်းဖြစ်သည်။ ထိုအခါ ကျွန်ုပ်တို့၏ စိတ်သည် ဝိညာဉ်ဘက်သို့ လှည့်၍ အာရုံစိုက်ခြင်းကြောင့် ကျွန်ုပ်တို့ထဲ၌ အသက်ရှင်ခြင်းတရား ပေါ်ထွက်လာကာ ဇာတိထဲမှ သေစေသော တန်ခိုးဖြစ်သည့် စိတ်ညစ်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ မျှော်လင့်ရာ မဲ့နေခြင်း၊ တုန်လှုပ်ခြောက်ခြားခြင်း၊ စသည်တို့ ပပျောက် သွားရသည်။

|| "ပြန်လည်ပြုပြင်သော ကမ္ဘာ နှင့် အသက်ထာဝရ ||

"ပြန်လည်ပြုပြင်သော ကမ္ဘာ နှင့် အသက်ထာဝရ" ထာဝရ အတိတ် ကာလ ကတည်းက ရှိခဲ့သော ဘုရားသည် အရာခပ်သိမ်း ကို ဖန်ဆင်းသည့် ဘုရားဖြစ်သည်။ ကောင်းကင်များနှင့် မြေကြီး ကို မဖန်ဆင်းခင် ကတည်းက ရှိနှင့်သော ဘုရားသည် နာမ်ဝိညာဉ် ဖြစ်သည်။ လူ ဖန်ဆင်းခြင်း မတိုင်မှီ မူလ ဖန်ဆင်းခြင်း ကို ကမ္ဘာဦးကျမ်း ၁:၁ ၌ တကြောင်းတည်းသာ ဖေါ်ပြထားသည်။ ကမ္ဘာဦးကျမ်း ၁:၂ မှ စတင်ပြီး ပြုပြင်သော ကမ္ဘာ အကြောင်း စတင်ဖေါ်ပြသည်။ မူလ ကမ္ဘာသည် နတ်ဆိုး၏ ဖျက်စီး မှုကြောင့် ပျက်စီးသွားပြီး စီရင်ခြင်း အားဖြင့် ရေလွှမ်းမိုး ပြီး မှောင်မိုက် အတိ ဖြစ်နေခဲ့ရသည်။ ထို မှောင်မိုက် အတိ ဖြစ်တဲ့ ရေလွှမ်းမိုးသော အရပ်၌ 🔺 "ဘုရား၏ ဝိညာဉ်" God, The Spirit လှုပ်ရှား မှ အသက်ရှင်ခြင်းကို အစပြု ခဲ့တာ ဖြစ်တယ်။ ဒီနောက်မှ 🔺"နှုတ်ကပတ်တော်စကား" Word အားဖြင့် 🔺"အလင်း" Light ကို စတင် ဖြစ်စေ ခဲ့ပြီး အလင်းနဲ့ အမှောင် ကို ခွဲခြားထားခဲ့တယ်။ ပြီးမှ "ရေ" ကို နှစ်ပိုင်း ခွဲလိုက်တယ်။ အထက် "ရေ" ကိုတော့ မိုးကောက်းကင် (ကမ္ဘာမြေ အထက် လေထု)ဟု ခေါ်ပြီး အောက်မှ "ရေ" ကတော့ ပင်လယ်ရေ အဖြစ် ရှိခဲ့တယ်။ သေခြင်းရေ ဖုံးလွှမ်း နေခဲ့တဲ့ ဖန်ဆင်းခြင်း အဟောင်း ကမ္ဘာရေ မျက်မှာ ပြင် အထက်သို့ ကုန်းမြေ ပေါ်ထွန်းစေလိုက် တယ်။ အထက်ပါ ဖန်ဆင်းခြင်း ကို ကြည့်ရင်။ ဘုရား၏ ဝိညာဉ် အားဖြင့် သေခြင်း မှောင်မိုက် ထဲမှ "အသက်" ကို အစပြုခဲ့တယ်။ အစပြုရာတွင် " နှုတ်တော်ထွက် စကား" ၊ နှုတ်ကပတ်တော် အားဖြင့် "အလင်း" ကို စတင်ခဲ့တယ်။ ထို့ကြောင့် 🚩"အသက်ရှင်ခြင်း ကို ဖြစ်စေတဲ့ ဝိညာဉ်တော်" 
🚩"နှုတ်ကပတ်တော်" 
🚩"အလင်း" တို့ဖြင့် အစပြုခဲ့သည်ကို သိမြင်နိုင်သည်။ 
🚩အလင်းနဲ့အမှောင် ကို ခွဲခြားထားပြီး 
🚩ရေ ၂ မျိုး ကိုလဲ ခွဲ ခြားထား တယ်။ "အထက်မှ ရေ" ဖြစ်သော ဝိညာဉ်တော် ရေ၊ နှုတ်ကပတ်တော် ရေ တို့သည် အသက်ရှင်ခြင်း ကို ဖြစ်စေသည်။ အောက်မှ ရေသည် စီရင်ခြင်း ၌ သုံးပြီး သေခြင်း ကို ဖြစ်စေသည်။ သေခြင်း ပင်လယ်နီထဲ ဘုရား၏ ရန်သူများအား နစ်မြုပ်သေဆုံးစေခြင်း။ နောင်တ နှင့် ဆိုင်သော ရေ နှစ်ခြင်း။ ပြန်လည် ပြုပြင်သော ကမ္ဘာကိုလည်း နတ်ဆိုးက တဖန် ပျက်စီးစေဖို့ သေခြင်းကို ထပ်မံ ပြုလုပ်သောကြောင့် အလင်း ကမ္ဘာက ယခု အဝိဇ္ဇာ အမှောက် လောက ပြန်ဖြစ်သွားလို့ ဘုရားက တဖန် လွန်ခဲ့တဲ့ အနှစ် ၄၀၀၀ က ကမ္ဘာကို ရေလွှမ်း မိုးခြင်း အားဖြင့် နောဧ လက်ထက်၌ တကြိမ် ထပ်မံ စီရင် ခဲ့ပြီး ကယ်တင်ခြင်းကို ဘုရားပြောသော နောဧ သင်္ဘောထဲ ဝင်နေသော သူများသာ အသက်ရှင် ခဲ့ရပြီး ကယ်တင်ခြင်း သင်္ဘေထဲ မဝင်သောသူ အားလုံး ပျက်စီး ခဲ့ရတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀၀၀ က လက်ဝါးကားတိုင် အားဖြင့် စီရင်ခြင်း နောက်တကြိမ် ပြုလုပ်ပြန်သည်။ ယုံကြည်သူများ ယေရှု ခရစ်အားဖြင့် ကယ်တင်ခံခဲ့ရပြီ ဖြစ်တယ်။ နောဧ သင်္ဘောက တောင်ပေါ်မှာ ဘုရားက နောဧ ကို တည်ဆောက်စေပြီး လူတို့သည် ဘုရားစကားကို မယုံဘဲ ပျက်ရယ်ပြု ခဲ့လို့ သေဆုံးခံကြရသည်။ လက်ဝါးကားတိုင် ကိုလည်း ဘုရားက ကရာနီ တောက်ထိပ်မှာ စိုက်ထူပြီး လူတို့ ဘုရားစကား ကို မယုံလျှင် ထပ်မံ ပျက်စီး လိမ့်မည်။ ယနေ့ သည် ဘုရားက လူတို့ နောင်တရဖို့ အချိန် ပေးထားပြီး ကျေးဇူးပြု နေတာ ဖြစ်တယ်။ များမကြာမီ တဖန် ဘုရား၏ စီရင်ခြင်းကို ခံရအုံးမှာ ဖြစ်တယ်။ ဒါကြောင့် လူတိုင်း အသွေးသုပ် ထားသော ခရစ်တော်ထဲ ဝင်နေဖို့ လိုပြီ။ ခရစ်တော် ဆိုသည့် အိမ်အထဲ ရှိနေသူ သည် အသွေးသုတ် ထားသော တံခါး ဖြစ်သောကြောင့် စီရင်ခြင်း ဘေးမှ လွတ်မြောက် မည်ဟု ကျမ်းစာ အားဖြင့် ဘုရားက သတိပေး စကားပြောကြား နေသည်။ ခရစ်တော် အထဲ မနေသော သူများသည် ဘေးဒါဏ်ကြီး ကာလ ဟု ဆိုသော စီရင်ခြင်း၌ ခံရမည်ဖြစ်ပြီး ခရစ်တော် အထဲ၌ ရှိနေသူများ ဘုရား၏ ချီဆောင်ခြင်း အားဖြင့် ထိုစီရင်ခြင်း ဘေးဒါဏ်မှ လွတ်မည် ဖြစ်သည်။ ဒါကြောင့် ယုံကြည်သူတိုင်း ချီဆောင် မခံရဘဲ ခရစ်တော် အထဲ၊ ခရစ်တော်၌ ရှိနေသော သူများသာ အထက်သို့ ဆောင်ယူခြင်း ခံရကြမှာ ဖြစ်တယ်။

|| ခရစ်တော် နောက်သို့ လိုက်သောသူ မှန်လျှင် ||

ခရစ်တော် နောက်သို့ လိုက်သောသူ မှန်လျှင် ကိုယ့် အသက်တာကို ဘုရားလက်ထဲ လုံးဝ အပ်နှံထားသူ ဖြစ်ရပေမည်။ မိမိ၏ လက်ဝါးကားတိုင် ကိုယ်တိုင်ထမ်း၍ နောက်တော်သို့ လိုက်ရမည် ဟု ကျမ်းစာ၌ ဖေါ်ပြထားသည်။ ကျွန်ုပ်တို့ ယေရှု ကဲ့သို့ မိမိ၏ ဇာတိ စိတ်သက် ကို အစဉ် သေစေထားပြီး အသက်ရှင်ဖို့ရန် အလွန် ခက်ခဲလှပေသည်။ ထို့ကြောင့် ခရစ်တော်၏ ကြီးရင့်ခြင်း ပမာဏ အထိ ရရှိဖို့ရန် ယုံကြည်ခြင်း တခုတည်း ဖြင့် မရရှိ နိုင် ပေ။ ကျွန်ုပ်တို့ အယောက်တိုင်း အထဲရှိ မသန့်စင်ခြင်းများ နှင့် ဇာတိ၏ ဆိုးညစ်ခြင်းများ ၏ ပမာဏ အတိုင်းအတာ ကိုလည်း ဘုရားသခင် သိမြင်ပြီးဖြစ်တယ်။ ဒါကြောင့် ဘုရားသခင် က သူ့ရဲ့ သားသမီများ ယေရှုခရစ် ၏ အသက်တာ ကဲ့သို့ ဘုရား၏ သဘာဝ တိုးပွားလာစေဖို့ ပတ်ဝန်းကျင်ကို အသုံးပြုကာ ကျွန်ုပ်တို့၏ လူဟောင်း ဇာတိကို သေစေဖို့ ပြုလုပ်နေခြင်း ဖြစ်သည်။ ဘုရားက ကျွန်ုပ်တို့နှင့် ပတ်ဝန်းကျင် ကို အဆက်ဖြတ် ထားမည် မဟုတ်ပေ။ ဘဝထဲ သုခရော၊ ဒုက္ခ ကိုပါ တွေ့ကြုံ ဖြတ်သန်းစေခြင်းသည် ဘုရားက ကျွန်ုပ်တို့ကို အပြစ်ပေးခြင်း၊ ဒါဏ်ခတ် ခြင်း၊ မသိကျိုးကျွံ ပြုနေခြင်း မဟုတ်ဘဲ ကျွန်ုပ်တို့ အထဲမှ သူ ကိုယ်တိုင် အသက်ရှင်ပေးခြင်း အားဖြင့် ဤအရာများကို အောင်မြင် ကျော်လွှားသွား စေဖို့ ဖြစ်တယ် ဆိုတာ ဦးစွာ သဘောပေါက် လက်ခံထားဖို့ လိုသည်။ ကျွန်ုပ်တို့ အထဲ၌ နေထိုင်နေသော သန့်ရှင်းသောဝိညာဉ်တော် ဟု ခေါ်သော၊ "အသက်ရှင်စေသော ဝိညာဉ်တော်" ၏ မစခြင်း ကြောင့် ဘုရားသဘာဝဖြင့် "အသက်ရှင်ခြင်း" သို့ မကူးပြောင်းမှီ "သေခြင်း" ကို မိမိအထဲ အရင် ဖြစ်စေပေးနေသည်။ ထို့နောက်မှ ရှင်ပြန် ထမြောက်ခြင်း "အသက်"ဲဖြင့် ပတ်ဝန်းကျင် အခြေ အနေ များထဲမှ ထွက်ပေါ်လာစေမည်။ ထို့ကြောင့် ဝိညာဉ်တော်က ကျွန်ုပ်တို့ အထဲမှ ဇာတိသေခြင်းကို ဖြစ်စေဖို့ တိုက်တွန်း နှိုးဆော် နေခြင်း သာမက အပြင် ပတ်ဝန်းကျင် ကိုပါ တညီတညွတ်တည်း စုစည်းဖြစ်စေထားပြီး "သေစေဖို့ " လုပ်ဆောင်ထားရှိခြင်း ဖြစ်သည်ကိုပါ နားလည် မြင်တွေ့ဖို့ လိုသည်။ စာသား အရ အပြောလွယ်သလောက် လက်တွေ့ မှာ သေခြင်း နှင့် ကြုံတွေ့ ပေးနေခြင်းများ ကို အထက်ပါ ဘုရား၏ ရည်ရွယ်ချက်နှင့်တကွ မိမိ၏ ဆန္ဒ ကပါ ဘုရား၏ သဘာဝ ဂုဏ်ရည် တိုပွား လိုသော ဆန္ဒ မပြင်းပြလျှင် ရယူဖို့ ခက်ပေမည်။ သို့သော် ကျွန်ုပ်တို့၏ အသက်တာ၌ ဖြစ်လိုသော စိတ် ဆန္ဒ အတိုင်းအတာ တခုသို့ ရောက်ရှိလာသည့် အခါ ဝိညာဉ်တော်၏ မစခြင်း အကြောင်းသည် အသက်တာထဲမှ ပေါ်ထွန်း လာပေမည်။ ထာဝရ ကောင်းစားစေဖို့ တခဏ ပေးဆပ်ခြင်း က ကျွန်ုပ်တို့ သာ၍ အကျိုးများစေသော အမှုအရာ ဖြစ်သောကြောင့် ထိုသို့သော လဲလှယ်ခြင်း ကို တန်ဖိုးထား ခံယူဖို့ ဆုံးဖြတ်ဖို့ လိုကြောင်း၊ ဘုရား၏ စစ်မှန်သော မေတ္တာကို နားလည် တန်ဘိုး ထားတတ် ဖို့ အထူးလိုအပ်ကြောင်း သိအပ် ပေသည်။

|| ဘုရားက လူကို ချစ်သောကြောင့် ဘာတွေလုပ်ပေးခဲ့လဲ? ||

၁။ ဖန်ဆင်းသော ဘုရားကို လူက ဆန့်ကျင်၊ ပုန်ကန်၊ အမုန်းပွား လည်း အမြဲချစ်နေသော ဘုရားဖြစ်သောကြောင့် လူတိုင်းရဲ့ အပြစ် များကို သူ့ရဲ့ သားတော် ယေရှု၏ အသွေးဖြင့် ပေးဆပ် ကယ်တင်ပေးခဲ့တယ်။ ဒါက လူသား အားလုံး အတွက် ဘုရား လုပ်ပေးခဲ့တာ ချစ်လို့ ဖြစ်တယ်။

 ၂။ လူတွေကို ဖန်ဆင်းတဲ့ အရှင် ရှိတယ် ဆိုတာ လောကနဲ့ လေကဓါတ် တခုလုံးကို သေခြာကြည့်ရင် မြင်တတ်စေဖို့ မျက်မြင် ရသော သက်သေဖြစ်တဲ့ သဘာဝ တရားနဲ့ ရုပ်လောက တခုလုံးကိုလည်း ထားပေးထားတယ်။ ဒါတင်မက သူကိုယ်တိုင် လောကထဲ ကယ်တင်ရှင် လူသား အဖြစ် ဆင်းကြွလာကာ အသေခံ ပေးသည် သာမက သေခြင်းကို အောင်သော ဘုရား အဖြစ် သက်သေပြခဲ့သည်။ ထိုထက်မက ကောင်းကင်သို့ ရှင်ပြန်ထမြောက်လာတဲ့ ရုပ်ခန္ဓာ နဲ့ တက်ကြွ သွားခြင်း ကိုလည်း ထိုအချိန်က လူပေါင်း ငါးရာထက် မက မျက်မြင် သက်သေ ထားရစ်ခဲ့ ခြင်းများသည် မမြင်လို့ မယုံတတ်သောသူများ ယုံကြည်ခြင်း မလွဲမှားစေဖို့ သက်သေထားခဲ့ ခြင်းများသည်လည်း ဘုရားက လူကို ချစ်လို့ ဖြစ်တယ်။ "ဖန်ဆင်းတဲ့ ဘုရား" က သူ့ရဲ့ သဏ္ဍာန်တော်နဲ့ တညီတညာတည်း ဖန်ဆင်းထားတဲ့ လူကို ချစ်လွန်းအားကြီးလို့ သူ ချစ်သည့် တပါးတည်း သော သားတော်ကို လောကထဲ စေလွှတ်လျှက် အသေခံ အသွေး သွန်းစေကာ လူတို့အား အပြစ် စီရင်ခြင်း ငရဲမှ ရွေးနှုတ်ပေးသည့် အထိ လောကီသား အားလုံးကို ချစ်တော်မူသည်။ ဘုရားက လူကို ချစ်သောကြောင့် ဘာတွေ လုပ်ပေးနေသေးလဲ? ဘုရားက လူကို ချစ်သောကြောင့် အပြစ် ငရဲ မှ ကယ်တင်ပေးခဲ့ သည်သာမက လောကကိုလည်း အောင်မြင်စေဖို့ ဆက်လက် ကယ်တင်ပေးနေတာလည်း ချစ်လွန်းတဲ့ သူ့မေတ္တာ ကြောင့် ဖြစ်တယ်။ "ဘုရားသခင်သည် ချစ်ခြင်း မေတ္တာ ဖြစ်တော်မူ၏။" လူတွေ ဒုက္ခ ဆင်းရဲ ဝဋ်ထဲက ဘယ်လို ကယ်ပေးနေလဲ? 
၁။ ဘုရားကိုယ်တိုင် သူ့ရဲ့ ဘုန်းတန်ခိုးနဲ့ စည်းစိမ် ကို စွန့်ကာ လူအဖြစ် ဆင်းကြွလာခြင်း၊
၂။ လူ၏ရုပ်ခန္ဓာအထဲမှ ဘုရားပကတိ ဖြင့်အသက်ရှင်နေထိုင်ပြ ခဲ့ခြင်း၊ 
၃။ လူတို့အဖို့ အသေခံ ပေးခဲ့ခြင်း၊ 
၎။ သေလွန်ပြီးနောက် ရှင်ပြန်ထမြောက်လာခြင်း၊
၅။ လူနဲ့ဘုရား ပေါင်းစည်းသွားပြီး ကောင်းကင်သို့ တက်ကြွ ခြင်း၊ 
၆။ အမြင့်ဆုံးသော ပလ္လင်မှာ ချီးမြှောက်ခံရခြင်း၊ 
၇။ အသက်ရှင်စေသော ဝိညာဉ်တော် အဖြစ် နှင့် ဆင်းကြွလာခြင်း၊ လက်ခံသူ လူ၏ ဝိညာဉ် အထဲသို့ တဖန် နေထိုင်ပြီး လောကကို အောင်မြင်စေဖို့ နှင့်တကွ လူတို့ ဘုရားအသက်နှင့် ရှင်တတ်စေဖို့ ကူညီ မစပေးနိုင်ရန် ဘုရားကိုယ်တိုင် ဘဝကူးပြောင်းခြင်း ဖြစ်စဉ်များကို ပြုလုပ်ခဲ့ရသည်။ ထိုအခါမှ ယနေ့ ကျွန်ုပ်တို့အထဲ ဘုရားက လာရောက် နေထိုင်နိုင်ပြီး လက်ရှိ ကူညီမစ ပေးနေသည်။ ဘုရား၏ ဝိညာဉ်က ပြောဆိုသည့်အတိုင်း လူက ဘုရားကို အသက်တာထဲမှ ခွင့်ပြုလျှင် လောကရဲ့ ဒါဏ်ကို ကျော်လွှားသွားနိုင်မည် ဖြစ်သည်။ ဒီထက်မက ထာဝရကာလ ၌ ခရစ်တော်၏ ဘုန်းစည်းစိမ် အလုံးစုံကိုပါ အမွေ အဖြစ်ပေးဖို့ ရည်ရွယ်ထားခြင်းသည် လည်း လူကို အလွန့်အလွန် ချစ်သောကြောင့် ဖြစ်တယ်။ ထိုသို့သော တုနှိုင်းမရှိ မေတ္တာ ဖြင့် အတိုင်းအရှည် အကန့်အသက်မရှိ လူကို ချစ်သော ဘုရားသည် လောက၌ ယေရှုခရစ် တပါးတည်းသာရှိသည်။